အောင်မြင်သူတွေ ရုံးမဆင်းခင် နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ လုပ်တဲ့ အလုပ် ၁၄ မျိုး

successfuljob1

သင် ရုံးတက်(အလုပ်လုပ်)တဲ့နေ့ရဲ့နောက်ဆုံး ၁၀ မိနစ်မှာ နာရီကိုစိုက်ကြည့်ပြီး အလုပ်ဆင်းဖို့ စက္ကန့်ဘယ်လောက်လိုသေးသလဲ ရေတွက်နေတာမျိုး သင်လုပ်ကောင်းလုပ်ဖူးမှာပါ။ ဒါမှမဟုတ်လည်း သင်ဟာ နောက်ဆုံးမိနစ်စက္ကန့်အထိ အလုပ်တွေဖိလုပ်ပြီးတော့မှ သင့်ပစ္စည်းပစ္စယတွေကို ကောက်သိမ်းပြီး သင့်လုပ်ဖော်ကိုင်ဖက်တွေကို လုံးဝနှုတ်မဆက်ဘဲ တံခါးပေါက်ဆီ ပြေးချင်ပြေးသွားမှာပေါ့။ အဲဒီ လုပ်ရပ်တစ်မျိုးမျိုးကို သင်လုပ်ဖူးတယ်ဆိုရင် သင့်တစ်နေ့တာရဲ့နောက်ဆုံးမိနစ်ကို သင်ပြန်လည် သုံးသပ်အကဲဖြတ်ဖို့ အချိန်တန်နေပါပြီ။ ''သင့်အတွက် အလုပ်လုပ်ရက် တစ်နေ့တာကို အဆုံးသတ်ပုံသတ်နည်းက သိပ်အရေးကြီးပါတယ်။ အဲဒီနေ့ရဲ့ကျန်တဲ့အချိန်က သင့်စိတ်အခြေအနေကို ချိန်ညှိသတ်မှတ်ပေးနိုင်ပါတယ်။ ဒါက သင့်ရဲ့ပုဂ္ဂိုလ်ရေးဆက်ဆံမှုပိုင်း သင့်ရဲ့စိတ်ချမ်းသာမှုနဲ့ အဲဒီညကျ သင်အိပ်ပျော်ဖို့ရာမှာ သက်ရောက်မှုတွေဖြစ်စေပါတယ်။ နောက်ပြီး နောက်တစ်နေ့အတွက် ကြိုတင် ပြင်ဆင်ပေးပါလိမ့်မယ်''လို့ နိုင်ငံတကာစီးပွားရေးအကြောင်း ဟောပြောသူနဲ့ You Can't Be Serious စာအုပ်ရေးသူ Michael Kerr က ပြောပါတယ်။

၁။ လုပ်ရမယ့်ကိစ္စအလုပ်တွေကို Update လုပ်ကြတယ်။

အောင်မြင်သူတွေဟာ အဲဒီစာရင်းတွေကို မျက်ခြည်မပြတ်ကြဘူးလို့ Tame Your Terrible Office Tyrant စာအုပ်ရေးသူ Lynn Taylor က ရှင်းပြတယ်။ ဒါပေမဲ့ နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ တစ်နေ့တာရဲ့ ရည်မှန်းချက်တွေနဲ့ နောက်ဆုံးအဆင့် လုပ်ငန်းစဉ်တွေကို သူတို့နှိုင်းယှဉ်စစ်ဆေးကြတယ်။ သူတို့ဟာ ဗြုန်းခနဲ ထပြန်ပြီး၊ တစ်နေ့တာကိစ္စအားလုံးကို နက်ဖြန်မနက် မှတ်မိဦးမယ်လို့ မျှော်လင့်မယ့်အစား လက်ရှိ အခိုက်အတန့်မှာပဲ နောက်ဆုံးစာရင်းကို စစ်ဆေးပြင်ဆင် ရေးမှတ်ကြတယ်။

