ရှေ့ဆုံးက  ဥယျာဉ်မှူး

[caption id="attachment_26382" align="alignnone" width="370"]ooyinmhuu2Lord Sharman
Chairman
Aegis Group[/caption]

လူတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြစမြဲဆိုတော့ ကိုယ်လုပ်ရမှာကတော့ အားသာချက်တွေကို အာရုံစူးစိုက်ဖို့ဖြစ်ပါတယ်။ အားနည်းချက်ပေါ်မူတည်ပြီး ဘယ်သူ့ကိုမှ တည်ဆောက်လို့ မရပါဘူး။ အထူးသဖြင့် အဖွဲ့အနေနဲ့ အကောင်းဆုံးရလဒ်ရဖို့ဆိုတာ အဖွဲ့ဝင်တွေရဲ့အားသာချက်တွေပေါ် မှီခိုရမှာဖြစ်ပြီး အားနည်းချက်တွေပေါ် မှီခိုလို့ မရပါဘူး။ တစ်နည်းအားဖြင့် အားသာချက်တွေပေါ် မူတည်ပြီး သင့်တော်တဲ့တာဝန်ပေးအပ်ဖို့လိုတယ်ဆိုတာပါပဲ။

ကျွန်တော်ဟာ ဥယျာဉ်ခြံမြေစိုက်ပျိုးတာကို လွန်စွာစိတ်ထက်သန်ပြီး လက်တွေ့လုပ်ကိုင်နေသူတစ်ဦးပါ။ အဲဒီလိုလုပ်ကိုင်ရင်း သတိထားလေ့လာရတဲ့ အချက်လေးတွေရှိပါတယ်။ အခြေအနေတစ်ခုမှာ အဖွဲ့အစည်းမှာရှိတဲ့လူတွေကို အရည်အချင်း၊ တစ်နည်းအားဖြင့် စွမ်းရည်မြင့်အောင် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ နားလည်လာရပါတယ်။ ခင်ဗျားက ဘယ်လောက်ပဲလုပ်ပေးပေး တစ်ဦးချင်းစီ ကိုယ်တိုင်က လုပ်ချင်ကိုင်ချင်စိတ်ရှိမှ၊ တိုးတက်ချင်စိတ်ရှိမှသာ ဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် အဖွဲ့အစည်းမှာ တာဝန်အရှိဆုံးသူက ဥယျာဉ်မှူးတစ်ယောက်လိုပါပဲ။ ဥပမာပြောရရင် ဥယျာဉ်စိုက်ဖို့ မြေနေရာလေးကို သေသေချာချာ အသေးစိတ်တိုင်းတာပြီးရင် စိုက်ချင်တဲ့အပင်တွေကို ကြိုတင်၈ရွေးချယ်ပြီး နေရာချတာလုပ်ရသလို လူတစ်ဦးချင်းစီရဲ့ အားသာချက်တွေကိုကြည့်ပြီး သက်ဆိုင်တဲ့ ရာထူးတာဝန် ပေးရပါတယ်။ အင်တာဗျူးတွေကို စိစစ်ထားတဲ့ အဆိုပြုလွှာတွေရဲ့ သုံးပုံနှစ်ပုံမှာ အင်တာဗျူးဖြေသူတွေရဲ့ အားနည်းချက်ကိုပဲ အဓိကဖော်ပြတာကိုတွေ့ရတော့ တစ်ခါတလေ စဉ်းစားမိတာက အင်တာဗျူးသူတွေ ဘယ်လောက် စိတ်ဓာတ်ကျနေမလဲဆိုတာပါ။

တကယ်တမ်းလုပ်ရမှာကတော့ လူတစ်ယောက်ရဲ့ ကောင်းကွက်ကို ချီးကျူးပြီး အဲဒီအားသာချက်တွေကို ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးသင့်ပါတယ်။ တစ်ဆက်တည်းမှာလည်း သူ့ရဲ့ အားနည်းချက်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲလို့ရမလဲဆိုတာ ဆွေးနွေးစေလိုပါတယ်။ ကျွန်တော် အကြံပြုလိုတာကတော့ လူတွေ့ဆွေးနွေးမှုတွေရဲ့ သုံးပုံနှစ်ပုံမှာ သက်ဆိုင်သူရဲ့ အားသာချက်ကောင်းကွက်တွေကို အဓိကဆွေးနွေးပြီး မိမိအဖွဲ့အစည်းမှာ ဘယ်လို အသုံးချလို့ရတယ်ဆိုတာကို ဆွေးနွေးသင့်ပါတယ်။ ဥပမာ - အားကစားနယ်ပယ်တွေကို လေ့လာကြည့်ရင် တကယ်ထူးချွန်အောင်မြင်တဲ့နည်းပြတွေဟာ ကစားကွက်တွေ၊ နည်းစနစ်တွေကို အဓိကထား သင်ကြားလေ့ကျင့်တာထက် အားကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကို လေ့ကျင့်ပျိုးထောင်ပေးတာပါ။

