၂၀၁၅ AEC နှင့် မြန်မာ့ထုတ်ကုန်များ

aec14

၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံသားအားလုံးအတွက် အပြောင်းအလဲစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရနေရတဲ့နှစ်ပါ။ နိုင်ငံရေးပိုင်းမှာရွေးကောက်ပွဲရှိသလို စီးပွားရေးသမားတွေအနေနဲ့လည်း AEC (ASEAN Economic Community) ဆိုတဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း စတင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေ အထူးသဖြင့် SME တွေလို အသေးစား အလတ်စားလုပ်ငန်းတွေအနေနဲ့ အထူးအာရုံစိုက်စရာ ဖြစ်နေပါတယ်။ AEC ဖြစ်ပေါ်လာရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာထက် AEC အတွက်ဘယ်လိုပြင်ဆင်သင့်သလဲဆိုတာက အခုချိန်မှာ ပိုအရေးကြီးတယ်လို့မြင်ပါတယ်။ ပြင်ဆင်မှုရှိမထားရင် ရလာမယ့်အကျိုးကျေးဇူးကလည်း မြန်မာလုပ်ငန်းရှင်တွေအတွက် အလှမ်းဝေးနေတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီလ CEO Magazine ရဲ့ မျက်နှာဖုံးဆောင်းပါးအနေနဲ့ AEC နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့၊ မြန်မာ Product တွေ၊ မြန်မာ Brand တွေ ပြင်ဆင်ထားသင့်တာတွေနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

aec1

ဦးသိန်းအောင်

Advocate

IP Practitioner

Myanmar Trademark and Patent Law Firm

မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြေဧရိယာ၊ Material ၊ Human Resources တွေ၊ Natural Resources စတာတွေ အားသာနေတယ်ဆိုပေမဲ့ IP နဲ့ပတ်သက်တဲ့ Knowledge တွေ၊ နည်းပညာပိုင်းတွေ၊ နိုင်ငံတကာ Network တွေ၊ ဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုအကာအကွယ်ယူရမယ်၊ End Product တွေရဲ့ အရည်အသွေးတွေကို အမြဲတမ်းမှန်အောင်ထိန်းထားနိုင်ဖို့တွေ၊ Packaging ပိုင်းတွေမှာပါ အားသာလာမယ်ဆိုရင် AEC ဖြစ်လာတဲ့အခါမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံတကာနဲ့တန်းတူ ယှဉ်ပြိုင်လာနိုင်မယ်လို့ မြင်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ AEC မှာ နိုင်ငံတကာနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် IP နဲ့ ပတ်သက်တဲ့ Awareness တွေ၊ Knowledge တွေ ရှိဖို့လိုပါတယ်။ လိုအပ်လို့ရှိရင်လည်း IP နဲ့ စပ်လျဉ်းတဲ့အသင်းတွေ ဥပမာ-အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (IPPAM) လို အသင်းတွေက တာဝန်ရှိသူတွေနဲ့ အခုကတည်းက တွေ့ဆုံဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းက လက်ရှိမှာအောင်မြင်နေတယ်ဆိုပေမဲ့လည်း အောင်မြင်မှုကိုရေရှည်မှာ တည်တံ့နိုင်ဖို့အတွက်ကိုပါ IP နဲ့စပ်လျဉ်းလို့ အလေးထားဆောင်ရွက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ကိုယ့်ရဲ့ Product တွေကို ထုတ်လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။

aec2

ဦးကျော်မင်း

Chairman

Shwe Pyi Nan Group of Companies

AEC ဖြစ်လာတဲ့အခါ ဒေသတွင်းက Brand တွေနဲ့ ယှဉ်နိုင်ဖို့၊ Local Market ကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လိုပြင်ဆင်မလဲ . . .

နိုင်ငံတကာပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်လာပြီဆိုရင် နံပါတ်တစ်အရေးကြီးဆုံးအချက်က ကိုယ့်ကုန်ပစ္စည်းရဲ့ Quality ကို အမြင့်ဆုံးဖြစ်အောင် ပြင်ဆင်နိုင်ရမယ်။ နံပါတ်နှစ်အချက်က ကိုယ့်ရဲ့ Brand Image ကို ခိုင်မာအောင် တည်ဆောက်ထားရမယ်။ နံပါတ်သုံးအချက်က ကိုယ့်ရဲ့ Distribution Network ကို တတ်နိုင်သမျှ Consumer တွေနဲ့ အနီးဆုံးဖြစ်အောင် လုပ်ထားနိုင်ရမယ်။ အဲဒါဆိုရင်တော့ ကြောက်စရာမလိုပါဘူး။

aec3

ဒေါ်ချောကလျာ

Principal Architect

Statement Architecture+Design

AEC မှာထိုးဖောက်နိုင်ဖို့ မြန်မာဗိသုကာဒီဇိုင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားရမလဲ . . .

မြန်မာနိုင်ငံမှာ ဗိသုကာလက်ရာတွေအနေနဲ့ ခေတ်ပြိုင် Style တွေရှိသလို၊ မြန်မာ့ရိုးရာကိုအခြေခံတဲ့ ဗိသုကာလက်ရာတွေ၊ ရေမြေရာသီဥတုကိုအခြေခံတဲ့ လက်ရာတွေလည်းရှိတယ်။ လက်ရှိအခြေအနေက ဒီလိုလက်ရာတွေထဲမှာမှ ဘယ်လက်ရာက ဗိသုကာ အဆင့်စံမီတဲ့ လက်ရာလဲ၊ ဗိသုကာပညာရပ်ကို သေချာနားမလည်ဘဲ တတ်ရောင်ကား လက်ရာလဲဆိုတာကို ကွဲကွဲပြားပြား နားလည်လာဖို့ အချိန်တစ်ခုတော့ စောင့်ရဦးမယ်။ တကယ်အရည်အသွေးရှိတဲ့ဗိသုကာတွေက ထုတ်လုပ်လိုက်တဲ့ ဗိသုကာလက်ရာလည်းရှိသလို ပုံဆွဲတတ်တာနဲ့ Design ထုတ်တတ်တယ်ထင်ပြီး လုပ်စားနေတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုရောနေတဲ့အခါ တခြားနိုင်ငံက လာကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ ဗိသုကာလက်ရာက ဒါတွေပဲလားဆိုတာမျိုး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မြန်မာဗိသုကာလက်ရာတွေ အရည်အသွေးမီလာဖို့နဲ့ မြင့်လာဖို့လိုပါတယ်။ ပြီးတော့ ဗိသုကာအစစ်နဲ့အတုခွဲခြားနိုင်ဖို့၊ ဗိသုကာအစစ်ကလည်း ပိုပြီးအရည်အသွေးကောင်းလာဖို့ လိုပါမယ်။ အခုဆိုရင်လည်း နိုင်ငံတကာက ဗိသုကာပညာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေရောက်လာပြီး သူတို့ရဲ့ဒီဇိုင်းလက်ရာတွေလည်း ကျွန်မတို့နိုင်ငံမှာ ဆောက်လုပ်နေကြပါပြီ။ ဒီလိုသူတို့ရဲ့ လက်ရာနဲ့ ပြည်တွင်းကလက်ရာတွေ နှိုင်းယှဉ်စရာဖြစ်လာတော့ ပြည်တွင်းပညာရှင်တွေ ပိုပြီးဂရုစိုက်ဖို့လိုလာပါတယ်။  ဒါကြောင့် အရင်လို ကိုယ့်နိုင်ငံထဲမှာ တော်သင့်ရုံကြိုးစားမှုနဲ့ ရပ်တည်လို့ရရုံနဲ့ ကျေနပ်နေလို့ မရတော့ဘူး။  AEC ဖြစ်လာတဲ့အခါ ပခုံးချင်းယှဉ်ဖို့အတွက် အရည်အသွေးရှိတဲ့လူတွေဖြစ်ဖို့ လိုပါတယ်။ ဒီလိုယှဉ်ပြိုင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ဆန်းစစ်ပြီး ဖြည့်ဆည်းဖို့ အများကြီးလိုမယ်။ Professional တစ်ယောက်ရဲ့ တာဝန်ကိုနားလည်ပြီး ပညာရှင်ပီသစွာ၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ဖို့လိုပါတယ်။