၂။ သူတို့ရဲ့အလုပ်စားပွဲနဲ့ ကွန်ပျူတာ (Desktop) တို့ကို စနစ်တကျ ထားရှိတယ်။

သင်ဟာ စနစ်တကျလုပ်မထားရင် သင့်စီမံကိန်းတွေ လက်စသတ်ဖို့ ပိုကြာတတ်ပါတယ်။ စနစ်ကျသပ်ရပ်တဲ့ အလုပ်စားပွဲနဲ့ Desktop ကွန်ပျူတာတို့ထားရှိတာက သင့်စိတ်ကို ပိုကြည်လင်စွာတွေးခေါ်ပြီး ပိုမိုထိရောက်စွာ ဦးစားပေးနိုင်စွမ်းရှိစေလိမ့်မယ်။ အရေးပါတဲ့ မှတ်တမ်းတွေကို သင်လိုအပ်တဲ့အခါ လျင်မြန်စွာ ရှာတွေ့ဖို့လည်း အထောက်အကူပြုလိမ့်မယ်။ ဒစ်ဂျစ်တယ်နဲ့ ပုံနှိပ်မှတ်တမ်းစာတွေကို နောက်တစ်ကြိမ် သင်လိုအပ်တဲ့အခါ ပိုပြီး လွယ်ကူထိရောက်စွာ ရယူနိုင်အောင် သိမ်းဆည်းထားပါ။

successfuljob2

၃။ လုပ်ဆောင်ပြီးခဲ့သမျှကို ပြန်သုံးသပ်တယ်။

သင်လုပ်ဖို့လိုအပ်တဲ့ကိစ္စကို အာရုံစိုက်ရုံမျှမကဘဲ သင်လုပ်ခဲ့ပြီးသမျှကို ပြန်သုံးသပ်ဖို့လည်း အရေးကြီးတယ်လို့ Taylor ကပြောပါတယ်။ ''အထူးသဖြင့် ပင်ပန်းရှုပ်ထွေးတဲ့နေ့မှာ သင်လုပ်ခဲ့တဲ့ကိစ္စကို တစ်မိနစ်အကြာ ပြန်သုံးသပ်အကဲဖြတ်ခြင်းက သင်အောင်မြင်ကြောင်း သိစေပြီး၊ သင်ထင်တာထက် ပိုလုပ်ဆောင်ခဲ့ကြောင်း အသိပေးနိုင်ပါတယ်''လို့ Michael Kerr က ပြောပါတယ်။

၄။ ကုန်ဆုံးသွားတဲ့ တစ်နေ့တာကို တဒင်္ဂစားမြုံ့ပြန်တယ်။

အောင်မြင်သူတွေဟာ တစ်နေ့တာမှာ သူတို့ဆောင်ရွက်ဖြေရှင်းခဲ့သမျှ အလုပ်တွေကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ကိစ္စဝိစ္စတွေဟာ ဘယ်နေရာမှာ ဘာကြောင့်မှန်ကန်ပြီး ဘာကြောင့်လွဲချော်ကြောင်း သူတို့ ဆန်းစစ်လေ့လာဖို့ ကြိုးစားကြပါတယ်။ ''ပါးနပ်တဲ့သူတွေက သူတို့လေ့လာဆည်းပူးခြင်းမပြုရင် သူတို့မကြီးပွားနိုင်ဘူးဆိုတာ သိကြတယ်''လို့ Taylor က ပြောပါတယ်။

၅။ အရေးတကြီး ဆက်သွယ်ပြောဆိုမှုတွေကို စိစစ်ကြတယ်။

ရုံးဆင်းချိန်မှာ သင်နွမ်းနယ်နေပေမဲ့ ပြောဆိုဆက်သွယ်မှုတွေက ဝင်လာမစဲတသဲသဲ။ တချို့က အရေးတကြီးကိစ္စ၊ တချို့က အရေးမကြီးဘူး။ ဒါပေမဲ့ အားလုံးက အချိန်ကပ်ပြီး ရောက်လာတာပါ။