ကျွန်တော်တို့ပတ်ဝန်းကျင်က လူအားလုံးနီးပါးဟာ ချီးမွမ်းဂုဏ်ပြုပြောဆိုတာထက် ဝေဖန်အပြစ်ဖို့ ရှုတ်ချတာက များပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တာဝန်ယူထားသူတွေ သတိပြုဖို့လိုပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ထိပ်ဆုံးက တာဝန်ကိုယူထားသူတစ်ယောက်အနေနဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဝန်ထမ်းတွေရဲ့ အားနည်းချက်တွေကိုပဲ အမြဲတမ်းထုတ်ဖော်ပြောဆို ဝေဖန်နေမယ်ဆိုရင် ဒီရောဂါဆိုးဟာ အဖွဲ့အစည်းရဲ့ အောက်ခြေအဆင့်ထိ ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။

[caption id="attachment_26381" align="alignnone" width="720"]ooyinmhuu1လူတစ်ယောက်ရဲ့ကောင်းကွက်ကိုချီးကျူးပြီး အဲဒီအားသာချက်တွေကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးသင့်ပါတယ်[/caption]

ကျွန်တော် KPMG မှာ တာဝန်ယူတုန်းက စီနီယာမန်နေဂျာတွေကို လူသစ်မှန်သမျှနဲ့ တွေ့ဆုံစကား ပြောရမယ်လို့ မှာထားပါတယ်။ အဲဒီလူသစ်ဆိုတာ လက်နှိပ်စက်စာရေး၊ ဖုန်းအော်ပရေတာ၊ ဘွဲ့ရခါစ အလုပ်ဝင်သူမှအစ နောက်ဆုံးစီနီယာမန်နေဂျာအဖြစ် တာဝန်စယူသူအားလုံးကို 'မိတ်ဆက်ကဏ္ဍ' စီစဉ်ထားပြီး အဲဒီကဏ္ဍမှာ စီနီယာမန်နေဂျာတွေ မဖြစ်မနေတက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တစ်နှစ်ကို အနည်းဆုံး ခြောက်ကြိမ်ထက်မနည်း တက်ခဲ့ရပါတယ်။

တချို့အဖွဲ့အစည်းတွေမှာ အလုပ်ဆင်းရင် စီနီယာတစ်ယောက်နဲ့တွဲပြီး အလုပ်လုပ်ရတဲ့အစီအစဉ် ရှိပါတယ်။ အဲဒီအလေ့အကျင့်ကနေတစ်ဆင့် အလုပ်သင်ယူ လေ့လာရပြီး ရာထူးလစာတိုးတက်မှုကိုလည်း အဲဒီလူက တစ်ဆင့်သုံးသပ်ပြီး မှတ်ချက်ပေးရပါတယ်။ ထိရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ အငြင်းအခုံ မလုပ်လိုပေမယ့် တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဝင်တစားနဲ့ လမ်းညွှန်သင်ပြပေးခြင်းဖြင့် အထူးသဖြင့် ခက်ခဲတဲ့အချိန်အခါမျိုးမှာ အကျိုးရှိလှတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒါဟာ လူသစ်တွေအတွက် အထူးသဖြင့် အဖွဲ့အစည်းကို သစ္စာရှိစေပါတယ်။

ဘယ်စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ဝန်ထမ်းတစ်ယောက် အလုပ်ထွက်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီကောက်ချက်ကို တချို့က သဘောမကျပေမယ့် လက်တွေ့ဆန်ပါတယ်။ စာရင်းကိုင်တွေအတွက် စက်ပစ္စည်းတစ်ခုဟောင်းလို့ဖြစ်ဖြစ်၊ သုံးလို့မရလို့ဖြစ်ဖြစ် စာရင်းထဲက ထုတ်လိုက်တာမျိုးဟာ စာရင်းဇယားမှာ သိသာထင်ရှားလှပါတယ်။ ဒါပေမဲ့ လုပ်သက်လေးငါးနှစ်လောက်ရှိတဲ့ ကိုယ်လေ့ကျင့်ပျိုးထောင်ထားတဲ့ ဝန်ထမ်းဆယ်ယောက်ထွက်သွားရင် စာရင်းဇယားမှာ ထူးခြားမှုမရှိပေမယ့် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဆုံးရှုံးသွားတယ်ဆိုတာ သဘောပေါက်ထားဖို့ လိုပါတယ်။

မှတ်သားဖို့ရာ . . .