aec4

ဦးစိုးညီညီ

Managing Director

Feel Restaurant

အခုလောလောဆယ်ကြားနေရတာက ကြက်သားတို့၊ ဝက်သားတို့က အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ဘန်ကောက်မှာရှိတဲ့ ကုမ္ပဏီတွေက CP ကြက်ထက် အများကြီး ဈေးသက်သာနေတယ်။ အစိုးရအနေနဲ့လည်း အပြင်က ကြက်သားတွေကို ကျွန်တော်တို့နိုင်ငံကို ပေးမသွင်းခဲ့ဘူး။ ကျွန်တော်နားလည်ထားတာကတော့ ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ ဝင်လာမှာစိုးတာရယ်၊ ပြည်တွင်းက မွေးမြူရေးလုပ်ငန်းရှင်တွေကို ထိခိုက်မှာ စိုးတာရယ်၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားငွေတွေ ပြည်ပကို ထွက်သွားမှာစိုးတာရယ်လို့တော့စဉ်းစားမိတယ်။ အခု ကြက်ဈေးတွေ အရမ်းတက်လို့ ဆိုပြီး မွေးမြူရေးနဲ့ရေလုပ်ငန်းမှာ လျှောက်မယ်ဆိုလို့ရှိရင် သွင်းခွင့်ပါမစ်ချပေးမယ်လို့ကြားရတယ်။ နိုင်ငံတော်အနေနဲ့ ကုန်ဈေးနှုန်းကြီးတာကို လျှော့ချချင်တဲ့ပုံစံပါပဲ။ လောလောဆယ်မှာ ဒေါ်လာဈေးတက်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့စားသောက်ဆိုင်တွေ တော်တော်ရှုံးတယ်။ ခက်တာက ရှုံးပေမယ့်လည်း ကျွန်တော်တို့နိုင်ငံမှာ အမြတ်ခွန်က အမြဲကောက်နေတာပဲ။ AEC ဖြစ်လာတဲ့အခါ Tax Free ကောက်လိုက်မယ်ဆိုရင် အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် Middle Classတွေ Lower Class တွေက ဘယ်လောက်ထိ စားနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ နောက်ပြီး တရုတ်ကနေ ဈေးပေါပေါနဲ့ဝင်နေတဲ့ မစားသင့်တဲ့အသားတွေလည်း ရပ်တန့်သွားမယ်ထင်တယ်။ ကျွန်တော်တို့ အခုနေကြာဆီသုံးတယ်၊ ဆိုင်တော်တော်များများကလည်း လိုက်သုံးတယ်ကြားရတဲ့အတွက် ဝမ်းသာတယ်။ နေကြာဆီကိုပါ Tax Free ပေးလိုက်မယ်ဆိုရင် လူတိုင်းနီးပါးသုံးလာနိုင်မယ်။ ဒီလိုပဲ နေ့စဉ် လူသုံးကုန်ဖြစ်တဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆီ၊ ဆန်၊ ဆား အကုန်လုံးက ဈေးသက်သာလာမယ်။

အိမ်နီးနားချင်းနိုင်ငံတွေမှာ ကျွန်တော်တို့နိုင်ငံထက် ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေအများကြီးရှိတယ်။ ကျွန်တော့်အနေနဲ့ တွက်မိတာက မွေးမြူရေးလုပ်ငန်းအနေနဲ့ ကြက်ဆိုလို့ရှိရင်လည်း မြန်မာကြက်ဆိုပြီး ဘယ်သူမှ သေချာမွေးတာမရှိဘူး။ ရွာတွေမှာ ဒီတိုင်းမွေးထားတာကိုပဲ လိုက်ကောက်ပြီးတော့မှ ရောင်းတာမျိုးဆိုတော့ တခြားနိုင်ငံတွေက တင်သွင်းလာရင်လည်း ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိပါဘူး။ အညာဒေသမှာရှိတဲ့ ဆိတ်တို့နွားတို့ဆိုတာကလည်း မြက်ခင်းမှာပဲကျောင်းပြီး အပင်တွေစားကြတာဆိုတယ်။ ငါးတွေလည်း ဒီအတိုင်းပါပဲ။ ကုန်ကျစရိတ်နဲ့ သေချာမွေးတာဆိုလို့ ပဲဖတ်၊ နှမ်းဖတ်ကျွေးတဲ့ ငါး၊ ပုစွန်လိုဟာ မျိုး၊ အခုတိရစ္ဆာန်အစာတွေ၊ ဆေးဝါးတွေ ဈေးတက်နေတဲ့အတွက် သူကို့မကိုက်ဘူးဆိုပြီး လျော့ထုတ်တယ်။ ဒီတော့ဈေးကွက်မှာ ပစ္စည်းရှားတယ်။ ဒေါ်လာဈေး တက်တဲ့အတွက်လည်း ဈေးတက်တယ်။ နောက်ပြီး အစိုးရဝန်ထမ်းတွေကို လစာတိုးပေးတိုင်း ကုန်ဈေးနှုန်းကြီးတတ်တဲ့အလေ့ကလည်း မြန်မာပြည်မှာဖြစ်နေတော့ ဒီလိုမျိုး AEC ဖြစ်လာမယ့်ကိစ္စကို ကျွန်တော့်အနေနဲ့ တအားထောက်ခံမိတယ်။