''ဒါဟာ သင့်ရဲ့အချိန်စီမံခန့်ခွဲမှုကျွမ်းကျင်ရည်ကို စမ်းသပ်တာပါ။ အောင်မြင်သူတွေဟာ ဘယ်ဟာကို တုံ့ပြန်ဆောင်ရွက်ရမလဲ၊ ဘယ်ဟာကို ဘေးဖယ်ထားရမလဲ သိကြတယ်''လို့ Taylor ကပြောပါတယ်။ သင်နဲ့သင့်လုပ်ဖော်ကိုင်ဖက်တွေဟာ ခပ်ကြာကြာ စကားစမြည်ပြောဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့ နံနက်ခင်းကို ပိုလိုလားကြမှာပါ။ အဲဒီလို ကြာကြာပြောရမယ့်ကိစ္စကို နောက်နေ့မနက်ရွှေ့ဆိုင်းခြင်းအားဖြင့် သင်ဟာ ဒီည သင့်ရဲ့လက်ငင်းတုံ့ပြန်မှုကို ပြန်သုံးသပ်ခွင့်ရစေလိမ့်မယ်။

၆။ သူတို့ဟာ အာရုံစူးစိုက်မှုအမြဲရှိကြတယ်။

''ဒီအချိန်ပိုင်းက သင့်စိတ်လေလွင့်နိုင်တဲ့ ဂန္ထဝင်အချိန်ဖြစ်တယ်။ တစ်နေ့တာကုန်ဆုံးတော့ သင်ဟာ သိပ်ပြီးမဖျတ်လတ်တော့ပါဘူး''လို့ Taylor က ပြောပါတယ်။ ရုံးဆင်းခါနီးမှာ အလုပ်နဲ့မဆိုင်တဲ့ ကိစ္စတွေထဲမှာ ပါဝင်ပတ်သက်တာ၊ ဒါမှမဟုတ် အာရုံထွေပြားတာတွေ အဖြစ်မခံပါနဲ့။

၇။ မနက်ဖြန်အတွက် အခြေခံရည်မှန်းချက်ပန်းတိုင်တွေကို သူတို့က သတ်မှတ်ကြတယ်။

အောင်မြင်သူတွေဟာ နောက်နေ့မနက် လုပ်ရမယ့်အလုပ်ကိစ္စတွေကို စာရင်းလုပ်ထားပြီးသား ဖြစ်တယ်။ နောက်နေ့အတွက် သူတို့ရဲ့ အခြေခံရည်မှန်းချက်တွေကို သူတို့ဘာသာ အသိအမှတ်ပြုပြီးသားဖြစ်တယ်။ သင့်ခေါင်းထဲမှာ ကိစ္စနှစ်ခုသုံးခုလောက် ရှိချင်ရှိမယ်။ ဒါပေမဲ့ နောက်နေ့မနက်ကျ သင်အလုပ်စလုပ်ရမယ့် အဓိကအလုပ်ကို စာနဲ့ရေးမှတ်ထားပါ။

successfuljob3

၈။ လက်ရှိအချိန်နဲ့ နောက်နေ့မနက်ပိုင်းအတွင်း သူတို့ကို ဘယ်လိုဆက်သွယ်နိုင်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးထားကြတယ်။

အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဟာ သူတို့ကို ဘယ်လိုဆက်သွယ်နိုင်မလဲဆိုတာ တစ်မိနစ်လောက် စဉ်းစားဆုံးဖြတ်ကြပါတယ်။ သင်ဟာ SMS ၊ အီးမေးလ်၊ ဒါမှမဟုတ် တယ်လီဖုန်းတစ်ဆင့်သုံးပြီး သင့်ရုံးနဲ့ လုံးဝအဆက်အသွယ် ဖြတ်တော့မှာလား၊ဒါမှမဟုတ် ခြွင်းချက်တချို့ကို ထားရှိမှာလား။ ဒီဟာက တစ်ရက်နဲ့ တစ်ရက် မတူနိုင်ဘူး။ အဖြေမှန်က တစ်ခုတည်း မရှိဘူး။ သင့်ကိုယ်သင်မေးရမယ့် အရေးကြီးဆုံးမေးခွန်းက ''ငါ့အလုပ်နားချိန်အတွင်း ငါစိတ်အေးချမ်းသာမှု အများဆုံးရဖို့ ဘယ်လိုဆက်သွယ်ထိတွေ့ခွင့်မျိုး ထားပေးရင်ကောင်းမလဲ ဆိုတာပါ။''

၉။ နောက်နေ့မနက်မှာ သူတို့ရဲ့အလုပ်အစီအစဉ်ဇယားကို ပြန်သုံးသပ်ကြတယ်။

သင်ရုံးရောက်မှ ငါးမိနစ်အတွင်း အစည်းအဝေးကြီး တက်စရာရှိတယ်ဆိုတာသိတာဟာ သင့်ရဲ့ တစ်နေ့တာစတင်ဖို့ အဆိုးဆုံးအချက်ဖြစ်တယ်။ ''အောင်မြင်သူတွေက သူတို့ရဲ့အစီအစဉ်တွေနဲ့ စီမံကိန်းတွေကို ပြန်သုံးသပ်ဖို့သိကြတယ်။ အရေးကြီးဆုံးက အဲဒီတစ်နေ့တာမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်မှန်းဆကြည့်ဖို့ဖြစ်တယ်''လို့ Ker ကပြောပါတယ်။ ဒီလိုလုပ်တာက နောက်နေ့အလုပ်လုပ်တဲ့အခါ သင်ကြိုတင်ပြင်ဆင်မှုပိုရှိ၊ ပိုယုံကြည်ပြီး ဖိစီးမှုနည်းပါးစေလိမ့်မယ်။

၁၀။ သူတို့ကို သူများတွေ စောင့်မျှော်ရအောင် သူတို့မလုပ်တတ်ကြဘူး။

သင်ကတိပေးထားတဲ့စာတွဲကို သင်ပေးပို့တာကို သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က သင့်ကို တစ်ညလုံး စောင့်နေရမှန်းသိရင် သင်ဘယ်လိုခံစားရမလဲ၊ သင်ရုံးဆင်းသွားပြီး၊ အဲဒီစာတွဲကလည်း ရောက်လာနိုင်ဖွယ်မရှိမှန်း နောက်ဆုံးကျမှ သိရမယ်ဆိုပါစို့။ အောင်မြင်သူတွေဟာ သူတို့စီစဉ်ထားတဲ့အလုပ်တိုင်းကို ပြီးစီးအောင်မလုပ်ကြပါဘူး။ ဒါမှမဟုတ် သူတို့ ပြန်စာပို့မယ်ဆိုတဲ့ အီးမေးလ်တိုင်းကိုလည်း အကြောင်းမပြန်ကြပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ အဲဒီကိစ္စမလုပ်နိုင်ကြောင်း၊ ဒါမှမဟုတ် မဆုံးဖြတ်ရသေးကြောင်း၊ ဒါမှမဟုတ် ဒီနေ့အီးမေးလ်ကို စာမပြန်ဖြစ်ကြောင်းတော့ သူများတွေကို အသိပေးကြပါတယ်။ နောက်ပြီး သူတို့ရဲ့နောက်ဆုံးအခြေအနေကိုလည်း ပြောပြကြတယ်။

