ကုမ္ပဏီမှာ အလုပ်လုပ်တာလည်း ကြာလှပြီ။ ဘာလို့ ခုထိ ရာထူးမတိုးသေးတာလဲဆိုတဲ့မေးခွန်းကို ကျွန်တော့်ကို တော်တော်များများက လာမေးလေ့ရှိကြပါတယ်။ အဲဒီလိုလာမေးတဲ့အခါတိုင်း သင့်မှာသူတို့လိုချင်တဲ့ အရည်အချင်းတစ်ခုခုလိုနေသေးလို့ ဖြစ်မှာပေါ့၊ တစ်ခုခုလုပ်ဖို့ လိုနေလို့ ဖြစ်မှာပေါ့လို့ ကျွန်တော်ပြန်ဖြေလေ့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အလုပ်မှာ ယုံကြည်မှုပိုရှိဖို့ ၊ ပိုပြီးတက်တက်ကြွကြွလုပ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။အထက်လူကြီးအနေနဲ့ သင့်ကိုအကောင်းမြင်လာဖို့ ၊ အထင်ကြီးလာဖို့ လုပ်ငန်းတွေကို တိတိကျကျ လုပ်ဆောင်ဖို့ ဆိုလိုတာပါ။ အခုဖော်ပြမယ့်အချက်လေးတွေက သင့်ကို လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့ ၊ လစာတိုးဖို့တွေတင်မကဘဲ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေဖို့လည်း အထောက်အကူပြုပေးနေမှာဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို ကျွန်တော်မတူညီတဲ့ လုပ်ငန်းခွင်တွေက အောင်မြင်နေတဲ့လုပ်ငန်းရှင် တစ်ဒါဇင်လောက်နဲ့ တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့အဖြေတွေဖတ်ကြည့်ပြီးရင် ရာထူးတိုးဖို့ ဒီလောက်လွယ်လားဆိုပြီးတော့တောင် သင်အံ့အားသင့်သွားစေနိုင်ပါတယ်။
၁။ ကျွန်တော်မှားနေတယ်လို့ လာပြောပါ
လုပ်ငန်းရှင်တစ်ဦးက ကျွန်တော့်ကိုကောင်းကောင်းစိန်ခေါ်နိုင်တဲ့လူကို သဘောကျတယ်လို့ ပြောပါတယ်။ ဆိုလိုတာက အထက်အရာရှိနဲ့ ငြင်းခုံနေရမယ်လို့ ပြောတာမျိုးမဟုတ်ဘဲ အထက်အရာရှိရဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ အစီအစဉ်တစ်ခုရှိတယ်ဆိုရင် ဒါကိုချက်နဲ့လက်နဲ့ ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ဆွေးနွေးဖို့ပါ။ ဒီလုပ်ငန်းရှင်ကပဲ အကြောင်းအရာကို အချက်အလက်တွေ၊ ဥပမာတွေနဲ့ လိုရင်းရောက်အောင် ပြောတတ်တဲ့ လူမျိုးကို ပိုသဘောကျတယ်လို့ ပြောပါတယ်။
၂။ ဖြေရှင်းချက်ရှိပြီးဖြစ်ပါစေ
ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတဲ့ ဖြေရှင်းဖို့နည်းလမ်းတစ်ခုမှမပါဘဲ ကိုယ့်ရဲ့ အထက်အရာရှိ၊ အလုပ်ရှင်ရှေ့သွားပြီး ညည်းညူနေတာမျိုး မလုပ်သင့်ပါဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်ထက် ပိုကောင်းအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော့်မှာ စိတ်ကူးသစ်တစ်ခုရှိပါတယ်။ ဒါကို ဒီနည်းလမ်းတွေနဲ့ အကောင်အထည်ဖော်နိုင်ပါတယ်ဆိုတာမျိုးနဲ့အစပျိုးပြီး အထက်အရာရှိကို တင်ပြတာက ပိုဖြစ်သင့်ပါတယ်။