အစိုးရကလည်းဆိုင်မှာ အခွန်တံဆိပ်ခေါင်းတွေကပ်ဖို့၊ မရှောင်ဖို့၊ ရှောင်တယ်ဆိုလဲ အရေးယူဖို့ဆိုပြီး ခေါ်ပြောဘူးတယ်။ ဆိုင်နာမည်တက်လာတာနဲ့အမျှ အမြတ်ခွန်လိုက်ကောက်မယ်ဆိုရင် ကျွန်တော်တို့လည်း မခံနိုင်ဘူး။ ကုန်သွယ်ခွန်ကောက်တာအဆင်ပြေပေမယ့် ကုန်သွယ်ခွန်တက်လာတာနဲ့အမျှ အမြတ်ခွန်ကို တိုးမကောက်အောင် စီစဉ်ပေးပါဆိုပြီး တောင်းဆိုတော့ စီစဉ်ပေးမယ်လို့တော့ ပြောတယ်။ ပြောရမယ်ဆိုရင် ဆိုင်တွေမှာ ခေါက်ဆွဲကြော်တစ်ပွဲကို သုံးထောင်ဖြစ်နေတဲ့ကိစ္စတွေက အမှန်ဆိုမဖြစ်သင့်ဘူး။ ကျွန်တော်တို့လဲ ရောင်းချင်တာမဟုတ်ဘူး။ အခုဆို မီတာခက သုံးဆလောက်တက်သွားတာမျိုး၊ ဂက်စ်အိုးကို နိုင်ငံခြားက သွင်းရတာမျိုး၊ နေရာငှားခတွေ အရမ်းဈေးကြီးလာတာမျိုးနဲ့ အခုဝန်ထမ်းတွေ တစ်နေ့ဝင်ငွေ ၃,၆၀၀ ဆိုပြီး အငြင်းပွားနေတာမျိုးတွေ ကြားနေရတော့ စားသောက်ဆိုင်တွေလည်း ယိုင်ယိုင်ပဲကျန်တယ်။ အဲ့အချိန် ကုန်သွယ်ခွန်ကို တံဆိပ်ခေါင်းနဲ့ တိုးကောက်လိုက်တဲ့အခါမှာ အရင်တုန်းကညှိပြီးတော့ လုပ်ထားတဲ့ Sales တွေက အရမ်းတက်သွားတယ်။ အရင်က ကုန်သွယ်ခွန် ခုလောက်မပေးရတာတောင် မကိုက်လို့ ဆိုင်တွေပိတ် နေရတဲ့အချိန်မှာ အခုလို Sales တက်သွားတဲ့အပေါ်မှာ အခွန်ဌာနက ကောက်လိုက်မယ်ဆိုရင် ပိတ်ဖို့ပဲရှိတော့တယ်။

ဒါကြောင့် အာဆီယံနိုင်ငံတွေကနေ တရားဝင် သား၊ ငါး တွေ ဝင်လာမယ်ဆိုရင် တရုတ်ပြည်ကနေ ဝင်နေတဲ့ မစားသင့်တဲ့ နို့မှုန့်တွေဘာတွေ ပျောက်သွားမှာဖြစ်လို့ အရမ်းကောင်းပါတယ်။ အစိုးရအနေနဲ့ အမြတ်ခွန်လျော့ပေမယ့် တစ်ဖက်ကကြည့်ရင် အမြတ်ခွန်မပေးဘဲ လုပ်ငန်းလုပ်နေတဲ့သူတွေ အများကြီးရှိနေတာကို ရအောင်ဖော်ထုတ်သင့်တယ်လို့ နိုင်ငံတော်ကို အကြံပေးချင်တယ်။ အခွန်ဆောင်ပြီးသား လူကိုပဲ သဲသဲမဲမဲ ဆောင်ခိုင်းမယ့်အစား မဆောင်ရသေးတဲ့ လုပ်ငန်းတွေကိုပဲ ဖော်ထုတ်သင့်တယ်လို့ ပြောချင်တယ်။ မဟုတ်ရင် ကျွန်တော်လည်း ဒီလိုမျိုးခေတ်အဆင့်မီတဲ့ စားသောက်ဆိုင်တွေတိုးချဲ့ဖို့ကို စိတ်ဓာတ်က တဖြည်းဖြည်းကျလာပြီ။ စားသောက်ဆိုင်ရှင်တွေလည်း အာဆီယံနိုင်ငံတွေကနေ ကုန်ပစ္စည်းတွေ ဈေးပေါပေါနဲ့ ဝင်လာမယ်ဆိုရင် ဆိုင်တွေလည်း အပြိုင်အဆိုင်ဈေးလျော့ရောင်းကြမှာပဲ။ ဒါဆိုလူတိုင်းနီးပါး အဆင့်မြင့်ဆိုင်တွေ စားနိုင်ကြမယ်။ ဒါကြောင့် ကြိုဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Capacity Building တွေက နေရာတိုင်းမှာ လိုအပ်နေတယ်။ ဥပမာအနေနဲ့ နိုင်ငံတကာက အစားအသောက်တွေ ဝင်လာပြီဆိုရင် ကိုယ်ရောင်းနေတဲ့ နိုင်ငံတကာအစားအစာကိုထူးပြီး ကောင်းအောင် မကြိုးစားတော့ဘူး။ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်တဲ့အတွက် သူတို့မလုပ်နိုင်တဲ့ ကိုယ့်ဗမာအစားအစာကိုပဲ နိုင်ငံတကာက စားနိုင်အောင် တီထွင်ပြီးတော့ပဲ ရောင်းတော့မယ်လို့ စိတ်ကူးထားတယ်။

