မြန်မာ့ရွှေဈေးကို ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ဒေါ်လာငွေလဲနှုန်းပေါ်မူတည်ပြီး တွက်ပါတယ်။ ဒါပေမဲ့ ဒေါ်လာငွေလဲနှုန်းက သိပ်မကျနိုင်သလို၊ ကမ္ဘာ့ရွှေဈေးကလည်း သိပ်ပြီးကျနိုင်ချေမရှိဘူး။ နိုင်ငံတကာမှာက ဒေါ်လာ ငွေလဲနှုန်းက အားကောင်းသထက် အားကောင်းလာတယ်။ အခုဆို သူတို့ရဲ့ ဗဟိုဘဏ်က အတိုးနှုန်းတောင် ထပ်တိုးပေးမှာဆိုတော့ ပိုအားကောင်းလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖျဉ်း အနေနဲ့ကတော့ ဒေါ်လာငွေလဲနှုန်းရော၊ ရွှေဈေးပါ မကျနိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးက ကိုးရာကျော် ဖြစ်သွားတယ်ဆိုရင် ဒီမှာလည်းဖြစ်သွားနိုင်ပါတယ်။ Exchange Trade Fund (ETF) ကနေ မှန်းတာတောင်မှ ၉၅၀ လောက်ထိကျမယ်လို့ မှန်းထားပါတယ်။
ရွှေကို အရင်က စပါးပေါ်ချိန်၊ ငွေပေါ်ချိန်မှာ အရောင်းအဝယ်ကောင်းတယ်ဆိုပြီး သတ်မှတ်တာမျိုး ရှိခဲ့ပေမဲ့ ဒီခေတ်မှာက ရင်းနှီးမြှုပ်နှံမှုလုပ်စရာတွေက များလာတဲ့အတွက် အချိန်တိုင်းလိုလိုမှာ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ အရင်လိုမျိုး သီးသန့်သတ်မှတ်တဲ့အချိန် မရှိတော့ပါဘူး။
အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်း အပြောင်းအလဲ၊ ဥရောပ၊ တရုတ်စတဲ့နိုင်ငံတွေရဲ့ စီးပွားရေးတွေကို ခြုံကြည့်ပြီး ကမ္ဘာ့ရွှေဈေးကွက်ရဲ့ အလားအလာကို ကြည့်ဖို့လိုပါတယ်။ ကမ္ဘာ့ရွှေဈေးက လောလောဆယ်မှာ သိပ်ပြီးတက်ဖို့၊ ကျဖို့ အလားအလာမရှိသလို မြန်မာနိုင်ငံမှာလည်း ဒေါ်လာငွေလဲနှုန်းက သိပ်ပြီးအတက်အကျမရှိနိုင်တာကြောင့် လောလောဆယ်မှာ ရွှေဈေးကမျှနေမယ့် အနေအထားမှာရှိပါတယ်။ ဒါကြောင့် ရောင်းသည်ဖြစ်စေ၊ ဝယ်သည်ဖြစ်စေ ဒီအချိန်ကသင့်တဲ့အနေအထားမှာရှိပါတယ်။ တစ်ခုသတိထားရမှာက မြန်မာမှာ ရွှေအရောင်းအဝယ်လုပ်မယ်ဆိုရင် ကမ္ဘာ့ရွှေဈေးနှုန်းကို ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွှေဈေးနှုန်းက နိုင်ငံတကာရွှေဈေးနှုန်းအောက် ရောက်နေရင်မဝယ်သင့်ပါဘူး။ မြန်မာနိုင်ငံရွှေဈေးက တခြားနိုင်ငံတွေထက်များနေမှသာ ဝယ်သင့်တယ်လို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ဆီမှာက ရွှေသန့်စင်တဲ့စနစ်ကို စနစ်တကျနဲ့ ကောင်းမွန်အောင်လုပ်မထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံက အခေါက်ရွှေက ၉၈.၇၀ ရာခိုင်နှုန်းပဲရှိတာကြောင့် သူများနိုင်ငံက ၉၉.၉၉ ရာခိုင်နှုန်းနဲ့ ယှဉ်လိုက်တော့ ညံ့နေတာပေါ့။ အခေါက်ရွှေကို ၁၅ ပဲရည်စပ်တဲ့အခါမှာ တရုတ်က ဘော်ကိုသုံးတော့ ဝါပြီးဖွေးတယ်၊ ထိုင်းက ဘော်နဲ့ အလွိုင်းကိုသုံးတော့ စိမ်းရောင်သန်းတယ်။ မြန်မာက ကြေးကိုသုံးတာကြောင့် အနီရောင်သန်းတယ်။ ၁၅ ပဲရည်ချင်းတူပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြိုက်မတူကြတဲ့အတွက် စပ်ပုံစပ်နည်း ကွာသွားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံက ရွှေထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက် ရွှေဈေးကွက်ကလည်း ဖွံ့ဖြိုးပါတယ်။ ဒါပေမဲ့ စနစ်ကျဖို့တော့လိုတယ်။ စနစ်တစ်ခု မထူထောင်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ နစ်နာနိုင်တယ်လို့တော့ ပြောချင်ပါတယ်။