လော့စ်အန်းဂျလိစ်(AP) - အရင်ခေတ်တုန်းက ရုပ်ရှင်ရိုက်ကူးသူတွေဟာ နေရောင်ခြည်အမြောက်အများရရှိပြီး လှပတဲ့ လူတွေ၊ သဲထူထပ်တဲ့ကမ်းခြေတွေရှိရာ ဟောလိဝုဒ်ကို အများအပြား သွားရောက်ရုပ်ရှင် ရိုက်ကူးကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗန်ကူးဗား၊ လန်ဒန်၊ ဝယ်လင်တန် (နယူးဇီလန်) တို့လို ကမ္ဘာတစ်ဝမ်းက နေရာဒေသတွေကို ဖြန့်ကြက်ပြီး ရုပ်ရှင်ရိုက်ကူးလာကြပါတယ်။ နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုကြောင့် တိုင်းပြည်တွေဟာ အခွန်ကင်းလွတ်ခွင့်တွေကိုပေးလာကြပြီး ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေဟာ ငွေရမယ့်နေရာတွေဆီကို ကူးပြောင်းသွားပါတယ်။ ရုပ်ရှင်ရိုက်ကူးရေး အတွက် အခွန်ကင်းလွတ်ခွင့် ဆွဲဆောင်မှုမက်လုံးပြိုင်ပွဲကြီးဟာ ဟောလိဝုဒ်ကနေ ကမ္ဘာတစ်ဝန်းဆီကို ရောက်ရှိသွားပြီး ဒေါ်လာသန်းပေါင်းများစွာ သုံးဖြုန်းနိုင်တဲ့ အင်အားကြီးတဲ့ စတူဒီယိုတွေဟာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့သဘောတူညီချက်တွေကို ရွေးချယ်လက်ခံခွင့်ရရှိလာကြပါတယ်။ ပူပူနွေးနွေးဖြစ်ရပ်တစ်ခုကတော့ ဒီလဆန်းပိုင်းမှာ Avatar ရုပ်ရှင်ကို ရိုက်ကူးတဲ့ဒါရိုက်တာ James Cameron နောက်ထပ် Avatar နောက်ဆက်တွဲ ဇာတ်လမ်း ၃ ကားကို New Zeland မှာ ကြီးကြီးကျယ်ကျယ်ရိုက် ကူးမယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီဇာတ်ကားသုံးကားအတွက် ထုတ်လုပ်ရေးကုမ္ပဏီက အနည်းဆုံး ဒေါ်လာ ၄၁၃ သန်း အသုံးပြုမှာဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်တွေထဲက ၂၅ ရာခိုင်နှုန်းကို Cameron ရရှိမှာ ဖြစ်တယ်။ "နောက်ဆက်တွဲဇာတ်လမ်းတွေကို ရိုက်ကူးဖို့ ဒီနေရာမှာလောက် ကုန်ကျစရိတ်သက်သာတာ ဘယ်နေရာမှာမှမရှိဘူး" လို့ Avatar ရုပ်ရှင်ထုတ်လုပ်သူ Jon Landau ကဆိုပါတယ်။ Avatar ရုပ်ရှင်တွေကို indoor မှာပဲရိုက်ကူးမှာဖြစ်တဲ့အတွက် ကျွန်းစုမီးတောင်တွေ၊ ရေခဲမြစ်တွေလို နေရာတွေရဲ့ဆွဲဆောင်မှုက သိပ်အရေးမကြီးပါဘူး။ ဆုရထားတဲ့ Peter Jackson ရဲ့ အထူးဖန်တီးပြုလုပ်ချက် (Special Effects) အခြေခံအဆောက်အအုံတွေကလည်း နယူးဇီလန်မှာပဲရှိနေတာဖြစ်ပေမဲ့ အဓိကအဆုံးအဖြတ်ပေးတာကတော့ ပိုက်ဆံကိစ္စပါပဲ။ " အခြားနေရာတွေမှာ ရိုက်ကူးဖို့ လိုက်ကြည့်ခဲ့ပေမဲ့ နောက်ဆုံးတော့လည်း