aec6

ဆရာမင်းဝေအောင်

aec5

၂၀၁၆ မှာ အာဆီယံစီးပွားရေး အသိုင်းအဝန်းဖြစ်လာတဲ့အခါမှာ မြန်မာပန်းချီဆရာတွေရဲ့ ပန်းချီကားတွေ ဈေးကွက်မှာ ရောင်းတန်းဝင်နိုင်ဖို့၊ ထိုးဖောက်နိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်ပါသလဲ . . .

ကျွန်တော်တို့မြန်မာနိုင်ငံက ပန်းချီဆရာတွေက အစောကြီးကတည်းက အာဆီယံနိုင်ငံတွေနဲ့ အဆက်အသွယ် ရှိခဲ့ပါတယ်။ မြန်မာပန်းချီဆရာတွေက စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေကို ပန်းချီကားတွေ သွားရောက်ပြသခဲ့ဖူးပါတယ်။ ၂၀၁၆ မှာ ပိုပြီးပွင့်လင်းလာမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာပန်းချီဆရာတွေက နဂိုလို ကိုယ့်ဟာနဲ့ကိုယ်ရှိနေတာလေးနဲ့ အရင်လို လုပ်နေလို့မရတော့ဘူး။ အတွေးအခေါ်၊ အယူအဆတွေ၊ အမြင်တွေပြောင်းလဲဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေက ပန်းချီဆရာတွေက ဒီလိုမျိုးဖြစ်နေပါပြီ။ တခြားစီးပွားရေးလုပ်ငန်းတွေလည်း လုပ်နေကြပါပြီ။ မြန်မာပန်းချီဆရာတွေကလည်း ကိုယ့်ပြည်တွင်းမှာပဲ ကိုယ်ပဲသာယာမနေဘဲ အာဆီယံနိုင်ငံက ပန်းချီဆရာတွေ ဘယ်လိုလုပ်နေကြတယ်၊ ဘယ်လိုတွေးခေါ်နေကြတယ်၊ ဘယ်လိုရေးဆွဲနေကြတယ်ဆိုတာ လေ့လာဖို့လိုပါတယ်။

aec7

ဦးစိုးမိုးသူ

မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးလုပ်ငန်း

AEC ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ထုတ်ကုန်ပိုင်းဆိုင်ရာမှာလိုအပ်တာတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဥပမာ- Packaging ပိုင်းဆိုင်ရာတွေ ပိုကောင်းမွန်ဖို့တွေပါ။ အခုလောလောဆယ်မှာ Auto Packaging Machine ကို ဝယ်ထားပါတယ်။ အထဲမှာပါတဲ့အသားထုပ်တွေကို ပိုမိုအထားခံဖို့အတွက် လေစုပ်ထုတ်တဲ့စက်တွေ မှာထားပါတယ်။ အဲလိုမျိုးစက်တွေကို တိုးသုံးသွားမှာပါ။ ကျွန်တော်တို့မှာ အဓိကကကုန်ကြမ်းပြဿနာပါ။ ကျွန်တော်တို့ပစ္စည်းတွေက တခြား Product တွေလိုမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်းနဲ့ လူအင်အားကို များများသုံးရတဲ့ အလုပ်များပါတယ်။

