MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနဲ့ ကော်ဖီ
Editorial
December 4, 2014
Highlight
Interview
Profile
အခုတလောကော်ဖီကိုအရင်တုန်းကထက် ကြိုက်နှစ်သက်သူတွေ များပြားလာတာကို တွေ့ရပါတယ်။ ရုံးဝန်ထမ်းတော်တော်များများဆိုရင် လက်ဖက်ရည်ထက် ကော်ဖီကိုပိုပြီးသောက်လာကြပါတယ်။ ကော်ဖီသောက်လိုက်ရင် ကော်ဖီမှာပါဝင်တဲ့ Caffine ဓာတ်ရဲ့လှုံ့ဆော်မှုကြောင့် လန်းဆန်းတဲ့အာရုံတွေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ပြီး ဦးနှောက်ကြည်လင်လာနိုင်တယ်ဆိုတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးရလဒ် ကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကောင်းတာတွေရှိသလို ပုံမှန်ထက်ပိုလာမယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီနဲ့ပတ်သက်ပြီး ကော်ဖီရဲ့အကျိုးသက်ရောက်မှုတွေ၊ ဘယ်ကော်ဖီအမျိုးအစားတွေက ကိုယ့်ကျန်းမာရေးအတွက် အထောက် အကူပြုတယ် စသဖြင့် ကော်ဖီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကော်ဖီလုပ်ငန်းအတွေ့အကြုံရှိတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာတွေကို စာဖတ်ပရိသတ်အတွက် ဗဟုသုတရစေခြင်းငှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကိုဇော်ဖုန်း
Co-Founder
Element Coffee Consulting and Machine Supplies
ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံမှာတင်မက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတွေမှာပါ ရှိပါတယ်။ ကျွန်တော်တို့ ဆီမှာ ကော်ဖီစက်၊ ကော်ဖီကြိတ်စက်၊ ဖျော်စက်နဲ့ Accessory တွေကအစ ရပါတယ်။ ကိုယ်တိုင်ကော်ဖီစေ့ကို လှော် ပါတယ်။ ကော်ဖီစေ့က Fresh ဖြစ်ဖို့ အရေးကြီးတဲ့အတွက် နိုင်ငံခြားကနေ လှော်ပြီးသားကော်ဖီတွေကို တင်သွင်းတာမျိုး မလုပ်ပါဘူး။ ကိုယ့်ရဲ့ Customer တွေ ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေကိုလည်း ကျွန်တော်တို့က စက်ပစ္စည်းတွေနဲ့ Fresh Bean ကိုပဲ Supply လုပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က SCAE Certified Roast Master ပါ။ SCAE ဆိုတာက Speciality Coffee Association of Europe ပါ။ ကျွန်တော်တို့ Training တွေလည်းယူထားပြီး အသိအမှတ်ပြုထားပြီးသားပါ။ အဲဒီက စံချိန်စံညွှန်းတွေအ တိုင်း ကော်ဖီလှော်ပါတယ်။ ကိုယ့်ဆီက စက်ဝယ်ယူတဲ့ လူတွေ နဲ့ စိတ်ဝင်စားတဲ့လူတွေကို Training တွေလည်း လုပ်ပေးပါ တယ်။ ကော်ဖီနဲ့ပတ်သက်ပြီး