ပထမဦးဆုံး TED Talk ကို ၁၉၈၄ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ Richard Saul Wurman နဲ့ Harry Marks တို့က စတင်ကျင်းပခဲ့တာ ဖြစ်တယ်။ TED ရဲ့ အဓိပ္ပာယ်မှာ (Technolgy ၊ Entertainment ၊ Design) နည်းပညာ၊ ဖျော်ဖြေမှုနဲ့ ဒီဇိုင်းတို့ဖြစ်ပြီး ပထမဆုံး TAD Talk မှာ နည်းပညာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ပါတယ်။
ပထမဆုံး TAD Talk ဟာ ငွေရေးကြေးရေးအရ အောင်မြင်မှုမရခဲ့ပါဘူး။ ဒုတိယအကြိမ်ဟောပြောပွဲကို ခြောက်နှစ်အကြာ ၁၉၉၀ ပြည့်နှစ်မှာ ထပ်ပြီးကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်း နာမည်ရလာကာ ၂၀၀၉ ခုနှစ်အထိ နှစ်စဉ် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား Monterey မှာ ကျင်းပလာခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်သူများပြားလာပြီး Long Beach မှာ ပြောင်းလဲကျင်းပခဲ့ပါတယ်။ အစပိုင်းမှာ ဟောပြောသူတွေကို နည်းပညာ၊ ဖျော်ဖြေမှုနဲ့ ဒီဇိုင်းနယ်ပယ်မှ ရွေးချယ်ဟောပြောစေပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်၊ တွေးခေါ်ပညာရှင်၊ ဂီတပညာရှင်၊ ဘာသာရေးခေါင်းဆောင်နဲ့ တခြားနယ်ပယ်အသီးသီက လူတွေကို ဖိတ်ခေါ်ဟောပြောစေခဲ့ပါတယ်။ TED Talk မှာ ဟောပြောသူတစ်ဦးကို အများဆုံး ၁၈ မိနစ်အထိသာခွင့်ပြုပါတယ်။ TED Talk ဟောပြောသူတွေဖြစ်တဲ့ သမ္မတကလင်တန်၊ ဒုသမ္မတအယ်ဂိုး၊ တေးသံရှင် ဘိုနို၊ ဗြိတိန်ဝန်ကြီးချုပ်ဂေါ်ဒွန်ဘရောင်း၊ ဘာသာရေးခေါင်းဆောင် ဘီလီဂရေဟမ်၊ ဘီဂိတ်ကနေ အစပြုပြီး Google တည်ထောင်သူတွေဖြစ်တဲ့ လာရီပေ့ဂျ်နဲ့ ဆာဂျီဘရင်းတို့အထိ ပါဝင်ပါတယ်။
၂၀၀၆ ခုနှစ်ရဲ့ TED ဟောပြောပွဲကို ဖိတ်ကြားသူတွေသာ တက်ရောက်ခွင့်ရပြီး တက်ရောက်ခတစ်ပွဲကို ဒေါ်လာ ၄,၄၀၀ ပေးကြရပါတယ်။ ၂၀၀၇ ခုနှစ်မှာ Membership ပုံစံကိုပြောင်းလဲပြီး နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ခြောက်ထောင်ပေးဆောင်သူ Member တွေ တက်ရောက်ခွင့်ရခဲ့ပါတယ်။ တက်ရောက်ခွင့်မရသူတွေအနေနဲ့ ၂၀၀၆ ခုနှစ်ကစပြီး TED com မှာ အင်တာနက်ကတစ်ဆင့် အခမဲ့ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ ပညာရပ်ဆိုင်ရာဟောပြောမှုတွေကို Online ကနေ အများဆုံး ကြည့်ရှုကြပြီး အနုပညာနဲ့ ဒီဇိုင်းဆိုင်ရာဟောပြောမှုတွေကိုတော့ ကြည့်ရှုသူနည်းပါးပါတယ်။
၂၀၁၄ ခုနှစ်မှာ TED ဟောပြောပွဲတွေကို ကနေဒါနိုင်ငံနဲ့ ဗြိတိသျကိုလံဘီယာတို့မှာ ပြောင်းရွှေ့ကျင်းပပါတယ်။ TED ဟောပြောပွဲတွေဟာ ဝင်ကြေး၊ စပွန်ဆာခတွေ၊ အကျိုးအမြတ်မယူတဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းတွေရဲ့ ထောက်ပံ့ငွေ၊ လိုင်စင်ခနဲ့ TED ဟောပြောမှုတွေကို စာအုပ်ပြန်လည်ထုတ်ဝေခြင်းတို့က ဝင်ငွေရရှိပါတယ်။ Google ၊ GE ၊ AOL ၊ Goldman Sachs နဲ့ Cocacola တို့က TED ဟောပြောပွဲတွေရဲ့ အဓိက ပံ့ပိုးသူစပွန်ဆာတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စပွန်ဆာတွေဟာ ပွဲရဲ့အခမ်းအနားအပြင်အဆင်တွေနဲ့ စပ်လျဉ်းပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့အပြင် စင်မြင့်မှာ သူတို့ရဲ့ Logo ဒီဇီုင်းတွေကို ဖော်ပြခွင့်မရှိပါဘူး။ နယူးယောက်နဲ့ ဗန်ကူးဗားမြို့နှစ်မြို့မှာ TED ရဲ့ အမြဲတမ်း ဝန်ထမ်း ၁၄၀ က လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ TEDx ဟာ TED ပုံစံဟောပြောပွဲမျိုးဖြစ်ပြီး TED က လိုင်စင်ပေးထားတဲ့သူတွေက ကျင်းပခွင့်ရှိပါတယ်။ လိုင်စင်ကြေးပေးဖို့ မလိုအပ်ပါ။ TEDx ဟောပြောပွဲတွေကို အမြတ်အစွန်းရဖို့ ကျင်းပတာမဟုတ်ပေမဲ့ ကုန်ကျစရိတ် ကာမိစေဖို့ လက်မှတ်ရောင်းချတာ၊ ထောက်ပံ့တဲ့ စပွန်ဆာကုမ္ပဏီတွေရဲ့ အကူအညီရယူတာတွေကို ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော TEDx ဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်က အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပသွားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ပထမဆုံး TEDx ပွဲအတွက် ဝင်ကြေးမှာ ကျပ်တစ်သိန်း သတ်မှတ်ထားရှိပြီး တက်ရောက်သူများပြားတာကို တွေ့ရပါတယ်။ တက်ရောက်လာသူတွေအတွက် လက်ဆောင်တွေ၊ ကော်ဖီ၊ လက်ဖက်ရည် နေ့လယ်စာတို့နဲ့ TEDx ရဲ့ နိုင်ငံတကာအရည်အသွေးအတိုင်း ကောင်းမွန်သင့်မြတ်စွာ စီစဉ်ပေးထားတာကြောင့် ထိုက်တန်ပါတယ်။
Myanmar Connects ဆိုတဲ့ Theme နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနဲ့ကမ္ဘာကို ချိတ်ဆက်ပေးဖို့၊ မြန်မာကို ကမ္ဘာက ပိုမိုသိရှိနားလည်လာဖို့ ရည်ရွယ်ထားပါတယ်လို့ စီစဉ်သူ ဒေါ်သီရိသန့်မွန်က ပြောပါတယ်။ ဒေါ်သီရိသန့်မွန်က မြန်မာနိုင်ငံမှာ TEDx ဟောပြောပွဲတွေကျင်းပဖို့ လိုင်စင်ရထားသူဖြစ်ပါတယ်။ TEDX Inyalake မှာ ဟောပြောသူပေါင်း ၁၆ ဦးပါဝင်ပြီး တစ်ဦးကို ၁၈ မိနစ်ခန့် တင်ဆက်ပြောကြားသွားပါတယ်။ ဟောပြောသွားတဲ့အကြောင်းအရာတွေမှာ စာပေ၊ ယဉ်ကျေးမှု၊ အမျိုးသမီးရေးရာ၊ စီးပွားရေး၊ နည်းပညာ အစရှိသဖြင့် စုံလင်ပါတယ်။ တင်ပြသွားသူ တစ်ဦးချင်းဟာ ကိုယ်ပိုင်ဘဝအတွေ့အကြုံ ကြွယ်ဝသလို စူးရှတဲ့အတွေးအမြင် ခံယူချက်တွေရှိတာကြောင့် ဟောပြောမှုတစ်ခုချင်းဟာ အသက်ဝင်တောက်ပလျက်ရှိပါတယ်။ TEDX Inyalake မှ ဟောပြောမှုများကို TED.com နဲ့ You Tube တို့မှာ မကြာမီတွေ့မြင်ခံစားကြရမှာ ဖြစ်ပါတယ်။
TEDx အပြင် TEDx Youth ၊ TEDx Corporate နဲ့ TEDx Women အစရှိတဲ့ တခြားဟောပြောပွဲတွေလည်း ရှိဦးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ TEDx Youth ကို ထပ်ပြီးကျင်းပဦးမယ်လို့ စီစဉ်သူက ဆိုပါတယ်။
အယ်ဒီတာအဖွဲ့