ကျွန်တော်တို့ ဟင်းရည်ခြောက်ထုပ်ဟာ ဟင်းရည်ချက်ဖို့အတွက် သုံးရတဲ့ကုန်ကြမ်းတွေကြောင့်အပြင် Chemical မသုံးတဲ့အတွက် အကြာကြီး အထားမခံပါဘူး။ ငါးလကနေ ခြောက်လအတွင်းတော့ အထားခံပါတယ်။ နိုင်ငံခြားက တချို့ဆိုရင်တော့ ရေခဲသေတ္တာထဲမှာထားတာ တစ်နှစ်လောက် အထားခံတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး Feedback တွေလည်း နားထောင်ပြီး ကိုယ့် Product ပိုင်းကို ပိုပြီးကောင်းအောင် ပြင်ဆင်နေပါတယ်။

အထူးသဖြင့် AEC မှာ ကိုယ့်နိုင်ငံကထွက်တဲ့ ပစ္စည်းတွေက ထိုးဖောက်ဖို့ လိုအပ်တဲ့အပိုင်းတွေလည်းရှိပါတယ်။ တခြားဒေသတွင်းနိုင်ငံတွေက နည်းပညာပိုင်းဆိုင်ရာတွေမှာ ပိုပြီး တိုးတက်တာမျိုးလည်းရှိတော့ ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံး ကိုယ့်ထုတ်ကုန်တွေကို နောက်ကျမကျန်ခဲ့အောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်နိုင်ငံက ထုတ်ကုန်တစ်ခုက နိုင်ငံခြားမှာ ပေါက်တယ်ဆိုတာ အဲဒီနိုင်ငံကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေက စားသုံးလို့ပါ။ တကယ်ပေါက်တယ်လို့ မဆိုနိုင်ဘူး။ အမှန်တကယ်က ကိုယ့်ထုတ်ကုန် (မြန်မာ့ရိုးရာအစားအစာ) ကို တခြားနိုင်ငံသားတွေကပါ လက်ခံပြီး စားသုံးမှသာ Brand တစ်ခုပေါက်တယ်လို့ ဆိုနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ ကြိုးစားပြီးလုပ်ကိုင်သွားမှာပါ။ မြန်မာပြည်က Brand တွေကိုလည်း ပေါက်စေချင်ပါတယ်။

aec8

ဒေါ်ကေသီဆွေ

Director

Myanmar GR Company Ltd

(Royal Myanmar Tea)

အာဆီယံဈေးကွက်အသိုင်းအဝန်းဖြစ်လာတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်အခွင့်အလမ်းတွေ ရရှိလာမှာပါ။ ဒါပေမဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။  အဲဒီ့အတွက် ပြင်ဆင်ထားရမယ့်အရာတွေလည်း များပြားပါတယ်။ မြန်မာထုတ်ကုန် ထုတ်လုပ်သူတွေအနေနဲ့ မြန်မာဈေးကွက်အကြောင်းကို ပိုင်နိုင်စွာ လေ့လာထားသင့်တဲ့အပြင် တွေ့ကြုံရမယ့်ပြိုင်ဆိုင်မှုတွေ၊   ဘယ်လိုယှဉ်ပြိုင်ထိုးဖောက်ရနိုင်မလဲဆိုတာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ Brand အမှတ်တံဆိပ်ပုံရိပ်၊ ဈေးနှုန်း၊ ထုတ်ကုန်ပစ္စည်းအရည်အသွေးနဲ့ လူသားအရင်းအမြစ်စတဲ့ ကဏ္ဍတွေမှာ နိုင်ငံတကာထုတ်ကုန်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် စနစ်တကျ တည်ဆောက်ထားရပါမယ်။ ပြည်တွင်းဈေးကွက်သာမကဘဲ အာဆီယံဈေးကွက်ဖြစ်တဲ့ သန်း ၆၀၀ ကျော်သော စားသုံးသူဈေးကွက်အတွက် ကြိုတင်စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။

မြန်မာထုတ်ကုန်တွေအနေနဲ့ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ ISO Certificate ၊ Food Safety နဲ့ Quality အတွက် HACCP Certificate စတာတွေကို ရယူထားနိုင်ရင် နိုင်ငံတကာထုတ်ကုန်တွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အားတစ်ခုပါ။ ဒါ့အပြင် Sales and Distribution Network တွေကို ကြိုတင်ချိတ်ဆက်ထားနိုင်မှလည်း အဆင်သင့်ဖြစ်နိုင်မှာပါ။ ကိုယ်ထိုးဖောက်မယ့်ဈေးကွက်ရဲ့ စံနှုန်းစံထားတွေတင်မကပါဘူး။ နိုင်ငံတကာက လက်ခံတဲ့စံနှုန်းသတ်မှတ်ချက်တွေကို သိထားရမှာပါ။