၁၁။ သူတစ်ပါးကို သူတို့က ကျေးဇူးတင်ကြောင်း ပြောကြတယ်။

သိပ်ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေဟာ ကျေးဇူးတရားနဲ့ အသိအမှတ်ပြုမှုဆိုတဲ့ အခြေခံအုတ်မြစ်ပေါ် တည်ရှိပါတယ်။''ရုံးဆင်းချိန်မှာ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ကြောင်းပြောတဲ့အကျင့်ဟာ သင့်ရဲ့စိတ်ချမ်းသာမှုအဆင့်ကို မြှင့်တင်ပြီး သင်နဲ့ တခြားသူတွေကို ရွှင်လန်းစွာဖြင့် အိမ်ပြန်ခွင့်ရရှိစေမှာပါ''လို့ Ker က ပြောပါတယ်။

successfuljob4

၁၂။ သူတို့က ရုံးဆင်း/အိမ်ပြန်တိုင်း နှုတ်ဆက်သွားကြတယ်။

ရင်းနှီးခင်မင်စွာ ''ကောင်းသောညပါ''ကို ပြောတာဟာ ဘာမှအပန်းမကြီးလှပါဘူး။ သင့်လုပ်ဖော်ကိုင်ဖက် တစ်ဦးတည်းမဟုတ်ဘဲ သင့်အလုပ်ရှင်သူဌေးနဲ့ အဖွဲ့သားတွေကို သင်ဟာ လူသားတစ်ဦးဖြစ်ကြောင်း သတိပေးရာရောက်ပါတယ်လို့ Taylor က ပြောပါတယ်။ နောက်ပြီး သင်ဟာ အလုပ်ပြီးလို့ အိမ်ပြန်တော့မှာဖြစ်ကြောင်း၊ သင့်လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးနှိုးဆော်သလိုလည်း ဖြစ်တယ်။

၁၃။ သူတို့က အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ထားရစ်ခဲ့ကြတယ်။

''သင်မပြန်ခင် သင်ပြုံးလိုက်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်လိုက်ပါ''လို့ Taylor က အကြံပေးပါတယ်။ သင့်တွဲဖက်လုပ်သားတွေနဲ့အတူ ရုံးဆင်းတော့  သင့်အပြုံးက သင့်ရဲ့ ပိုပြီးတက်ကြွလန်းဆန်းမှုကို ဖွင့်ဟပြဖို့ ကြိုတင်ပြင်ဆင်ပေးပါလိမ့်မယ်။ အောင်မြင်တဲ့ခေါင်းဆောင်တွေဟာ တစ်နေ့တာကုန်ဆုံးတဲ့အခါ အထင်ကြီးလေးစားမှု ထားရစ်ခဲ့ကြတယ်။ အဲဒါက နောက်နေ့ မနက်အထိ စွဲထင်နေလိမ့်မယ်။

၁၄။ သူတို့က အမှန်တကယ်ပဲ ထွက်ခွာသွားကြတယ်။

အောင်မြင်သူတွေဟာ အချိန်ဆွဲပြီး ယောင်ချာချာလုပ်ဖို့ ဖြားယောင်းမှုကို ရှောင်ရှားကြပါတယ်။ အလုပ်နဲ့ ဘဝအတွက် ချိန်ခွင်လျာတည့်မတ်မှု ဘယ်လောက်အရေးကြီးမှန်း သူတို့သိကြတယ်။ ဒါကြောင့် သူတို့က သင့်တော်တဲ့အချိန်မှာ ရုံးဆင်းဖို့ ကြိုးစားပါတယ်။ ''မနက်ဖြန်ကျ သင်လိုအပ်မယ့် အောင်မြင်မှုနဲ့ စွမ်းအင်တွေရဲ့ အဆင့်ကို ရုံးမှာ သင်အကြောင်းမဲ့ ယောင်ချာချာလုပ်နေခြင်းက အကန့်အသတ်ဖြစ်စေလိမ့်မယ်''လို့ Taylor က ရှင်းပြပါတယ်။

စိုးညွန့်ဇော်