စေ့စပ်ညှိနှိုင်းရေးစားပွဲအပေါ်က သတ္တိ

Brave1

ဘယ်နေရာမှာ ဘာကိစ္စပြောပြော၊ ကျွန်တော်တို့ပြောသမျှမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးတဲ့ သဘောပါရှိပြီးသား ဖြစ်ပါတယ်။ တက္ကစီငှားရမ်းတာ၊ စားသောက်ဆိုင်ဝင်ထိုင်တာတို့လို အသေးအဖွဲကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကအစ၊ အလွန်ကျယ်ပြန့်ရှုပ်ထွေးတဲ့ စီးပွားရေးလုပ်ငန်းများအလယ်၊ အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးများအဆုံး ကျွန်တော်တို့သုံးစွဲနေကြတဲ့ စကားလုံးတွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးနေကြတာပါပဲ။

စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများဟာ နှစ်ဖက်အနိုင်ရတဲ့ ပန်းတိုင်အပေါ်မှာ အခြေတကျ တည်ဆောက်မိပြီဆိုရင် ထူးဆန်းအံ့သြဖွယ်ရာ အဆင်ပြေချောမွေ့မှုတွေ ဖြစ်လာတော့တာပါပဲ။ လူတစ်ဦးချင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေ ပေါင်းဆုံမိကြတယ်။ ရှေ့ရေးအတွက် အတွေးအမြင်တွေရလာတယ်။ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ဟာ အချိန်တိုအတွင်းမှာ ပြည့်စုံလာတယ်။ ဒီထက်မက တိုးတက်ရှင်သန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် တန်ဖိုးထားမှုချင်း ယှဉ်ပြိုင်မှုပြင်းထန်လွန်းတဲ့ ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ဟာ ဘယ်နေရာမှာမဆို ဘာကိစ္စမဆို နှစ်ဖက်နိုင်အယူအဆနဲ့ အလုပ်လုပ်နိုင်ကြမှသာ ပြောင်းလဲခြင်းအကျိုးကျေးဇူး အဖူးအညွန့်ကို စားသုံးနိုင်ကြမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က တစ်ဖက်သတ် အနိုင်ရချင်တယ်၊ ကိုယ်ကျိုးစီးပွားနည်းနည်းကလေးမျှ အထိအခိုက်မခံနိုင်ဘဲ ယတိပြတ်ကာကွယ်ချင်တယ် ဆိုရင်တော့ ကမ္ဘာကြီးမှာ အချိန်မလပ်တိုးတက်ဖြစ်ပေါ်နေတဲ့ အသိပညာ၊ နည်းပညာပြောင်းလဲခြင်းတွေရဲ့ အသီးအပွင့်တွေကို အချိန်အတော်ကြာ ရင့်ရော်လာမှသာ ခံစားကြရမှာဖြစ်ပါတယ်။

[caption id="attachment_23199" align="alignnone" width="720"]ပြောရဲ၊ ဆိုရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်[/caption]

ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ပြောရဲဆိုရဲတဲ့သတ္တိရှိဖို့ လိုပါတယ်။ ဒီနေရာမှာ သတ္တိဆိုတာ နှစ်ဖက်နိုင်ဖြစ်လာစေဖို့အတွက် ဆွေးနွေးပွဲတွေမှာ စိတ်မသက်မသာဖြစ်ရမှုနဲ့ မရေရာ မသေချာဖြစ်ရမှုတို့ကို ကျော်လွှားလွန်မြောက်စေတဲ့ စွမ်းရည်ရှိခြင်းကို ဆိုလိုပါတယ်။ စေ့စပ်ညှိနှိုင်းမှုတိုင်းဟာ စိတ်ခံစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဖိအားတွေကလည်း များပါတယ်။ လူတစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးပုံစံတွေ ကွဲပြားခြားနားမှုကလည်း စိတ်မသက်သာခြင်း အနိမ့်အမြင့်ဒီဂရီကို ဖန်တီးပေးပါတယ်။ နောက်ပြီး လက်တွေ့မှာ ဒီစိတ်ခံစားမှုတွေကို ဘေးဖယ်ထားလိုက်ဖို့ဆိုတာကလည်း တကယ့်ကို အခက်အခဲကြီးပါပဲ။ ဒီတော့ ဒီစိတ်ခံစားမှုတွေနဲ့ သတ္တိ ဘယ်လိုပတ်သက်သလဲ။ တကယ်လို့ ကျွန်တော်တို့မှာ ကြောက်စရာ၊ စိုးရိမ်သောကဖြစ်စရာ၊ ဒါမှမဟုတ် သတိကြီးစွာထားစရာမရှိဘူးဆိုရင် သတ္တိရှိဖို့လည်း လိုအပ်မှာမဟုတ်ပါဘူး။ ဒီစိတ်ခံစားမှုတွေကြောင့်သာ ကျွန်တော်တို့ကို နောက်တွန့်စေခဲ့တာပါ။