Training ပေးလာတာ ဆယ် နှစ်လောက် ရှိပါပြီ။ Cup of Excellent လို့ခေါ်တဲ့ နိုင်ငံ တကာစံချိန်နဲ့ အမှတ်ပေးပြီး ယှဉ်လိုက်မယ်ဆိုရင် မြန်မာ နိုင်ငံက ကော်ဖီစေ့တွေက အမှတ်အများကြီးမရသေးပါဘူး။ ဒါကြောင့်သုံးမယ်ဆိုရင်လည်း ကော်ဖီစိုက်လိုက်တဲ့အချိန်က စပြီး ခူးတဲ့၊ ရလာတဲ့အသီးကို လှော်တဲ့ Processing တွေကို လုပ်တဲ့အခါ နည်းပညာပိုင်းမှာ အများကြီး လိုအပ်နေပါ သေးတယ်။ ကျွန်တော်တို့ သုံးမယ်ဆိုရင်လည်း အကောင်းဆုံး မြန်မာကော်ဖီစေ့ကိုသုံးပါတယ်။ Single Origin Coffee Bean တွေဆိုရင်လည်း အီသီရိုးပီးယား၊ အာဖရိက၊ ကိုစတာ ရီကာ၊ ကိုလံဘီယာ၊ ဘရာဇီး စတဲ့ နိုင်ငံတွေက ကော်ဖီစေ့တွေ ကိုလည်း ယူပါတယ်။ ကော်ဖီစေ့နဲ့ပတ်သက်လို့ ဘယ်နိုင်ငံက ကော်ဖီစေ့က အကောင်းဆုံးဆိုတာ မရှိပါဘူး။ သောက်သုံးသူရဲ့ Personal Taste ကိုမူတည်ပြီး အကြိုက်ကွဲသွားမှာပါ။နောက်ပြီး လူအများစုက ကော်ဖီဆိုရင် ခါးမှကောင်းတယ် ဆိုတာကိုပဲ သိထားကြပါတယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။ အခုနောက်ပိုင်း Speciality Coffee Trend က ကော်ဖီတစ် ခွက်ကို သောက်လိုက်မယ်ဆိုရင် အချဉ်ဓာတ်(Acidity) ရှိရမယ်။ ဒါကြောင့် ပထမဆုံး တစ်ငုံသောက်လိုက်တာနဲ့ လျာမှာ အချဉ်ဓာတ်လေးရမယ်။ နည်းနည်းကြာလာတဲ့အခါ မှာ အရသာပြောင်းလာပြီး ချော့ကလက်(Dark Chocolate) လို အခါးအရသာရှိမယ်။ Flavour ရှိလာမယ်။ နောက် တဖြည်းဖြည်းကြာသွားရင် လျာပေါ်မှာ အချိုဓာတ်ကဲလာ မယ်။ အဲဒီအချိုဓာတ်က အသီးအရသာတစ်ခုခုကို လျာ ပေါ်မှာ နှစ်မိနစ်၊ သုံးမိနစ်လောက် စွဲနေမယ်။ ရေသောက် လိုက်ရင်တောင် ကျန်နေတယ်။ အဲဒါကို ကော်ဖီတစ်ခွက်ရဲ့ Body ပိုင်းလို့ခေါ်ပါတယ်။ Body ပိုင်းဆိုတာက ရေသောက် တာနဲ့ နွားနို့သောက်တာ ယှဉ်လိုက်မယ်ဆိုရင် ရေသောက်တာ ကကျဲတယ်။ နွားနို့သောက်တာ ပျစ်တယ်ဆိုရင် လျာပေါ်မှာ အရသာစွဲနေတာက နွားနို့ပေါ့။ ကော်ဖီတစ်ခွက် သောက်မယ် ဆိုရင် Acidity, Flavour, Aroma (အနံ့၊ အရသာ) စတာ တွေအပြင် လျာပေါ်မှာ ဘယ်လောက်ကြာကြာ တင်ကျန်နေ သလဲဆိုတဲ့ Body ပိုင်းစတာတွေနဲ့ ပြည့်စုံရမှာပါ။ ကျွန်တော် တို့နောက်ပိုင်းသွားနေတဲ့ Trend အရ ကော်ဖီဆိုတာလည်း ဝိုင်လိုမျိုးပဲ။ ဝိုင်ကိုသောက်မယ်ဆိုရင် ဝိုင်မှာက Processing ပေါ်မူတည်ပြီး အရသာအမျိုးမျိုးရှိတာကြောင့် သောက်တဲ့သူရဲ့အကြိုက်ကိုလိုက်ပြီး အရသာကွဲသွားတာမျိုးပါ။ ကော်ဖီကောင်းတစ်ခွက်ဖြစ်ဖို့ဆိုရင် လေးချက်ရှိ ပါတယ်။ နံပါတ်တစ်အနေနဲ့ ကော်ဖီဖျော်စက်က အရည်အ သွေးကောင်းရမယ်။ အပူချိန်၊ ဖိအား စတာတွေကို ထိန်းနိုင် ရမယ်။ နံပါတ်နှစ်ကတော့ ကော်ဖီကြိတ်စက်ပါ။ နံပါတ်သုံး ကတော့ ကော်ဖီစေ့အရည်အသွေးပါ။ ကော်ဖီစေ့ မကောင်းရင် လည်း အရသာရှိတဲ့ ကော်ဖီဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ နံပါတ်လေးက ကော်ဖီဖျော်တဲ့သူ (Brista) ပါ။ အချက်သုံး ချက်လုံး ပြည့်စုံတယ်။ ကော်ဖီဖျော်တဲ့သူက ဖျော်ပုံဖျော်နည်း မသိဘူး၊ မှားနေတယ်ဆိုရင်လည်း ကော်ဖီကောင်းထွက်လာ မှာမဟုတ်ပါဘူး။ အဲဒီလေးချက်နဲ့ပြည့်စုံမှ ကော်ဖီကောင်း ထွက်မှာပါ။ ကော်ဖီက ကျန်းမာရေးအတွက် ကောင်းတယ်၊ ဆိုးတယ် စတာတွေကို Debate တွေ အများကြီး လုပ်လာ တာကြာပါပြီ။ နောက်ဆုံး သုတေသနလုပ်ထားချက်အရ US (အမေရိကန်) မှာ လူပေါင်းထောင်ချီပြီး နှစ်ပေါင်း၂၀ ကျော် လေ့လာမူတွေလုပ်ထားတာက ကော်ဖီရဲ့အာနိသင်အရ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးရှိတယ်လို့ ဆိုပါ တယ်။ ကော်ဖီရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက Body Immune System ကိုပေးတယ်။ လက်ဖက်ခြောက်ဆိုရင် ကော်ဖီလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်။ ဒါ ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ကျွန်တော်ဆိုလိုတာက Pure Coffee ကိုပဲ ပြောတာပါ။ အသင့် ဖျော်ရောနှောထားတဲ့ကော်ဖီ (Instant Coffee) ကိုပြောတာ မဟုတ်ပါဘူး။ Espresso Black Coffee ဆိုရင် ကျန်းမာရေး အတွက် အကောင်းဆုံးပါပဲ။ တကယ်လို့ နွားနို့ကြိုက်တတ် ရင် နွားနို့ရောသောက်လို့ရတယ်။ သကြားအများကြီး ရော သောက်ရင်တော့ ဆီးချိုဖြစ်တတ်ပါတယ်။ ကော်ဖီရဲ့ အာနိသင်အရဆိုရင် ကင်ဆာကို တိုက်ဖျက်ပေးတယ်။ ဆီးချိုကို ကာကွယ်ပေးတယ်။ ထိခိုက်ကွဲရှမှုဖြစ်ရင် ပျောက်တာပိုမြန်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို တွေ့ရပါတယ်။ ကျွန် တော်ပြောချင်တာက စစ်မှန်တဲ့ ကော်ဖီကို စစ်မှန်တဲ့နည်း လမ်းနဲ့သောက်မယ်ဆိုရင် ကိုယ့်ကျန်းမာရေးအတွက် အကျိုး ရှိပါတယ်။ ကျွန်တော်တို့က အဓိကအားဖြင့် ဆိုင်သုံး၊ အိမ် သုံးအတွက် ကော်ဖီမှုန့်သောက်ချင်တယ်ဆိုရင် ကော်ဖီစေ့ လှော်ပြီးသားကို လေလုံနေအောင် ထိန်းသိမ်းထားပေးတယ်။ Customer လာမယ် ဆိုတော့မှ ကော်ဖီကို ကြိတ်ပေးတယ်။ Instant Coffee နဲ့ Pure Coffee ဆိုတာတွေက သူ့ဈေးကွက် နဲ့သူရှိပါတယ်။ ကိုယ့် Trend နဲ့ ကိုယ်သွားနေကြတာပါ။ ကော်ဖီစေ့ပိုင်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က ASEAN Coffee Federation