JD.com အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက်တည်ထောင်သူ စီအီးအိုရစ်ချတ်လျူးဟာ အမေရိကန်နိုင်ငံမှာလိင်ပိုင်းမဖွယ်မရာပြုမှုအတွက်သံသယရှိလို့ အဖမ်းခံရပြီးနောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာတွေရဲ့မျက်နှာဖုံးသတင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ယခုအခါ တရုတ်ပြည်ပန်ရောက်နေတဲ့ ရစ်ချတ်ရဲ့ကုမ္ပဏီက အဲဒီစွပ်စွဲချက်ဟာလုပ်ကြံမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ သို့တစေ တရုတ်ပြည်က တွစ်တာလိုဆိုရှယ်မီဒီယာအက်ပလီကေးရှင်း Weibo မှာ သုံးစွဲသူတွေက လိမ္မော်ရောင်အချုပ်သားဝတ်စုံဝတ်ထားတဲ့ ရစ်ချတ်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံကိုမျှဝေကြကာ ၎င်းရဲ့ဒေါ်လာ ၄.၅ ဘီလီယံတန် ကုမ္ပဏီရဲ့အနာဂတ်ကို တွေးပူနေကြပါတယ်။
“တရုတ်ပြည်က ကုမ္ပဏီတည်ထောင်သူတွေဟာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ရတာကို သဘောကျကြတယ်။ သုံးစွဲသူတွေဟာ တခြားဈေးကွက်တွေမှာထက် ရစ်ချတ်ရဲ့ုပြဿနာတွေကို ပိုပြီးသတိထားမိဖွယ်ရှိတယ်” လို့ ပေကျင်းမြို့အခြေစိုက် China Market Research Group မှ ဆန်းစစ်လေ့လာသူ ဘင်ဂျမင်ကဗင်ဒါးက ပြော ပါတယ်။
JD.com ဟာ ဂျက်မားရဲ့ Alibaba.com ပြီးရင် အကြီးမားဆုံးအွန်လိုင်းဈေးရောင်း ဝက်ဘ်ဆိုက်ဖြစ်ပြီး တရုတ်ပြည်မှာ e-commerce ပေါ်ပေါက်ခါစမှာ စတင်တည်ထောင်မှုကြောင့် ရစ်ချတ် ၄၅ နှစ်ဟာ ဒေါ်လာ ခုနစ်ဘီလီယံပိုင်ဆိုင်တဲ့ အချမ်းသာဆုံး တရုတ်နည်းပညာရှင်သူဌေးကြီးအုပ်စုထဲမှာ ပါဝင်သူဖြစ်တယ်။ ရစ်ချတ်ဟာ ပြိုင်ဖက်တွေနဲ့ ခြားနားချင်လို့ သူ့ဝက်ဘ်ဆိုက်မှ ပစ္စည်းအစစ်အမှန်တွေပဲ ရောင်းချပြီး ပို့ဆောင်မှုကိုရာနှုန်းပြည့် ထိန်းချုပ်ချင်တယ်လို့ ပြောထားပါတယ်။ JD ကုမ္ပဏီဟာတရုတ်ပြည်တစ်ဝန်း ထောက်ပံ့ပို့ဆောင်မှုကွန်ရက်တွေ ဖြန့်ကျက်ချထားပြီး စတိုးဆိုင်နဲ့ကုန်လှောင်ရုံရာပေါင်းများစွာနဲ့ပါ ချိတ်ဆက်ထားပါတယ်။ စက်ဘီးမှအစ ဒရုန်း တွေအထိသုံးပြီး JD.com မှ ဝယ်ယူတဲ့ ပစ္စည်းတွေကို မှာယူသူထံ နေ့ချင်း၊ ဒါမှမဟုတ် နောက်နေ့အရောက်ပို့ပေးပါတယ်။
BMW ကားများနှင့် လက်ပတ်နာရီများ အွန်လိုင်းမှ ရောင်းချခြင်း