လုပ်ငန်းရှင်တစ်ဦးက သူ့ဆီမှာပြဿနာတစ်ခု ဖြေရှင်းနိုင်ဖို့ အကူအညီလာတောင်းတဲ့လူတွေကို အကြံဉာဏ်ပေးရတာကို ပျော်ပါတယ်တဲ့။ ဒါပေမဲ့ ရာထူးတိုးပေးဖို့ စဉ်းစားတဲ့အခါမှာတော့ ပြဿနာတစ်ခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့စဉ်းစားပြီး ဖြေရှင်းနိုင်တဲ့ လူမျိုးကိုပဲ ရွေးချယ်ဖြစ်ပါတယ်တဲ့။
ဒီလိုမျိုး လုပ်ငန်းရှင်တစ်ယောက်ကို ကျေနပ်နှစ်သိမ့်စေဖို့ပြဿနာကိစ္စရပ်တစ်ခုကြုံလာတိုင်း ဖြေရှင်းနိုင်ဖို့ အကြံပြုချက်တစ်ခုမှမပါဘဲ မသွားသင့်ပါဘူး။ အမြဲတမ်း အထက်အရာရှိဆီကို မသွားခင်မှာ အရင်ဆုံးဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို အချက်အလက်တွေနဲ့ တင်ပြနိုင်အောင် ကြိုတင်ပြင်ဆင်ထားပြီး ကိုယ့်ရဲ့အထက်အရာရှိကို တင်ပြတဲ့အခါမှာ အကြံပြုချက်ကိုပါ တစ်ပါတည်း ထည့်သွင်းတင်ပြဖို့ လိုပါတယ်။
၃။ မကောင်းသတင်းကို အရင်ပြောပါ
သင်ဘယ်လောက်တော်တယ်ဆိုတာ လာပြောမနေပါနဲ့။ ဘာမှားသွားလဲဆိုတာပဲ လာပြောပါ။ ပိုအဓိကကျတာက ဒီပြဿနာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားတယ်ဆိုတာကိုပါ ယူလာပါလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပုံမှန်အားဖြင့်တော့ ပြဿနာဖြေရှင်းဖို့ဆိုတာ သင့်လုပ်ငန်းရှင်၊ အကြီးအကဲရဲ့ တာဝန်ဖြစ်တဲ့အတွက် ဖြစ်နေတဲ့ကိစ္စကို သင့်ရဲ့အထက်အရာရှိ သတိထားမိအောင် ဆောင်ရွက်ပါ။ ဒါဟာသင့်ရဲ့အထက်အရာရှိကို Email တစ်ချိန်လုံးပို့နေဖို့ ဆိုလိုတာမဟုတ်ဘဲ အရေးကြီးတဲ့ကိစ္စတိုင်းကို သင့်အထက်အရာရှိအနေနဲ့ သိနေဖို့လိုတယ်လို့ ဆိုလိုတာပါ။
၄။ ရင့်ကျက်ပါ
လုပ်ငန်းရှင်တစ်ဦးက ဝန်ထမ်းတစ်ယောက်ဟာ ဘယ်သူ့ဘေးမှာ မထိုင်ချင်ဘူးတို့၊ မှတ်စုစာရွက်က ဘာအရောင်မို့လို့ မကြိုက်ဘူးဆိုတာတို့ကို ကျွန်တော် ဂရုမစိုက်ဘူးလို့ ပြောပါတယ်။ ဒီလိုမျိုးဖြစ်နေရင်လည်း အဲဒီလူဟာ ရာထူးနောက်တစ်ဆင့်တက်ဖို့ လုံးဝမသေချာတော့ဘူးတဲ့။
လုပ်ငန်းခွင်မှာ ကိုယ်နဲ့အကျင့်စရိုက်ချင်း မတူတဲ့ လူတွေနဲ့ ပိုအလုပ်လုပ်ရတဲ့အတွက် ကိုယ်ကြိုက်တဲ့ပုံစံမျိုးနဲ့ အလုပ်လုပ်ခွင့်ရဖို့ အခွင့်အရေးက နည်းပါတယ်။ ဝန်ထမ်းတွေရဲ့အလုပ်ဆိုတာ ကိုယ့်အထက်အရာရှိရဲ့ အလုပ်တွေကို ပိုလွယ်ကူအောင် လုပ်ပေးဖို့ပါပဲ။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဝေမျှနိုင်ဖို့ ဒိုင်ယာရီစာအုပ်ထဲ ထည့်ရေးထားလိုက်ပါ။ နောက်ထပ် လုပ်ငန်းရှင်တစ်ဦးကလည်း ဒီအဆိုကို လက်ခံပြီး သူကအလုပ်ခွင်မှာ တအားအတင်းပြောတယ်ဆိုရင် အလုပ်အတွက် ပြဿနာတစ်ခုခုရှိနေပြီ၊ မကောင်းဘူးလို့ ထပ်လောင်းပြောပါတယ်။
၅။ ပြုံးပါ
လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေသူတို့အလုပ်မှာ အဆင်ပြေရဲ့လား၊ လုပ်ချင်ကိုင်ချင်စိတ်ရှိရဲ့လား၊ အလုပ်အပေါ် ချစ်မြတ်နိုးရဲ့လားဆိုတာတွေကို သူတို့တောင် မသိလိုက်ဘဲ စောင့်ကြည့်နေလေ့ရှိပါတယ်။ အလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေကိုဆို သူတို့မိသားစုဝင်တွေထက်တောင် အချိန်တွေပိုပေးပြီး သူတို့တောင်မသိလိုက်ဘဲ အကူအညီတွေ ပေးနေနိုင်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ကျွန်တော့်ကိုပြောပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့အထက်အရာရှိ၊ လုပ်ငန်းရှင်နဲ့ တွေ့တဲ့အခါမှာ အနည်းဆုံးတော့ ပြုံးပြနှုတ်ဆက်ပြီး အလုပ်လုပ်ရတာ ပျော်တယ်၊ နှစ်သက်တယ်ဆိုတဲ့ ပုံပေါ်အောင် နေသင့်တယ်တဲ့။
ဒါဟာ ကိုယ့်အနားက ဖြတ်သွားသူတိုင်းကို ပြုံးပြနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဘယ်လောက်ပဲ အလုပ်များများ၊ ဘယ်လောက်ပဲ အချိန်မီပြီးအောင် လုပ်ရမယ့် အလုပ်တွေရှိရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို မျက်မှောင်သွားကြုတ်ပြရင် သူကလည်းချက်ချင်းပြန်ပြီး မျက်မှောင်ကြုတ်ပြမှာပဲဆိုတာကို သိထားသင့်ပါတယ်။ ဒါကြောင့် အဲဒီလိုလုပ်မယ့်အစား အသက်ကို ခပ်၀၀ရှူလိုက်ပြီး ပြုံးပြလိုက်တာ၊ အထက်အရာရှိက ကိုယ့်ကိုပေးလာတဲ့ အခွင့်အရေးတိုင်းကို ကျေနပ်ကြောင်းပြသတာက လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေစေပြီး ရာထူးတိုးစေဖို့ ၊ ဝန်ထမ်းကောင်းတစ်ဦးဖြစ်စေဖို့ အခွင့်အရေးတွေလည်း ပိုရရှိစေမှာဖြစ်ပါတယ်။
၆။ မှတ်စုရေးပါ
အကြိမ်ကြိမ်အခါခါပြောရတာမျိုးကို ဘယ်သူမှမကြိုက်ကြပါဘူး။ ဘယ်လုပ်ငန်းရှင်မှ တစ်ခါပြောပြီး နောက်တစ်ခါထပ်မပြောချင်ပါဘူး။ သင့်ကို ဘာလုပ်ခိုင်းတယ်ဆိုတာကို နားမလည်ဘူးဆိုရင် ချက်ချင်း သေသေချာချာပြန်မေးပြီးတော့ မှတ်စုစာအုပ်မှာ ရေးမှတ်ထားပါ။ တကယ်လို့ အလုပ်နဲ့ပတ်သက်ပြီး နှစ်ခါလောက် ပြောနေပေမယ့် အာရုံမစိုက်တဲ့လူမျိုးကို ဘယ်လုပ်ငန်းရှင်ကမှ တန်ဖိုးရှိတဲ့၊ တော်တဲ့ဝန်ထမ်းတစ်ယောက်လို့ မြင်မှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
ကျွန်တော်တို့တွေအားလုံး အစည်းအဝေးခန်းထဲမှာ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်နဲ့ ကိုယ့်ကိုပေးလိုက်တဲ့တာဝန်တွေ ကိုယ့်စားပွဲဆီကိုပြန်ရောက်တော့ မေ့ကုန်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။ အစည်းအဝေးခန်းထဲကို မှတ်စုစာအုပ်၊ ဘောလ်ပင်၊ ဒါမှမဟုတ် သင်တို့ ရုံးမှာ Laptop အသုံးပြုနိုင်တယ်ဆိုရင် Laptop ယူသွားပြီး မှတ်သားဖို့ လိုတာတွေကို မှတ်ထားပါ။ အရေးတကြီးလုပ်ရမှာတွေကို ရေးမှတ်ထားတာက တကယ်ကိုအသုံးဝင်ပြီး အကူအညီရစေပါတယ်။ မှတ်စုချရေးထားတာက လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ပိုပြီးအကူအညီရစေတဲ့အပြင် မေးဖို့လိုတာတွေကိုလည်း ချက်ချင်းဆိုသလို ပြန်မေးနိုင်ဖို့ ပိုပြီးမြင်သာစေပါတယ်။