မှာ မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြု Committee Member ပါ။ မြန်မာနိုင်ငံမှာ ကော်ဖီစိုက်တဲ့ သူတွေ နည်းစနစ်မှန်ကန်ဖို့ Processing လုပ်တဲ့အဆင့်တွေ ကို ကျွန်တော်တို့အနေနဲ့ ASEAN Federation နဲ့ပူးပေါင်း ပြီး နည်းပညာပိုင်းကအစ လုပ်သင့်တာတွေကို ပြောပြပေး နေပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ကော်ဖီအ ရည်အသွေးတိုးတက်လာအောင် ဆက်တိုက်လုပ်သွားမှာပါ။
Ahpar Hlaing
လက်ထောက်အထွေထွေမန်နေဂျာ
Shwe Pu Zun Co Ltd
ကော်ဖီကတော့ ကျွန်တော်တို့စိုက်နေတဲ့ အမျိုးအစားက Arabica မျိုးဖြစ်ပါတယ်။ ပေသုံးထောင် အထက်မှာ စိုက်တာ ပါ။ ကျွန်တော်တို့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်၊ မြောက်ပိုင်း နောင်ချို၊ ပြင်ဦးလွင်ခရိုင်တွေမှာ စိုက်ပျိုးထား ပါတယ်။ ကျွန်တော်တို့ကော်ဖီစိုက်ဧကအနေနဲ့ အခုလော လောဆယ်မှာ ဧကခြောက်ရာလောက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ဧကတစ်ထောင်လောက် ရှိလာမှာပါ။ ကျွန်တော် တို့ရဲ့ရည်ရွယ်ချက်ကလည်း ကော်ဖီစိုက်တဲ့ပျိုးခင်းထဲက နေပြီး ကော်ဖီကောင်းတစ်ခွက် ထွက်လာတဲ့အထိ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်းဖြစ်အောင် စိုက်ပျိုးနေပါ တယ်။ နောက်တစ်ခုက ကော်ဖီခြံတွေမှာ Organic ကို ၄၀ ကနေ ၅၀ ရာခိုင်နှုန်းထိဖြစ်အောင် စိုက်ပျိုးနေပြီး ၂၀၁၈ ခုနှစ်မှာ ၤ Fully Organic ဖြစ်အောင် စိုက်ပျိုးသွားမှာပါ။ ဒီလို နိုင်ငံတကာဈေးကွက်ဝင်အောင် စိုက်ပျိုးတယ်ဆိုပေမဲ့ သက်သာ တဲ့ဈေးနှုန်းနဲ့လည်း ရောင်းချပေးနေတာဖြစ်ပါ တယ်။ ကော်ဖီစေ့တွေကို ကိုယ်တိုင်လည်း လှော်တဲ့အပြင် စားသုံးသူတွေအတွက် ဓာတုပစ္စည်းတွေ ကင်းရှင်းအောင် စိုက်ပျိုးထုတ်လုပ်ထားပါတယ်။ ကော်ဖီကောင်းတစ်ခွက် ဖြစ်ဖို့ဆိုရင် ကော်ဖီပင်က သန်စွမ်းမှုရှိရမယ်။ ရင့်မှည့်ချိန်မှန်ရမယ်။ ခူးတဲ့အချိန်မှာ နီရဲတောက်ပြောင်တဲ့ ကော်ဖီစေ့ရဖို့လိုပါတယ်။ ခူးတဲ့အချိန် မှာ အစိမ်းရောင်တွေ ပါသွားရင် ကော်ဖီရဲ့အရည်အသွေးကျ တယ်။ ကျွန်တော်တို့ တောင်ပေါ်ကော်ဖီတွေကတော့ ကော်ဖီ Caffine ဓာတ်တွေလျော့အောင်လို့ Wet Method (Fully Wash လုပ်ပြီး)နည်းနဲ့ သုံးပြီးထုတ်လုပ်ထားပါတယ်။Wet Method သုံးတဲ့အတွက် ကော်ဖီရဲ့အရည်အသွေးကလည်း ပိုမြင့်ပါတယ်။ မြေနိမ့်ကော်ဖီတွေဆိုရင် Dry Method သုံးတယ်။ Dry Method ဆိုတာက ခူးလာတဲ့ ကော်ဖီဆန်တွေကို အခြောက်လှမ်းပြီးတော့ အခွံချွတ်ပြီး လှော်တဲ့ကော်ဖီမျိုး ပါ။ ကော်ဖီကောင်း မကောင်းဆိုတာ သုံးစွဲတဲ့ကော်ဖီစေ့ကောင်း မကောင်းဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကော်ဖီ ဆိုတာက Caffine ဓာတ်များတော့ တချို့ကလည်း ရင်တုန် တယ်။ ကျွန်တော်တို့ ရွေပုဇွန်ကော်ဖီကတော့ Caffine ဓာတ်ကို စစ်ဆေးထားပါတယ်။ လူတစ်ယောက်ရဲ့ Caffine ဓာတ်ခံနိုင်ရည်အားကို သတ်မှတ်ထားတာရှိပါတယ်။ ခံနိုင် ရည်အားပြည့်တဲ့သူဆိုရင် ကျွန်တော်တို့ကော်ဖီကို တစ်နေ့ သုံးခွက်သောက်လို့ရပါတယ်။ မြေနိမ့်ကော်ဖီတွေကတော့ Caffine ဓာတ်များတော့ အများကြီးသောက်လို့သိပ်မကောင်း ပါဘူး။ ဒါပေမဲ့ကော်ဖီကို ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ မူ တည်ပြီးတော့ပဲ သောက်သင့်ပါတယ်။ ရွှေပုဇွန်တံဆိပ်နဲ့ ကော်ဖီတွေကို နိုင်ငံရပ်ခြားအထိ ထိုးဖောက်ဖို့လည်း ရည်ရွယ် ချက်ထားပါတယ်။ ခုလက်ရှိလည်း တင်ပို့နေတာတွေရှိပါ တယ်။ ခုနောက်ပိုင်းမှာ Instant Coffee ထက်စာရင်Pure Coffee တွေကို ပိုသောက်လာတာကလည်း ကျန်းမာရေးအ သိရှိလာတယ်လို့ဆိုရမှာပေါ့။ ကျွန်တော်တို့ကတော့ ကော်ဖီ မှုန့်ကို နိုင်ငံတကာအဆင့်မီအောင် ထုတ်လုပ်သွားမှာပါ။
ကိုသန်းဇော်
Director
Thit Sar Coffee Co Ltd
ကျွန်တော်တို့ တင်သွင်းတဲ့ပစ္စည်းက Coffee Machine, Coffee Grinder၊ ကော်ဖီဖျော်တဲ့နေရာမှာသုံးတဲ့ Raw Material တွေနဲ့ Coffee နဲ့ပတ်သက်တဲ့ Accessory တွေ စသဖြင့် အများကြီးတင်သွင်းရောင်း ချနေပါတယ်။ ကော်ဖီ တစ်ခွက်ကောင်း မကောင်းဆိုတာ ကျွန်တော့်အတွေ့အကြုံ အရ သုံးခုရှိတယ်။ နံပါတ်တစ်အနေနဲ့ ကော်ဖီစက်ကောင်းရ မယ်။ ပြီးတော့အသုံးပြုတဲ့ကော်ဖီစေ့ကောင်းရမယ်။ ကော်ဖီ ဖျော်ပုံဖျော်နည်းနဲ့လည်း ဆိုင်ပါတယ်။ အဲဒီအထဲက တစ် ခုခုချို့ယွင်းသွားရင် အနံ့အရသာနဲ့ပြည့်စုံပြီး ကောင်းမွန်ပြီး Perfect ဖြစ်တဲ့ ကော်ဖီကောင်းတစ်ခွက် မဖြစ်နိုင်ပါဘူး။ ကော် ဖီစေ့မှာဆိုရင် Pure Coffee အနေနဲ့ ကမ္ဘာမှာအကောင်းဆုံးလို့ သတ်မှတ်ထားတာကတော့ ဂျမေကာကနေထွက်တဲ့ ဘလူး မောင်တိန်း၊ အာဖရိကနိုင်ငံတွေကထွက်တဲ့ တန်ဇန်းနီးယား၊ ကင်ညာ၊ မိုခါးလို့ မြန်မာပြည်မှာသိကြတဲ့ အီသီယိုးပီးယား ကထွက်တဲ့ ကော်ဖီတွေဟာလည်း တကယ်ပြည့်စုံကောင်း မွန်တဲ့ ကော်ဖီတွေပါပဲ။ တောင်အမေရိကမှာဆိုရင် ကိုလံဘီ ယာ၊ ကိုစတာရီကာ၊ ဘရာဇီးဆိုရင်လည်း ကမ္ဘာမှာ ကော်ဖီ ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံပေါ့။ အာရှမှာဆိုရင် ယိုးဒယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာက အနည်း