Myanmar Trade Fair Management နဲ့ All World Exhibition ကုမ္ပဏီတို့ပူးပေါင်းပြီး ပထမအကြိမ် စက်မှုကုန်ထုတ်ပစ္စည်းနဲ့ နည်းပညာဆိုင်ရာပစ္စည်းများပြပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်က ရန်ကုန်မြို့၊ Myanmar Event Park (MEP) မှာ ကျင်းပခဲ့ပါတယ်။ ပြပွဲမှာ Propak Myanmar အတွက် တရုတ်၊ အီတလီ၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းအစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက ပါဝင်ပြသသူ ၂၁၁ ဦး ဝင်ရောက်ပြသခဲ့ပြီး Manufacturing Myanmar အတွက် နိုင်ငံနဲ့ ဒေသပေါင်း ၁၄ ခုက ကုမ္ပဏီပေါင်း ၄၈ ခု ပါဝင်ပြသခဲ့ပါတယ်။ ပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်ကနေ ၂၄ ရက် အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။ ပြပွဲမှာ လာရောက်ပြသခဲ့တဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေထဲက တချို့ကိုမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
Frasher Hawkes
General Manager
Myanmar Trade Fair Management
ကျွန်တော်တို့က Propak Myanmar နဲ့ Manufacturing Myanmar ပြပွဲကို မြန်မာနိုင်ငံမှာ သီးခြားစီ သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အခုလို ပြပွဲနှစ်ခုကို တစ်ပြိုင်နက်တည်း ကျင်းပတာတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ပွဲရဲ့ အဓိကမျှော်မှန်းချက်က မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အားအနေနဲ့ ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပွဲမှာ ကမ္ဘာအနံှ့က အကောင်းဆုံးနဲ့ အသစ်လွင်ဆုံးဖြစ်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာတွေကို ပြသထားပါတယ်။ ပွဲနှစ်ခုကို တပေါင်းတစည်းတည်း ကျင်းပဖြစ်တာက ဒီကဏ္ဍနှစ်ခုက တစ်ခုနဲ့တစ်ခု မတူညီပေမဲ့ ချိတ်ဆက်နေတဲ့အတွက် ပွဲလာရောက်ကြည့်ရှုသူတွေအတွက် ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ Myanmar Trade Fair Management ကုမ္ပဏီဟာ All World Exhibitions ရဲ့ အဖွဲ့ဝင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ကုမ္ပဏီက ဟိုတယ်နဲ့ အစားအသောက်ပိုင်းဆိုင်ရာကဏ္ဍ၊ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်ရေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ ထုပ်ပိုးရေး၊ ပလတ်စတစ်နဲ့ ရာဘာ၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာနဲ့ ဂြိုဟ်တုနည်းပညာပိုင်းဆိုင်ရာလုပ်ငန်းကဏ္ဍ အစရှိတဲ့ ကဏ္ဍအသီးသီးအတွက် ပြပွဲတွေ စီစဉ်ကျင်းပပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီဟာ မြန်မာနိုင်ငံ ဈေးကွက်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြပွဲတွေ စီစဉ်ကျင်းပနေပါတယ်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလထဲမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပြပွဲတစ်ခု ပြသဖြစ်ခဲ့ပါတယ်။
Martina Coda
MD Assistant
SMI Asia Services Sdn Bhd