၇။ အလုပ်ကို နားလည်ပြီးတော့ လက်တွေ့လုပ်ကိုင်ပါ
မှတ်စုရေးမှတ်ထားကတည်းက ကိုယ်ဘယ်အပိုင်းတွေကို တာဝန်ယူရမယ်ဆိုတာနဲ့ ဘာတွေကို ဦးစားပေးလုပ်ရမယ်ဆိုတာတွေကို စာရင်းပြုစုထားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘာတွေကိုတော့ မဖြစ်မနေ ဦးစားပေးလုပ်ရမယ်၊ ဘာကိုတော့ နောက်မှလုပ်လို့ရတယ်ဆိုတာတွေကိုလည်း သိထားသင့်ပါတယ်။
လုပ်ငန်းရှင်တစ်ယောက်က ရာထူးတိုးပေးဖို့ အသင့်တော်ဆုံးလူဆိုတာ သူ့ရဲ့လုပ်ပိုင်ခွင့်၊ ဘောင်အတွင်းမှာ ကောင်းမွန်စွာ စီမံခန့်ခွဲပြီး လုပ်ငန်းကို အောင်မြင်အောင်လုပ်နိုင်တဲ့လူ၊ ဘာကိုဦးစားပေးလုပ်ရမယ်ဆိုတာကို သိတဲ့လူပါတဲ့။ နောက်ပြီး ဒါကိုကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့တစ်နေ့တည်းနဲ့တော့ နှစ်ခုလုံးပြီးအောင် မလုပ်နိုင်ပါဘူး။ ကျွန်တော့်အထင် ဒါကပိုပြီးအရေးကြီးမယ်ထင်တယ်၊ ဒါကိုအရင်လုပ်ပေးရမလားဆိုပြီး မေးတဲ့လူမျိုးဖြစ်တယ်လို့ ပြောပါတယ်။
၈။ ရုံးပါတီပွဲတွေမှာ ပါဝင်ဆင်နွှဲပါ
လုပ်ငန်းကိစ္စတော်တော်များများကို ရုံးခန်းထဲမှာထက် ဂေါက်ရိုက်ရင်း သဘောတူလိုက်တာတွေ ပိုများပါတယ်။ ရုံးပါတီပွဲတွေမှာလည်း ဒီလိုပါပဲ။ လုပ်ငန်းရှင်တစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တတွဲတွဲမနေတာဟာ ရုံးရဲ့အခြေခံစည်းကမ်းချက်တွေနဲ့ သတင်းတွေကို မသိဘဲ၊ လွဲသွားစေနိုင်ပါတယ်တဲ့။ ကိုယ့်အနားမှာ တစ်ရက်ကို ရှစ်နာရီလောက်ထိုင်တဲ့ လူတွေနဲ့လည်း စိမ်းကားသွားစေနိုင်ပါတယ်တဲ့။
ဟာဝိုင်အီမှာလုပ်မယ့် အကျိုးရှိတဲ့ ပရောဂျက်၊ ဒါမှမဟုတ် စည်းဝေးပွဲတစ်ခု သွားတက်ဖို့ တစ်ယောက်ယောက်ကို ရွေးတော့မယ်ဆိုရင် ဘယ်သူ့ကို ရွေးလိမ့်မယ်လို့ ထင်လဲ။ သေချာတာကတော့ ပါတီကိုမလာတဲ့ လူရဲ့နာမည်တော့ ပါမှာမဟုတ်ပါဘူး။
၉။ အမြဲတမ်းချီးကျူးခံရဖို့ မမျှော်လင့်ပါနဲ့
ရာထူးအတိုးခံရဖို့ သင့်မှာလုံလောက်တဲ့ အရည်အချင်းရှိဖို့ လိုတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကိုယ်နဲ့ထိုက်တန်တာကို ရဖို့မကြိုးစားဘဲ ရည်ရွယ်ချက်မဲ့ လုပ်မနေပါနဲ့။
အတန်းထဲမှာ အတော်ဆုံးဖြစ်ခဲ့တာ၊ အရင်ပရောဂျက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာတွေဟာ လုပ်ငန်းမှာ အထက်အရာရှိရဲ့ အကောင်းမြင်မှု၊ ယုံကြည်မှုကို ရရှိစေမယ့်အချက်တွေပါ။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို အထက်အရာရှိ သတိမပြုမိမှာကို စိုးရိမ်နေရင် ကိုယ်ဘာတွေလုပ်ပြီးသွားပြီဆိုတာကို အစည်းအဝေးတစ်ခု ပြုလုပ်ဆွေးနွေးပြီးတော့ သူ့ရဲ့တုံ့ပြန်မှုကိုရယူနိုင်ပါတယ်။ ဒါပေမဲ့ တအားကြီးတော့ ကိုယ့်ရဲ့အောင်မြင်မှုကို သတိအပြုမခံရမှာကို မစိုးရိမ်နေသင့်ပါဘူး။ လုပ်ငန်းရှင်တစ်ယောက်က ရိုးရိုးသားသားပြောရရင် ကျွန်တော်အကျင့်စာရိတ္တကောင်းတဲ့လူ၊ အရည်အချင်းရှိပြီး ဆက်လက်သင်ယူချင်စိတ်ပြင်းပြတဲ့လူ၊ တခြားလူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြေပြစ်ပြီး အတွေးအခေါ်ကောင်းရှိတဲ့လူတွေကို ရာထူးတိုးပေးလေ့ ရှိပါတယ်လို့ ပြောပါတယ်။
၁၀။ အဆုံးသတ်သေချာအောင်လုပ်ပါ
အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ခေတ်စနစ်တွေနဲ့အညီ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီလုပ်ငန်းတွေ စတာတွေမှာ အသင်းအဖွဲ့ဆိုတဲ့ စကားလုံးဟာ အသုံးများလာပြီး လူတိုင်းဟာ အသင်းအဖွဲ့ဝင်ဖြစ်လာလိုကြပါတယ်။ ကိုယ့်ကိုအထက်အရာရှိက ပေးအပ်လာတဲ့ တာဝန်တွေကို ငြင်းဆိုလေ့ရှိတဲ့လူတစ်ယောက်ဟာ အသင်းအဖွဲ့ထဲမှာ ပါဝင်ဖို့တောင်းဆိုနေတာဟာ တော်တော်ဆိုးဝါးတဲ့ အခြေအနေဖြစ်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အလုပ်ခွင်မှာ ကိုယ့်ရာထူးနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာဟာ ကိုယ့်ရဲ့အထက်အရာရှိအနေနဲ့ ကိုယ့်ကိုဘယ်ဌာနကို ပြောင်းရွှေ့ပေးရမယ်၊ ကိုယ့်နေရာမှာ ဘယ်သူ့ကို အစားထိုးရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ့်အနေနဲ့ လုပ်ငန်းခွင်မှာ အသင်းအဖွဲ့ဝင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အရင်ဆုံးအသင်းအဖွဲ့နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာထားဖို့ လိုပါတယ်။
၁၁။ ကျွန်တော် / ကျွန်မ ဘာများကူညီပေးနိုင်မလဲလို့ မေးပါ
ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ရှင်က အလုပ်ပေးမှ၊ ခိုင်းမှလုပ်မယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ကို ပေးထားတဲ့အလုပ် မရှိတော့ဘူးဆိုရင် ကုမ္ပဏီ၊ ဒါမှမဟုတ် လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် ဘာကူညီပေးရမလဲ၊ ဘာလုပ်ပေးရမလဲဆိုတာကို ကိုယ့်ရဲ့အထက်အရာရှိကို သွားမေးသင့်ပါတယ်။
နောက်ပြီး ကိုယ့်ရဲ့အထက်အရာရှိနဲ့ လုပ်ငန်းတိုင်းကို အတူတူတွဲလုပ်နေရဖို့အမြဲတောင်းဆိုနေလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်ဘာများကူညီပေးနိုင်မလဲတို့၊ ဒါကို အပြီးသတ်ဖို့ ကျန်နေသေးတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်တို့ ၊ ဒါမှမဟုတ် ဒီကိစ္စကို ကျွန်တော် လုပ်ပေးပါရစေတို့လို့ တောင်းဆိုတာက ပိုပြီးကောင်းတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ထက်ထက်