aec9

ဒေါ်မြတ်ခိုင်

Owner

Myanmar Lacquerware Shop

ကျွန်မတို့ဆီမှာ Copy Right ရှိပါတယ်။ ထိထိရောက်ရောက် အရေးယူမှုသာရှိမယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ယွန်းထည်တွေကို Logo တပ်ပြီး ထုတ်လုပ်နိုင်တဲ့ ယွန်းထည်လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ မြန်မာ့ယွန်းထည်တွေက တခြားတိုင်းပြည်က ယွန်းထည်အရည်အသွေးထက် မလျော့ပါဘူး။ AEC မှာယှဉ်ဖို့ထက် မြန်မာ့ယွန်းထည်ဟာ နေရာတစ်ခုမှာ  အကောင်းဆုံးရှိနေမယ်ဆိုရင် ကမ္ဘာကလည်း စိတ်ဝင်စားမှာပါပဲ။ ယွန်းထည်ဈေးကွက်ကတော့ တိုင်း ပြည်ကိုလာလည်တဲ့ Tourists တွေပေါ်မှာ မူတည်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာပြည်မှာ များများလာလည်နိုင်မယ် လာဖို့ပျော်ကြမယ်ဆိုရင် ဒီလုပ်ငန်းသာမက တခြားလက်မှုလုပ်ငန်းလုပ်တဲ့သူတွေ၊ လုပ်ငန်းတွေ အဆင်ပြေမှာပါ။

aec10

ဒေါ်စိုးအေမီကျော်

CEO

Ananda Cocoa & Coffee

Quality  ကောင်းပြီး ကိုယ့်ရဲ့ပစ္စည်း Product ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူး၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းထားနိုင်တယ်ဆိုရင် ဝယ်ယူစားသုံးသူတွေ များလာမှာပါပဲ။ အာဆီယံဒေသတွင်းက Product တွေနဲ့ ယှဉ်နိုင်ဖို့က Volume Increase လုပ်ဖို့ လိုပါတယ်။ ဗီယက်နမ်ကော်ဖီ၊ အင်ဒိုနီးရှားကော်ဖီတို့ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ်ဆိုရင် သူတို့ကော်ဖီက လူတန်းစားမရွေး စားသောက်သုံးနိုင်တဲ့ ကော်ဖီမျိုးတွေ အများကြီးပါပဲ။ Volume တိုးလာရင် Quality ကျနိုင်ပါတယ်။ ဒါကြောင့် Volume Increase လုပ်ဖို့အတွက် အမျိုးအစားတွေ နှစ်မျိုး၊ သုံးမျိုးလောက် ပြင်ဆင်ထားရမှာပါ။ ဈေးနှုန်းကလည်း အများကြီး ယူလို့မရဘူး။ ကိုယ်က ဘယ် Market ကိုသွားမှာလည်းဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ Quality ကောင်းတဲ့ Market ကို သွားချင်တာကြောင့် အဲဒီတစ်ဆင့်ကပဲ Volume Increase လုပ်သွားမှာပါ။ ကိုယ်နိုင်သလောက်ပဲ Volume တက်သွားတိုင်းလည်း Quality က ပိုကောင်းနေရမယ်ဆိုပြီး ပြင်ဆင်နေပါတယ်။ Quality Control ပိုင်းအတွက် Expert လေးယောက်ကို ခေါ်ယူထားပြီး စိုက်ခင်းပိုင်းဆိုင်ရာတွေမှာ လုပ်ကိုင်နေပါတယ်။

aec11

ဒေါက်တာအောင်သိန်း

Managing Director

NIBBAN Electric & Electronics

အဓိကကတော့ ကိုယ့်ရဲ့ပြည်တွင်းဈေးကွက်ကို ခိုင်မာအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ခိုင်မာ အောင် တည်ဆောက်နိုင်ပြီ၊ ကိုယ်ကလည်းအားကောင်းလာပြီဆိုရင် တခြားနိုင်ငံဈေးကွက်တွေကို ပြန်ချဲ့ထွင် လို့ရလာမှာပါ။ AEC ဆိုတာ အခွင့်အရေးက အပြန်အလှန်ရတာပါ။ ကိုယ်က တခြားနိုင်ငံက ကုန်စည်တွေကို Product တွေကို အခွန်တွေလျော့ပေါ့ပေးတာတို့၊ လုံးဝမကောက်ခံတာတို့ ပြုလုပ်ပေးသလို ကိုယ့်နိုင်ငံက ကုန်စည်တွေဟာလည်း တခြားနိုင်ငံတွေမှာ တန်းတူအခွင့်အရေးကို ရရှိမှာဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်မှာရှိထားပြီးသား၊ ရထားပြီးသား ပြည်တွင်းဈေးကွက်ကို ခိုင်မာအောင်တည်ဆောက်ဖို့၊ ကာကွယ်နိုင်ဖို့အပြင် နောက်တစ်ဆင့်အနေနဲ့ ကိုယ်ကသူများနိုင်ငံက ဈေးကွက်တွေကို ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