ကုန်ကျစရိတ် ကိစ္စကြောင့် ဒီနေရာကိုပဲရွေးဖြစ်ခဲ့တာပါ" လို့ Jandau ကဆိုပါတယ်။ ယနေ့ခေတ်ရုပ်ရှင်လုပ်ငန်းနယ်ပယ်ရဲ့ အလားအလားကို အင်အားကြီး ကမ္ဘာ့စွမ်းအားစုတွေက မောင်းနှင်နေပြီး ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်မှာ အကျိုးသက်ရောက်မှုတွေရှိလာပါတယ်။ DVD တွေ ရောင်းအားကျဆင်းလာတာက ရုပ်ရှင်ထုတ်လုပ်ရေးဘတ်ဂျက်တွေအပေါ်မှာ ဖိအားတွေသက်ရောက်မှုရှိလာ သလို တစ်ဖက်မှာလည်း အံ့သြဖွယ်အထူးဖန်တီးပြုလုပ်ချက်ကလည်း ပိုပြီးတိုးတက်ကြီးထွားလာပါတယ်။ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေ ကမ္ဘာတစ်ဝန်း ပျံ့နှံလာတဲ့အတွက် အထူးပြုလုပ်ဖန်တီးချက်တွေ ပြုလုပ်ပေးနိုင်တဲ့လုပ်ငန်းတွေ အမြောက်အများပေါ်ထွက်လာပြီး အချို့ဆိုရင် ဟောလိဝုဒ်ထက်ဈေးသက်သာတဲ့ လုပ်သားတွေကို အသုံးပြုပါတယ်။ အစိုးရတွေရဲ့ ငွေကြေးရက်ရက်ရောရောထောက်ပံ့ပေးမှုကြောင့် ဗန်ကူးဗား၊ မွန်ထရီရယ်လ်၊ လန်ဒန်၊ နယူးယောက်နဲ့ ဝယ်လင်တန်တို့မှာ အထင်ကရ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းအသေးစား တွေပေါ်ပေါက်လာခဲ့ပြီး သူ့ထက်ငါအပြိုင်အဆိုင် အသာစီးရအောင် ကြိုးစားလာကြပါတယ်။ ငွေကြေးနောက်ကိုပဲလိုက်နေရတော့တယ်လို့ ရုပ်ရှင်နယ်ပယ်ကစီးပွားရေးခေါင်းဆောင်တွေက ပြောပါတယ်။ "ရုပ်ရှင်လုပ်ငန်းကလည်း အခြားနိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေရှိရာနေရာကို လိုက်ရတာပဲဖြစ်တယ်"လို့ လန်ဒန်အခြေစိုက် အထူးဖန်တီးပြုလုပ်ချက်လုပ်ငန်း Framestore ရဲ့ CEO နဲ့ တွဲဖက်တည်ထောင်သူ Sir William Sargent က ပြောပါတယ်။ အမေရိကန်အနေနဲ့ အခွန်ကင်းလွတ်ခွင့်မက်လုံးကြီးထွားလာနေတဲ့ အခြားနိုင်ငံတွေကို တုံ့ပြန်ဖို့ကြိုးစား နေပေမဲ့ အခြားနိုင်ငံတွေ အခွန်ကင်းလွတ်ခွင့်ကြီးကြီးမားမားပေးနေတာကို ရပ်တန့်နိုင်မှာတော့ မဟုတ်ပါဘူး။ '' ဆွဲဆောင်မှုရှိတဲ့ အခွန်ကင်းလွတ်ခွင့်မက်လုံးတွေ အပြိုင်အဆိုင်ပေးလာမှုဟာ ပြင်းထန်လာနေပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်နဲ့ အမေရိကန်နိုင်ငံက ပြည်နယ် ၄၄ ခုဟာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်တွေ ပေးလာကြတယ်" လို့ အကြံပေးကုမ္ပဏီ EP Financial Solutions ရဲ့ အမှုဆောင်ဒု-ဥက္ကဋ္ဌ Joseph Chianese က ပြောပါတယ်။
Ref: AP