ကျွန်မတို့က လွန်ခဲ့တဲ့ ၂၉ နှစ်လောက်က စတင်တည်ထောင်ခဲ့တဲ့ အီတာလျံကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီရဲ့ အဓိကထုတ်ကုန်အနေနဲ့ ထုပ်ပိုးမှုပိုင်းဆိုင်ရာပစ္စည်းတွေကို ပံ့ပိုးမှုပေးနေပါတယ်။ ကျွန်မတို့က အဓိကအနေနဲ့ အစားအသောက်လုပ်ငန်း၊ အိမ်သုံး၊ စက်ရုံလုပ်ငန်း၊ ဓာတုဗေဒဓာတ်ခွဲခန်းနဲ့ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးတဲ့ ပုလင်းဒီဇိုင်းအမျိုးမျိုးကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ကျွန်မတို့ကုမ္ပဏီဟာ ဆန်းသစ်တဲ့နည်းပညာအသစ်တွေကို အမြဲတီထွင်ကြံဆနေပြီး Customer တွေရဲ့လိုအပ်ချက်ကို ဂရုတစိုက်နဲ့ အသေးစိတ်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး ကောင်းမွန်တဲ့ကုန်ပစ္စည်းအရည်အသွေးနဲ့ သင့်လျော်တဲ့ဈေးနှုန်းနဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးနေတာကြောင့် ဒီနေ့အထိ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျွန်မတို့ရဲ့ Client တွေရှိပြီး အဓိက Client တွေကတော့ Nestle ၊ Danone ၊ Unilever ၊ Coca-Cola ၊ PepsiCo ၊ Diageo ၊ Heinz ၊ Heineken ၊ SABMiller ၊ AB-Inbev နဲ့ Carlsberg ကုမ္ပဏီတို့ဖြစ်တဲ့အတွက် ကမ္ဘာအနှံ့ကို ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေကို တင်ပို့ဖြန့်ဖြူးနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါအပြင် ရုံးခွဲတွေနဲ့ Service Center တွေကိုလည်း ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာနေပြီလို့ ကြားသိရတဲ့အပြင် နိုင်ငံတကာကုမ္ပဏီတွေ တော်တော်များများကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြတဲ့အတွက် ကျွန်မတို့ကုမ္ပဏီအနေနဲ့ ဈေးကွက်ကို လေ့လာတဲ့အနေနဲ့ လာရောက်ပြသဖြစ်ခဲ့တာ ဖြစ်ပါတယ်။
Tina Huang
Director
Mindman Industrial Co Ltd
ကျွန်မတို့ကုမ္ပဏီက ၁၉၇၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီဟာ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အထည်အလိပ်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေကြောင်း၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ခရီးသွားလာရေးအစရှိတဲ့ ကဏ္ဍအသီးသီးမှာ လိုအပ်တဲ့ လေဖိအားသုံး စက်ပစ္စည်းတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေဟာ ISO-9001 အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားပြီး လက်ရှိမှာ အမေရိကန်၊ ဂျပန်၊ ဥရောပ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသအစရှိတဲ့ နိုင်ငံပေါင်း ၆၀ ကို တင်ပို့ရောင်းချနေပါတယ်။ ကုမ္ပဏီဟာ ကုန်ပစ္စည်းတွေရဲ့အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး Customer တွေရဲ့ တောင်းဆိုမှုတွေနဲ့အညီ Customer တွေ ကျေနပ်မှုရှိစေတဲ့ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ခေတ်မီနည်းပညာတွေသုံးပြီး ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို သေသေချာချာဂရုစိုက်ထားပါတယ်။ ဒါကြောင့် ဈေးကွက်မှာ Customer တွေအတွက် ကျွန်မတို့ရဲ့ကုန်ပစ္စည်းတွေဟာ ယုံကြည်မှုရရှိစေတဲ့အတွက် အခုလို အောင်မြင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာပြရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံဟာ စီးပွားရေးပွင့်လင်းလာတဲ့ နိုင်ငံဖြစ်တာရယ်၊ ကမ္ဘာနဲ့အဆက်အသွယ်ရှိလာတာကြောင့် ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေကို လာရောက်ပြသဖို့ စိတ်ဝင်စားတာရယ်၊ ကျွန်မတို့ကို ထိုင်ဝမ်ကုမ္ပဏီတစ်ခုက ဒီမှာဝင်ရောက်ပြသဖို့ ဖိတ်ခေါ်တာရယ်ကြောင့် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီပွဲကို နိုင်ငံတကာကုမ္ပဏီတွေ လာရောက်ပြသတာနည်းနေသေးတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေ ဒီမှာလာရောက်ပြသဖို့ အများကြီးဆွဲဆောင်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိအောင် ဆွဲဆောင်သင့်တယ်၊ စီးပွားရေးအခွင့်အလမ်းတွေ ဖွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။
အယ်ဒီတာအဖွဲ့