၁။ ခေါင်းဆောင်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားသာချက်တွေကို သိရှိနားလည်ပြီး အဖွဲ့အစည်းအတွက် အသုံးချတတ်ဖို့ လိုပါတယ်။

၂။ ကာယလုပ်အားကိုအခြေခံတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးတာဟာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးတာနဲ့ အတူတူပါပဲ။

၃။ ဝန်ထမ်းတွေရဲ့လုပ်ကိုင်မှုစွမ်းရည်အကဲဖြတ်တဲ့ အင်တာဗျူးတွေမှာ သုံးပုံနှစ်ပုံဟာ အဖွဲ့အစည်းအပေါ် အကျိုးရှိတဲ့လူတွေရဲ့ အားသာချက်တွေကို ဦးစားပေးဆွေးနွေးသင့်ပါတယ်။ ဒါမှမဟုတ်ဘဲ အားနည်းချက်တွေကိုသာ ထောက်ပြဝေဖန်နေမယ်ဆိုရင် အဖွဲ့အစည်းမှာ ဒီလိုအကျင့်မျိုး အောက်ခြေအဆင့်ထိ စွဲမြဲသွားမှာဖြစ်ပါတယ်။

ooyinmhuu3

Dentsu Aegis Network Ltd. ဟာ Multinational Media နဲ့ Digital Marketing Communication လုပ်ငန်းဖြစ်ပြီး လန်ဒန်အခြေစိုက် Dentsu လုပ်ငန်းစုပိုင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ အဓိကဝန်ဆောင်မှုတွေကတော့ Communication Strategy ၊ Media Planning and Buying ၊ Sports Marketing & Content Creation နဲ့ Brand Tracking and Marketing Analytics တို့ဖြစ်ပါတယ်။ Carat ၊ Dentsu (ဂျပန်နိုင်ငံမှာ Operate လုပ်နေတဲ့လုပ်ငန်း)၊ Dentsu Media ၊ Mcgarrybowen ၊ MKT ၊ Posterscope ၊ Isobar ၊ iProspect နဲ့ Vizeum ဆိုပြီး လုပ်ငန်းခွဲ ၉ ခုကို ရှိပါတယ်။ The former Aegis Group of Business ကဝယ်လိုက်တဲ့ Japan Company တစ်ခုအပါအဝင် ဒီလုပ်ငန်းကိုးခုလုံးရဲ့ Management ကို Dentsu Aegis Network ကပဲ ဦးစီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစုထဲမှာ ၃၆၀i ၊ Amplifi ၊ The StoryLab ၊ Data2Decisions ၊ Mitchell Communications နဲ့ psLIVE စတဲ့ လုပ်ငန်းတွေပါဝင်ပြီး နိုင်ငံပေါင်း ၁၁၀ နိုင်ငံက လူအယောက် ၂၃,၀၀၀ ကို အလုပ်ခန့်ထားနိုင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

Centraled’achats Radio ၊ Affichage ၊ Television (Carat) ကို စတင်တည်ထောင်တဲ့ ၁၉၆၆ ခုနှစ် (ပြင်သစ်) ကတော့ Aegis လုပ်ငန်းရဲ့အစလို့ ပြောရမှာပါ။ Aegis ဟာ အရင်တုန်းက လန်ဒန် Stock Exchange နဲ့ FTSE 100 Index မှာ Listed လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ Dentsu (Japan-based Advertising Company) ကနေ Aegis ကို ဝယ်လိုက်ပါတယ်။

ooyinmhuu4

History . . .

Gilbert Gross ရဲ့ ပြင်သစ်မှာ Centraled’achats radio ၊ affichage ၊ television(Carat) ကို စတင်တည်ထောင်တဲ့နှစ် ၁၉၆၆ ခုနှစ်ဟာ Carat ကအစလို့ ပြောလို့ရပါတယ်။ နောက်ပြီး Carat ဟာ လွတ်လပ်တဲ့မီဒီယာလုပ်ငန်းတစ်ခုအနေနဲ့ ပထမဆုံးရပ်တည်နိုင်ခဲ့တဲ့ မီဒီယာလုပ်ငန်းလည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ WCRS (၁၉၇၉ မှာ တည်ထောင်ထားတဲ့ Advertising အေဂျင်စီ) ကနေ Carat ကို ဝယ်လိုက်ပြီး ၁၉၈၀ ပြည့်နှစ်တွေရဲ့ အလျင်မြန်ဆုံး Marketing ဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ WCRS ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Peter Scott က WCRS ရဲ့ Buying Division ကနေ Aegis ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ လုပ်ငန်းနာမည်ကို WCRS Company ကနေ Aegis Group အဖြစ် တရားဝင်ပြောင်းလဲခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာတော့ Dentsu (ဂျပန် ကြော်ငြာကုမ္ပဏီ) ကနေ Aegis ကို အမေရိကန်ဒေါ်လာ ငါးဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူခဲ့ပြီး သြဂုတ်လ ၁၂ ရက်မှာတော့ တရားဝင်အရောင်းအဝယ်ပြီးစီးကြောင်း Aegis ရဲ့ရှယ်ယာဝင်အဖွဲ့ကနေ ကြေညာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ Dentsu Company ကနေ Dentsu Aegis Network Company ကို တရားဝင်ဖွဲ့စည်းမိတ်ဆက်ခဲ့ပါတယ်။

ဒေါက်တာသာထွန်းဦး