ဒါကြောင့် ကျွန်တော်တို့က စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ရင်ဆိုင်နိုင်တဲ့စွမ်းရည် ရေချိန်မြင့်တာကိုပဲ သတ္တိရှိတယ်လို့ ခေါ်ဆိုရတာဖြစ်ပါတယ်။ ဆွေးနွေးပွဲစားပွဲတွေမှာ တချို့စေ့စပ်ညှိနှိုင်းသူတွေက သူတို့လိုချင်တာရလိုဇောနဲ့ ခြိမ်းခြောက်မှုတွေ သုံးတတ်ကြပါတယ်။ သူတို့ဟာ နှစ်ဖက်နိုင် သဘောထားရှိသူတွေ မဟုတ်ကြဘူး။ ဒီလိုစိတ်မသက်သာစရာတွေ ဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ သတ္တိတွေလိုအပ်နေတာပါ။ မော်တော်ကားအရောင်းအဝယ် လုပ်ငန်းလေးတစ်ခုကို သာဓကဆောင်ပြီး စဉ်းစားကြည့်ကြရအောင်။ လူတစ်ယောက်ဟာ မော်တော်ကားတစ်စီးလိုချင်လို့ အရောင်းဌာနတစ်ခုကို ရောက်သွားတယ်ဆိုပါစို့။ ကိုယ်ကြိုက်တဲ့ကားလည်းတွေ့ပြီ။ အရောင်းသမားနဲ့ အတော်ကလေး ဆွေးနွေးကြည့်တဲ့အခါမှာ သူ့ဘက်က အသာရစေမယ့်အချက်တွေချည်း ပြောနေတာတွေ့ရတယ်။ ကားထဲက စတူရီယိုစနစ်ကို ပိုပြီးအဆင့်မြင့်တာတစ်ခုနဲ့ လဲပေးနိုင်မလားမေးတော့ သူက လက်မခံဘူး။ နောက်ထပ်တောင်းဆိုချင်တာ တစ်ခုရှိသေးပေမဲ့ မပြောဖြစ်တော့ပါဘူး။ အရောင်းသမားဘက်က သူ့ရပ်တည်ချက်ကို အသေကာကွယ်ထားတယ်။ ဒါကြောင့် ဆွေးနွေးမှုကို ခဏရပ်ပြီး ခင်ဗျားဘက်က ပူးပေါင်းဆောင်ရွက်မှု လက္ခဏာမပြဘူးဆိုရင် အရောင်းအဝယ် ဖြစ်မှာမဟုတ်ဘူးလို့ ပြောချလိုက်ရတယ်။ ဒီလိုပြောနိုင်ဖို့အတွက် ဝယ်သူရဲ့ရင်ထဲက ဆန့်ကျင်ဘက်အသံတွေကို မနည်းကျော်လွှားခဲ့ရတာ ဖြစ်ပါတယ်။ ဟိုတုန်းက အယူအဆမျိုးဆိုရင်တော့ လှည့်ပြန်ရုံပဲပေါ့။ ကိုယ်ကြိုက်တဲ့ကားမရဘူး။ အရောင်းအဝယ် မဖြစ်ဘူး။ နှစ်ဖက်ရှုံးပေါ့။ အားနာပြီးဝယ်လိုက်မိရင်လည်း အရှုံးပေးလိုက်လျောရတာဖြစ်တယ်။ ဝယ်သူက စိတ်ကျေနပ်မှုမရဘူး။ အရောင်းအဝယ်တော့ဖြစ်တယ်။ တစ်ဖက်နိုင် တစ်ဖက်ရှုံးပါ။ ဒါပေမဲ့ ဒီအရောင်းသမားနဲ့ မတွေ့ရဖို့ နောက်တစ်ခေါက် ဒီအရောင်းဌာနကို လာစရာအကြောင်းမရှိဘူး။ ဘယ်သူမေးမေး ပြောပြီးသားမို့သာ ဝယ်လိုက်ရတယ် စိတ်ထဲမကျေနပ်ကြောင်း ပြောမှာပဲ။ နှစ်ဖက်ရှုံးတောင် ဖြစ်သွားနိုင်တယ်။ အခုလိုပြန်ပြောလိုက်တော့ အရောင်းသမားဘက်က ပြန်သုံးသပ်ရတော့မယ်။ ပူးပေါင်းဆောင်ရွက်မှု တစ်စုံတစ်ရာလုပ်ရပါတော့မယ်။ နှစ်ဖက်ကျေနပ်တဲ့ အရောင်းအဝယ်ဖြစ်ရင် နှစ်ဘက်စလုံးနိုင်ပါတယ်။ ဒီလိုဖြစ်လာအောင် နှစ်ဖက်စလုံးရဲ့ အတွင်းအားနဲ့ နှစ်ဖက်နိုင်အယူအဆ စိတ်ပိုင်းဖြတ်ထားချက်တွေက ထွက်ပေါ်လာတဲ့အရာက သတ္တိပါပဲ။

စေ့စပ်ညှိနှိုင်းရေးစားပွဲက ပူလောင်လာလေလေ၊ စေ့စပ်ညှိနှိုင်းသူတွေမှာ သတ္တိရှိဖို့က လိုအပ်လာလေပါပဲ။ လူ့ဘဝမှာ ကြုံတွေ့နေကျအတိုင်းပါပဲ။ အလိုအပ်ဆုံးအရာဟာ အလိုအပ်ဆုံးအချိန်မှာ ဘယ်တော့မှ အဆင်သင့်ပေါ်ပေါက်လာလေ့ မရှိပါဘူး။ ဒါကြောင့် စေ့စပ်ညှိနှိုင်းသူများဟာ ကိုယ့်ကိုယ်ကိုယ် ဆွေးနွေးရေးစားပွဲတွေမှာ သတ္တိတွေတိုးမြှင့်ရရှိလာရအောင် အချိန်ယူပြီး လေ့ကျင့်ပြင်ဆင်ထားကြရပါတယ်။ ဒီလို အလေ့အကျင့်မျိုးကလည်း သာမန်လူနေမှုဘ၀ နည်းလမ်းတစ်ခုလို အစဉ်တစိုက်ဖြစ်နေဖို့ လိုပါတယ်။ လူအချင်းချင်း နေ့စဉ်နှင့်အမျှ ပြောဆိုဆက်ဆံနေကြတာဟာ စေ့စပ်ညှိနှိုင်းနေကြတာပဲဖြစ်တဲ့အတွက် နေ့စဉ် ကြုံတွေ့နေရတဲ့ စိုးရိမ်သောကတွေ၊ စိတ်မသက်မသာဖြစ်မှုတွေကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လျစ်လျူရှုမထားဘဲ ရင်ဆိုင်ကျော်လွှားနိုင်တဲ့စွမ်းရည်ကို အမြဲမြှင့်တင်နေရမှာ ဖြစ်ပါတယ်။

သတ္တိစိတ်မွေးဖို့ အခုမှ စတင်မယ်ဆိုရင်တော့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်နဲ့ စသင့်ပါတယ်။ သူနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်ခဲ့တဲ့အကြောင်းအရာ တစ်ခုခုရှိခဲ့ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စပြောဖို့ အလွယ်ကူဆုံးအခြေအနေတစ်ခုကို စဉ်းစားရပါမယ်။ ဒီကိစ္စမှာ သူ့အတွက်အကျိုးရှိနိုင်တာ ဘာပါမလဲ ဆက်စဉ်းစားရပါမယ်။ စကားပြောမယ့် အသံနေအသံထားလည်း စဉ်းစားရပါမယ်။ မိမိပြောကြားချက်အပေါ် သူ့ဘက်က ဘယ်လိုမြင်မလဲ ထပ်တူခံစားကြည့်ရပါမယ်။ နောက်ပြီး ဘာတွေပြောမယ်၊ ဘယ်လိုပြောမယ် နည်းလမ်းရွေးချယ်ရပါမယ်။ မိမိအကြံပြုချက် ဒါမှမဟုတ် ဆုံးဖြတ်ချက်ကို သူက လက်မခံခဲ့ရင် ဘာပြန်ပြောမလဲ၊ ပြီးရင် ဘာဆက်လုပ်မလဲ စီမံချက်ရှိရပါမယ်။ ပြီးရင်တော့ မိမိရဲ့သတ္တိစိတ်ကို မွေးပြီး လက်တွေ့ ထိုးထွင်းဝင်ရောက်သွားဖို့ပါပဲ။ ဒီလေ့ကျင့်ရေးမှာ အောင်မြင်မှု၊ ဒါမှမဟုတ် အနည်းဆုံးရှင်သန်မှု ရပြီဆိုရင် (အောင်လည်းအောင်မြင်မှာပါ) တစ်ရက်မှာ တစ်ကြိမ် တစ်ယောက်ချင်းကစပြီး လူအများနဲ့ပါ လေ့ကျင့်သွားရပါမယ်။ အားကစားလေ့ကျင့်သလိုပဲ အချိန်မှန် လေ့ကျင့်သွားရင် သတ္တိဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ကြွက်သားတွေ ခိုင်မာတောင့်တင်းလာမှာပါ။

[caption id="attachment_23200" align="alignnone" width="720"]စေ့စပ်ညှိနှိုင်းတာ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားအတွက်ပါ[/caption]

တကယ်တော့ စေ့စပ်ညှိနှိုင်းဆွေးနွေးတယ်ဆိုတာ တောင်းဆိုခြင်းနဲ့ တုံ့ပြန်ခြင်းအစီအစဉ်တွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကသာ အထက်က တင်ပြထားသလို လေ့ကျင့်ထားကြမယ်ဆိုရင် ပြောအားဆိုအားတွေ ပြင်းထန်နေတဲ့ ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးတန်ဖိုးထားမှုတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဒီလိုသတ္တိရှိမှုမျိုးဟာ ကျွန်တော်တို့ဘက်အတွက်ချည်းပဲ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်စေရမှာပါ။

မင်းဗထူး