aec12

ဒေါက်တာခင်မောင်လွင်

Managing Director

FAME Pharmaceuticals

AEC ဖြစ်လာတာဟာ တိုင်းပြည်တိုးတက်လာဖို့အတွက် အများကြီးအထောက်အကူ ဖြစ်စေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ FAME အနေနဲ့ကတော့ ကြိုဆိုပါတယ်။အရင်က ဈေးကြီးတဲ့ပြည်ပသွင်းကုန်တွေကို တိုင်းသူပြည်သားတွေက ဈေးသက်သက်သာသာနဲ့ ရလာမှာဖြစ်တာကြောင့် စားသုံးသူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြားကကုန်စည်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။

ဒီလိုထိုးဖောက်တဲ့အခါမှာ သိထားသင့်တဲ့ နိုင်ငံတကာစံနှုန်းတွေ

အရေးကြီးဆုံးအချက်ကတော့ အဲဒီပစ္စည်းက ကိုယ့်နိုင်ငံမှာ အရင်မှတ်ပုံတင်ထားတဲ့ပစ္စည်းဖြစ်ဖို့ လိုပါတယ်။  ကိုယ့်နိုင်ငံမှာတောင် မှတ်ပုံတင်မထားတဲ့ပစ္စည်းကို သူတို့ကို သွားရောင်းလို့ရမှာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက Registration Process နဲ့ ပတ်သက်လို့ ဒီပစ္စည်းက ထုတ်လုပ်ခွင့်၊ရောင်းချခွင့် တရားဝင်ဖြစ်ဖို့ လိုတယ်ဆိုတာကတော့ နံပါတ်တစ် လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုရင် လက်ရှိပြည်တွင်းမှာ ရောင်းနေတာတွေအကုန်လုံးကို တိုင်းရင်းဆေးဝါးဌာန မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ နောက်ပြီး Quality Product ဖြစ်ဖို့အတွက် GMP Certificate နဲ့ ISO Certificate တွေ ရရှိထားပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ စက်ရုံဖြစ်တယ်ဆိုတဲ့ Certificate ဖြစ်တဲ့ ISO 14001:2004 (Enviromental Management System - EMS) ကိုလည်း ရရှိထားပါတယ်။ နောက်ပြီး Organic ဖြစ်တဲ့အတွက် Organic Certificate တွေလည်း ရရှိထားပါတယ်။

aec13

ဦးရဲမင်းအောင်

အထွေထွေအတွင်းရေးမှူး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

စနစ်တကျထုပ်ပိုးထားတဲ့ Packing ကောင်းရမယ်။ အလေးချိန်က မှန်ကန်ရမယ်။ ရောင်းချတဲ့ပစ္စည်းက အစားအသောက်ဖြစ်တဲ့အတွက်ကြောင့် အစားအစာ လုံခြုံမှုရှိရမယ်။ International Standard တွေနဲ့ ကိုက်ညီရမယ်။ Quality နဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ်။ အရသာလည်းကောင်းရမယ်။ ဒါက Production အပိုင်းမှာ စီစဉ်ဆောင်ရွက်ရမယ့် အပိုင်းတွေဖြစ်တယ်။ ဒုတိယပြင်ဆင်သင့်တာကတော့ Marketing ပဲ။ ကျွန်တော်တို့ Product တွေ ဘယ်လောက်ကောင်းအောင်ထုတ်ထုတ်၊ Marketing ၊ Promotion ၊ Advertising မကောင်းရင် ဈေးကွက်မှာချိတ်ဆက်ပြီး ရောင်းဖို့ခက်တယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေထဲက I 5 နိုင်ငံ တွေမှာ Marketing ကောင်းကောင်းလုပ်ရမယ်။ တတိယအရေးကြီးဆုံးအချက်ကတော့ Financing ပဲ။ ကျွန်တော်တို့ လုပ်ငန်းတွေလုပ်တဲ့အခါ လိုအပ်တဲ့ ငွေကြေးအကူညီကို လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ အများစုရှိတာက SME တွေ၊ SMI တွေ များတယ်။

အယ်ဒီတာအဖွဲ့