JD.com ဟာ တန်ဖိုးကြီးအဆင့်မြင့် ဖက်ရှင်ပစ္စည်းတွေကအစ လတ်ဆတ်တဲ့ကုန်စိမ်းတွေအထိ တရုတ်ပြည်ရဲ့ငွေကြေးရောင်းဝယ်သူတွေကို ပစ်မှတ်ထားပြီးရောင်းချပါ တယ်။ ဂျပန်လက်လီလုပ်ငန်း Muji၊ ကမ္ဘာကျော် လက်ပတ်နာရီ Chopard နဲ့ BMW မော်တော်ကားတို့လို ကမ္ဘာကျော်လုပ်ငန်းတွေရဲ့ ပင်မအရောင်းဆိုင်တွေဟာ JD.com မှာသာမှာရှိနေပြီး ယင်းကိုတက်ကြွစွာသုံးတဲ့ သုံးစွဲသူပေါင်းသန်းသုံးရာရှိပါတယ်။
“စစ်မှန်သော ကုန်ပစ္စည်းကို ယနေ့အရောက်ပို့ ပေးသည်”ဆိုတဲ့ JD ရဲ့ ဆောင်ပုဒ်ဟာ ကုန်ပစ္စည်းအတုတွေများလွန်းတယ်ဆိုတဲ့ ညည်းသံညံနေတဲ့ Alibaba နဲ့ တခြားပြိုင်ဘက်တွေထက်သာနေပါတယ်။ JD ဟာ Alibaba နည်းတူ ပြည်ပမှ ဖောက်သည်သစ်တွေကိုရယူဖို့ ကြိုးစားနေပါပြီ။
ကုမ္ပဏီဟာ အရှေ့တောင်အာရှနဲ့ဥရောပမှာ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ဖို့စရိတ်များစွာ သုံးစွဲနေပါတယ်။ JD ကုမ္ပဏီမှာ အဓိကရင်းနှီးမြှုပ်နှံသူတွေအနက် တရုတ်နည်းပညာကုမ္ပဏီကြီး Tencent(TCEHY) နဲ့ အမေရိကန်လက်လီဆိုင်လုပ်ငန်းကြီး Wal-Mart တို့ ပါဝင်ပါတယ်။ Google (GOOGL) ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။
JD ရဲ့ အစုရှယ်ယာ ၁၆ ရာခိုင်နှုန်းကို ရစ်ချတ်ပိုင်ပေမယ့် ဆန္ဒမဲပေးပိုင်ခွင့် ၇၉.၅ ရာခိုင်နှုန်းကို ယင်းကထိန်းချုပ်ထားရာ သူ့ရဲ့ကိုယ်ရေးကိုယ်တာထိခိုက်ခံရမှုတစ်မှုကြောင့် JD ကုမ္ပဏီအပေါ် အကြီးအကျယ် ထိခိုက်နစ်နာမှုတွေဖြစ်နိုင်ပါတယ်။
အသားစားဖို့အိပ်မက်မက်သူ
တရုတ်ပြည်၊ ရှန်ဟဲမြို့၊ မြောက်ဘက်မိုင် ၂၅၀ အကွာရှိ "စုကျန်း" ရွာကလေးမှာမွေးဖွားတဲ့ ရစ်ချတ်ရဲ့နာမည်ရင်းက ‘လျူးကျိုင်းတုံး’ ဖြစ်ပြီး တရုတ်ပြည်ကစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေစတင်ပြုလုပ်စဉ်ကာလအတွင်းကြီးပြင်းခဲ့ပါတယ်။ နောက်ပိုင်းဆယ်စုနှစ်တွေအတွင်း တရုတ်ပြည်စီးပွားရေးအကြီးအကျယ်ဖွံ့ဖြိုးတိုးတက်လာချိန်မှာ လျူးတို့မိဘတွေတော့ ဆင်းရဲနေကြဆဲဖြစ်တယ်။ ၂၀၁၇ ခုနှစ်က သူငယ်ငယ်ကတက်ခဲ့တဲ့ အလယ်တန်း ကျောင်းမှာဟောပြောတော့ ငယ်ငယ်ကတစ်နှစ်မှတစ်ခါ၊ နှစ်ခါသာဝက်သားစားရလို့ သူဝက်သားစားနေပုံကို အိပ်မက်မက်လေ့ရှိကြောင်း ဖွင့်ပြောပါတယ်။
ပေကျင်းမြို့က ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ရင်မင်းတက္ကသိုလ်တက်ရောက်နိုင်တာဟာ တစ်ရွာလုံးကငွေစုပြီး ကျောင်းစရိတ်ထောက်ပံ့စေလွှတ်ခြင်းကြောင့်လို့ ဆိုတယ်။ “ရွာသားတွေက ကျွန်တော့်ဘဝကို ပြောင်းလဲခွင့်ရဖို့ ယွမ်ငွေငါးရာနဲ့ ကြက်ဥ ၇၆ လုံး လှူဒါန်းလိုက်တယ်” လို့ သူ့ရဲ့ JD.com ဘလော့ဂ်မှာရေးထားပါတယ်။ ရစ်ချတ်ဘွဲ့ရတဲ့အခါ သူ့အတန်းဖော်အများစုက အစိုးရအလုပ်ဝင်လုပ်တယ်။ တချို့က ပြည်ပမှာ ကျောင်းဆက်တက်တယ်။ ရစ်ချတ်က ဗျူရိုကရက်လည်း မဖြစ်ချင်၊ ပြည်ပလည်းမသွားနိုင်ဘူး။ သူ့အဘွား ဆေးဖိုးကုန်လို့ သူ့မိဘတွေဆင်းရဲနေမှန်းသူသိတယ်။ “ကျွန်တော်က အဘွားဆေးဖိုးရှာပေးချင်တယ်လို့” သူက ဒါးဗိုးစ်မြို့ ဇန်နဝါရီလက ကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့စီးပွားရေးဖို ရမ်မှာပြောတယ်။ ၁၉၈၈ ခုနှစ်မှာ ပေကျင်းမြို့ အနောက်မြောက်ပိုင်းနည်းပညာဇုန်ဖြစ်တဲ့ ကျောင်းကွမ်ကွန်းမှာကွန်ပျူတာဆက်စပ်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ဖွင့်ခဲ့တယ်။
SARS ရောဂါဖြစ်ပွားမှုကြောင့် အင်တာနက်ပေါ် ရောက်ရှိခြင်း
၂၀ဝ၃ ခုနှစ်မှာ ရစ်ချတ်ရဲ့ကွန်ပျူတာပစ္စည်းဆိုင်တွေ တစ်ဒါဇင်အထိတိုးလာပေမယ့် တရုတ်ပြည်မှာ SARS ရောဂါဆိုးဖြစ်ပွားတော့ သူ့အမှုထမ်းတွေက ဗိုင်းရပ်စ်ကူးမှာကြောက်လို့ အိမ်တွင်းပုန်းကြတယ်။ ရစ်ချတ်က သူ့ဆိုင်အားလုံးယာယီပိတ်ပစ်ပြီး ယင်းတို့ကို အိမ်မှာပဲနေခိုင်းကာ သူ့လက်ထဲစုပုံနေတဲ့ ကုန်ပစ္စည်းလက်ကျန်တွေကို ဘယ်လိုရောင်းစားရမလဲဆိုတာမန်နေဂျာတွေနဲ့ တိုင်ပင်တယ်။ “တစ်နေ့တော့ မန်နေဂျာတစ်ယောက်က အင်တာနက်ကတစ်ဆင့်ရောင်းပါလားလို့ ပြောတယ်။ ဒီနည်းကြောင့် ဝယ်သူတွေကိုကျွန်တော်တို့မြင်ဖူးစရာမလိုဘူး။ ဝယ်သူရော၊ ရောင်းသူပါ စွန့်စားမှုမရှိတော့ဘူးလို့”ရစ်ချတ် ၂၀၁၈ အစောပိုင်းက လက်လီလုပ်ငန်းစည်းဝေးပွဲမှာပြောတယ်။ နောက်နှစ်ကျတော့ အင်တာနက်သုံးသူပိုမိုလာပြီး တရုတ်ပြည်မှာ e-commerce အရှိန်ရခါစကာလမှာပဲ ရစ်ချတ်ဟာ JD.com ကို တည်ဆောက်ခဲ့တယ်။
ရစ်ချတ်လျူးကိုယ်ရေးအကျဉ်း
ရစ်ချတ်လျူး (နာမည်ရင်း လျူးကျိုင်းတုံး) ဟာ Jingdong Mall ခေါ် JD.com တည်ဆောက်တဲ့ အင်တာနက်စွန့်ဦးထွင်လုပ်ငန်းရှင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ စတော့ရှယ်ယာဈေးတက်လာနေတဲ့ JD.com ကြောင့် အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံချမ်းသာပါတယ်။ သူကောလိပ်ကျောင်းတက်စဉ်က မိဘဆီကချေးငွေတွေနဲ့ ပရိုဂရမ်ရေးဆွဲရာမှရတဲ့ ဝင်ငွေတွေပေါင်းပြီး စားသောက်ဆိုင်ဖွင့်ပေမယ့် ရှုံးလို့လအနည်းငယ်အကြာမှာ ပိတ်လိုက်ရပြီးအကြွေးတင်ပါတယ်။ သူဘွဲ့ရပြီးတဲ့အခါ Japan Life ဆိုတဲ့ ကျန်းမာရေးပစ္စည်း ကုမ္ပဏီမှာ ကွန်ပျူတာဌာနညွှန်ကြားရေးမှူးလုပ်ကာ နောက်နှစ်နှစ်အကြာ ၁၉၉၈ ခုနှစ်၊ ဇွန်လမှာ ပေကျင်းမြို့၊ ကျောင်းကွမ်းကွန်း အဆင့်မြင့်နည်းပညာစက်မှုဇုန်မှာ ကိုယ်ပိုင်လုပ်ငန်း Jingdongကို တည်ထောင်ပြီး သံလိုက်ဓာတ်ပါတဲ့ မျက်မှန်နဲ့ဆက်စပ်ပစ္စည်းတွေဖြန့်ချိကာ ၂၀ဝ၃ ခုနှစ်မှာ ဆိုင်ခွဲ ၁၂ ဆိုင်ဖွင့်ပါတယ်။ အဲဒီနှစ်မှာ SARS ရောဂါ ဖြစ်ပွားမှုကြောင့် ဆိုင်တွေယာယီပိတ်ပြီး ၂၀ဝ၄ ခုနှစ်မှာ လက်လီအရောင်းဝက်ဘ်ဆိုက် JD.com ကို လွှင့်တင်ပါတယ်။ ၂၀ဝ၅ မှာ ဆိုင်အားလုံးကိုရာသက်ပန်ပိတ်ပြီး e-commerce လုပ်ငန်းသီးသန့် ဖြစ်လာတယ်။ JD.com ဟာ တရုတ်ပြည်မှာ ထိပ်တန်း e-commerce ကုမ္ပဏီတစ်ခုဖြစ်လာပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီမှာ အမေရိကန်မှာအများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီဖွင့်ခွင့် လျှောက်ထားပါတယ်။ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်မှာ JD.com ရဲ့ အစု ရှယ်ယာတန်ဖိုး ၁၅ ရာခိုင်နှုန်းခန့် တက်ခဲ့ပါတယ်။
JD.com
ပေကျင်းမြို့အခြေစိုက် JD.com (ယခင် ၃၆၀ buy) ဟာ ကုန်စည်ပမာဏနဲ့ဝင်ငွေအရ တရုတ်ပြည်ရဲ့ အကြီးမားဆုံး အွန်လိုင်းလက်လီအရောင်းလုပ်ငန်းနှစ်ခုအနက်တစ် ခုဖြစ်ပြီး Fortune Global 500 အသင်းဝင်ဖြစ်ကာ Alibaba လက်အောက်ခံ Tmall.com ရဲ့ အဓိကပြိုင်ဘက်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ပထမ ၄ လ အတွင်း JD.com ကို သုံးစွဲသူဦးရေဟာ ၃၀၁.၈ သန်း ရှိပါတယ်။ မူလက 360buy ကုမ္ပဏီဟာ သံလိုက်ဓာတ်ပါတဲ့ မျက်မှန်တွေရောင်းပြီးတော့ အီလက်ထရွန်းနစ်ပစ္စည်း မိုဘိုင်းဖုန်းကွန်ပျူတာနဲ့ အလားတူပစ္စည်းတွေပါတိုးချဲ့ရောင်းချကာ ၂၀ဝ၇ ခုနှစ်၊ ဇွန်လမှာ 360buy.com လို့ နာမည်ပြောင်းပြီး ၂၀၁၃ မှာ JD.com လို့ ထပ်ပြောင်းပါတယ်။ ယင်းရဲ့ လိုဂိုအသစ်ရော၊ လာဘ်ကောင်ရုပ်ပါကြေညာပြီး ယင်း တို့ ၂၀ ရာခိုင်နှုန်းရှယ်ယာထည့်ထားတဲ့ Tencent ကုမ္ပဏီက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တယ်။ ဒရုန်းတွေ ကိုယ်ပိုင် နည်းပညာတွေနဲ့ စက်ရုပ်တွေသုံးပြီး ပစ္စည်းပို့ဆောင်တဲ့ ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီဖြစ်ပါတယ်။ ယင်းဟာ လေဆိပ်တွေမှာ စက်ရုပ်နဲ့ ပို့ဆောင်မှုလုပ်ငန်းစမ်းသပ် နေပြီး ဒရုန်းပို့ဆောင်မှုစနစ်ကိုလည်း တည်ဆောက် နေပါတယ်။ ဒါအပြင် ယင်းကိုယ်ပိုင်တီထွင်တဲ့ မောင်းသူမဲ့ပထမဆုံးကုန်ကားနဲ့လည်း ကုန်ပို့ပေးပို့စီစဉ်နေပါ တယ်။
နိုင်သီဟ