အကျဉ်းတော့ တင်ပို့ပါတယ်။ ဒါပေမဲ့ အာရှမှာကတော့ ဗီယက်နမ်က ကော်ဖီအများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံ တစ်ခုဖြစ်တယ်။ သူက Instant ကော်ဖီဈေးကွက်ဘက်ကို ဦးတည်တဲ့ Robusta မျိုးကို ပိုပြီး စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့တာပါ။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ မြန်မာစကားပုံအတိုင်း 'တန်ဆေးလွန်ဘေး' ပါပဲ။ သင့်တင့် လျောက်ပတ်တဲ့ အနေအထားမျိုးဆိုရင်တော့ ကော်ဖီက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကျွန်တော့်အမြင်အရ တစ်နေ့ကို လေးခွက်ထက်ပိုသောက်ရင် မကောင်းပါဘူး။ ဥပမာ- နှလုံးခုန်မြန်လာမယ်၊ ညကောင်းကောင်း အိပ်မပျော် တာတို့ ဖြစ်လာမယ်။ ဒါကလည်း လွန်သွားတဲ့အခါ ဘယ် အရာမှာမဆို ပြဿနာရှိနိုင်ပါတယ်။
ဒေါ်သူဇာမြင့်
ပိုင်ရှင်
ရွှေယင်းမာ ကော်ဖီ
ကျွန်မတို့က ရွှေယင်းမာကော်ဖီကို စပြီးထုတ်လုပ်ခဲ့တာ ၁၉၈၀ ပြည့်နှစ်ကတည်းကပါ။ အဲဒီခေတ်တုန်းက ကော်ဖီ တအားရှားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအဖေက ပြင်ဦးလွင်ဘက်မှာ ဝယ်လိုက်တဲ့ခြံကနေ ကော်ဖီပင်တွေပါလာတယ်။ ကော်ဖီကိုကြိုက်လို့ ကိုယ့်ဘာသာကိုယ်အိမ်မှာ လှော်သောက်ရင်း၊ ကုန်ကြမ်းလေးတွေရလာတော့ မိတ်ဆွေတွေကို လက်ဆောင်ပေးရင်းနဲ့ ကော်ဖီလုပ်ငန်းလုပ်ဖြစ်သွားတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကော်ဖီ စိုက်လို့ရတဲ့ ရာသီဥတုနဲ့ မြေမျက်နှာပြင်အမြင့် ရှိတယ်။ ဒါကြောင့်လည်း ကိုလိုနီခေတ်ထဲကတည်း နိုင်ငံခြားသား တွေက ကော်ဖီစိုက်ခဲ့တယ်။ ကုန်းပြင်မြင့်မှာစိုက်တဲ့ ကော်ဖီ ကို Arabica လို့ နားလည်ပြီး မြေပြန့်မှာစိုက်တဲ့ကော်ဖီကိုတော့ Robusta လို့ နားလည်ထားပါတယ်။ Robusta က Caffine ဓာတ်များတာကြောင့် Instant ကော်ဖီမှာ အသုံးများတယ်။ Arabica က Caffine ဓာတ်နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ကျွန်မတို့ကတော့ Arabica ပဲသုံးတယ်။ မြန်မာနိုင်ငံမှာ Robusta ရော Arabica ကိုပါ စိုက်လို့ရ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ ကော်ဖီမှာပါတဲ့ Caffine ဓာတ်က Antioxidant ရှိတယ်။ ဆီးချိုရှိတဲ့သူတေ Black Coffee သောက်ရင် ဆီးချိုကျတယ်။ ကင်ဆာကို ကာကွယ်ဖို့ အလားအလာရှိတယ်ဆိုတာကို ဆေးပညာ သဘောအရ အားလုံးလည်းသိကြပါတယ်။ အခုနောက် ပိုင်းမှာ ကော်ဖီသောက်ရင် အယ်ဇိုင်းမား (အသက်ကြီးရင်သတိ မေ့တဲ့ရောဂါ) ကို ကာကွယ်ပေးနိုင်တယ်လို့ လူတွေကနား လည်ကြတယ်။ Arabica ကော်ဖီကို အများကြီးမဟုတ်ဘဲ ကိုယ့်ရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီး သောက်မယ်ဆိုရင် ကျန်းမာ ရေးမထိခိုက်တော့ဘူး။ တချို့က အိပ်ခါနီးမှာသောက်ရင် အိပ်မ ပျော်ဘူးလေ။ ကျွန်မတို့ကတော့ ပြည်တွင်းမှာပဲ အကောင်း ဆုံးဖြစ်အောင် ထုတ်လုပ်နေပါတယ်။ မိသားစုလုပ်ငန်းလည်း ဖြစ်တာကြောင့် ပြည်တွင်းကိုပဲ ဦးစားပေးထုတ်လုပ်နေပါ တယ်။ တခြား Brand တွေလိုမျိုးလည်း သိပ်ပြီးတော Volume မကြီးသေးဘူးပေါ့။ Pure Coffee ဈေးကွက်က အခုနောက် ပိုင်းမှာ ပိုပြီးတော့ ကောင်းလာတာကလည်း ကော်ဖီဆိုင်တွေ ကြောင့်ပါ။ ကျွန်မတို့ရဲ့ ရွှေယင်းမာကော်ဖီကMoon Bakery ၊ Zephyr ၊ Sakura တို့လို ကော်ဖီဆိုင် တော်တော် များများမှာ သုံးပါတယ်။ နိုင်ငံတကာကိုတင်ပို့ရင်လည်း ကုန်ကျစရိတ်တွေက သိပ်ကြီးတယ်။ ကျွန်မတို့ ကော်ဖီက တော့ ကုန်ကျစရိတ်တွေများတဲ့အတွက်ကြောင့် ကမ္ဘာ့ဈေး ကွက်ကိုလည်း မထိုးဖောက်နိုင်သေးပါဘူး။ ကျွန်မကို ဘယ် သူပဲလာမေးမေး ဘယ်လိုလုပ်ဆိုပြီး ပြောပြပေးတယ်။ သူတို့ က တကယ်တမ်း နိုင်ငံခြားဈေးကွက်ကို တင်သွင်းတဲ့အခါမှာ ထင်သလောက် အမြတ်မရကြတာတွေ ရှိပါတယ်။ ဒါက လည်း ကမ္ဘာကော်ဖီဈေးကွက်က ဈေးနှုန်းအရမ်းမမြင့်ဘဲနဲ့ တင်ပို့တဲ့စရိတ်စခတွေက Offical ရော Hidden Cost တွေပါ များတာကြောင့် မယှဉ်နိုင်တာလည်းပါပါတယ်။ Border Trade ဆိုရင်တော့ အဆင်ပြေတယ်။ တကယ့်ကို အရည် အသွေးကောင်းကောင်းနဲ့ End Market ကလည်း ဈေးကောင်း ကောင်းပေး ဝယ်မယ်ဆိုရင်တော့တစ်မျိုးပေါ့။ နောက်တစ်မျိုး က နိုင်ငံရပ်ခြားနဲ့Trade in ၊Trade out ရှိနေတဲ့သူတွေက ပိုလုပ်နိုင်ပါတယ်။ ကျွန်မတို့ကတော့ မိသားစုစီးပွားရေး ဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်နဲ့ မြန်မာပြည်သူတွေ အတွက် အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။ နိုင်ငံခြား ကိုပို့တယ်ဆိုတာက လုပ်သင့်တဲ့အလုပ် တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ကုန်ကြမ်းပို့ရင် ဈေးနှုန်း ကြီးမြင့်နိုင်တဲ့အတွက် ကုန်ချောတွေကို စက်ကောင်းကောင်းနဲ့လှော်ပြီး ပို့မယ်ဆိုရင် နိုင်ငံတကာကော်ဖီဈေးကွက်မှာ ယှဉ်နိုင်မှာဖြစ်တာကြောင့် ပိုကောင်းပါတယ်။
မို့မို့လတ်မောင်
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
အမေရိကန်မှာ ဘက်ထရီစက်ရုံတည်ဆောက်မယ့် Honda နဲ့ LG Energy Solution
Posted On September 3, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide