ကျွန်တော်တို့အားလုံး အိုင်ကျူ (Intelligence Quotient) အကြောင်း ရင်းနှီးပြီးသားဖြစ်ကြပါတယ်။ လူသားတစ်ယောက်မှာရှိတဲ့ အသိဉာဏ်ပမာဏ အတိုင်းအတာ ဆန်းစစ်သောနည်းလမ်းတစ်ခုဖြစ်ပြီး ကျောင်းများ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ အစိုးရဌာနကြီးများမှာ စံပြုလောက်အောင် သုံးစွဲနေကြပါတယ်။ အိုင်ကျူဆန်းစစ်ခြင်းရဲ့တန်ဖိုးရှိမှုနဲ့ ထိရောက်မှန်ကန်မှုကို ကျွန်တော်တို့ ဘာမျှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဒါဟာ လူသားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းနဲ့ ပညာရှင်ပီသမှုကိုတော့ ပြည့်စုံစွာ ဆန်းစစ်ပေးနိုင်မှာ မဟုတ်ပါဘူး။
စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ တွေ့နေရတဲ့လူတွေကို ကျွန်တော်တို့အကဲဖြတ်ကြမယ်ဆိုရင် အနည်းဆုံး ကွင်းငါးကွင်းနဲ့တော့ ရှုမြင်နိုင်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ (အိုင်ကျူအပါအဝင်) ကွင်းတစ်ကွင်း၊ ခံစားမှုပိုင်းဆိုင်ရာ ကွင်းတစ်ကွင်း၊ ရုပ်ပိုင်းဆိုင်ရာ ကွင်းတစ်ကွင်း၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ကွင်းတစ်ကွင်းနဲ့ လူမှုရေးဆိုင်ရာ ကွင်းတစ်ကွင်းတို့ ဖြစ်ပါတယ်။ ဒီခေတ်မှာ ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် အမြဲတမ်းကျယ်ပြန့်သည်ထက် ပိုမိုကျယ်ပြန့်နေတာဖြစ်တော့ ကျွန်တော်တို့ဟာ တစ်ဖက်လူတွေကို အကဲခတ်နိုင်ဖို့အတွက်ပင်လျှင် အစဉ်မပြတ် လေ့လာသင်ယူမှုတွေရှိနေရမှာဖြစ်ပြီး ဘာသာရပ်တွေရဲ့ ကျယ်ပြန့်မှု အတိုင်းအတာနဲ့ ကျွန်တော်တို့ရဲ့ အသိဉာဏ် အံဝင်ခွင်ကျမှုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ အောင်မြင်မှုရယူလိုကြတယ်ဆိုရင် ကျွန်တော်တို့ဟာ အထက်ကပြောခဲ့တဲ့ အမာထည်ကွင်းငါးကွင်းကို သာမက ဒီအမာထည်တွေထဲမှာရှိနေတဲ့ အပျော့ထည် အကဲသာမှုကလေးတွေကို ကိုင်တွယ်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ခံစားမှုဆိုင်ရာအသိဉာဏ် (Emotional Intelligence Quotient) အီးကျူက စကားပြောလာပါတယ်။ သူဟာ အမှန်တကယ်တန်းဝင်တဲ့ အပျော့ထည်တစ်မျိုးဖြစ်ပါတယ်။ အပျော့ထည်ဆိုလို့ သူ့ကိုကျွမ်းကျင်ပိုင်နိုင်ဖို့ လွယ်ကူတယ်လို့တော့ မထင်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ဘဝမှာ အီးကျူတိုးပွားအောင် လုပ်ရတာဟာ ရာသက်ပန်လုပ်နေရမယ့် အလုပ်ဖြစ်တဲ့အပြင် အကြီးမားဆုံး စိန်ခေါ်မှုတောင် ဖြစ်လာနိုင်လို့ပါ။ ဒါပေမဲ့ ဒီလိုအီးကျူပမာဏတိုးပွားဖို့အတွက် အားထုတ်ရတာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအရည်အချင်းနဲ့ ပညာရှင်ပီသမှုဆုလာဘ်အတွက်တော့ ထိုက်တန်တယ်လို့ပဲ ဆိုချင်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးစားပွဲနဲ့ ဆက်စပ်တဲ့အီးကျူမှာ အခန်းကြီးလေးခန်း ပါရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲခြင်း၊ လူမှုရေး သတိရှိခြင်းနဲ့ ဆက်ဆံရေးစီမံခန့်ခွဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအခန်းတိုင်းမှာ ဆက်လုပ်ရမယ့် အစိတ်အပိုင်းတွေ ကိုယ်စီရှိကြပါတယ်။ ဒီအစိတ်အပိုင်းတွေဟာ ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံးကို ပိုမိုကျယ်ပြန့်လာစေပြီး အကျိုးကျေးဇူးတွေလည်း ဆောင်ယူပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခန်းတွေက လေဟာနယ်ထဲမှာ အလုပ်မလုပ်နိုင်ပါဘူး။ ဆိုလိုတာက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးမှသာ အလုပ်လုပ်နိုင်ကြပါတယ်။ ပထမ အခန်းနှစ်ခန်းဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် သတိရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲခြင်းတို့က ကျွန်တော်တို့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ဆိုင်ပါတယ်။ အခြားအခန်းနှစ်ခန်းကတော့ အခြားလူတွေနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို လမ်းညွှန်ပေးနိုင်ပါတယ်။ လူသားတိုင်းဟာ တစ်ယောက်တည်း ထီးထီးကြီး မနေနိုင်ကြပါဘူး။ အခြားလူတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံမှု ရှိနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အမြဲတမ်းစေ့စပ်ညှိနှိုင်းနေကြရတာ ဖြစ်ပါတယ်။
အီးကျူအခန်းတစ်ခုချင်းမှာပါဝင်တဲ့ အစိတ်အပိုင်းတချို့ကို ဆက်လက်ဆွေးနွေးသွားပါမယ်။ အီးကျူဟာ သီးခြားဘာသာရပ်တစ်ခုဖြစ်လို့ အသေးစိတ်မသွားတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်သတိရှိခြင်းမှာ အစိတ်အပိုင်းကြီး သုံးခုရှိပါတယ်။ စဉ်းစားတွေးခေါ် ခြင်း၊ ခံစားခြင်းနဲ့ ကိုယ်ခန္ဓာအတွေ့အထိ အာရုံတို့ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကိုယ်လိုချင်တာမရရင် ခံစားမှု ၁၄ မျိုး၊ လိုချင်တာရရင် ခံစားမှု ၁၁ မျိုး ရှိတယ်လို့ဆိုပါတယ်။ ''ကျွန်တော်တို့မှာ စဉ်းစားတွေးခေါ်ခြင်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ စဉ်းစားတွေးခေါ်ခြင်း မဟုတ်ဘူး''၊ ''ကျွန်တော်တို့မှာ ခံစားမှုတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ခံစားမှုတွေ မဟုတ်ဘူး'' စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ဒီအတိုင်း နေနိုင်ရပါမယ်။ ဆိုလိုတာက စဉ်းစားပါ၊ ခံစားပါ၊ သို့သော် မပေါ်လွင်စေရပါဘူး။ ယေဘုယျကျကျ ပြောရရင် ဒါဟာပြောရတာလွယ်တယ်။ အခြေခံအားဖြင့် လည်းမှန်တယ်။ ဒါပေမဲ့ တကယ်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ စိတ်ခံစားမှုတွေ တအားပြင်းထန်ခဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ ဘယ်လိုဖြစ်ခဲ့ကြသလဲ၊ သတိပြုမိကြမှာပါ။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က ဆိုးဝါးပြင်းထန်သော စိတ်ခံစားမှုဟာ လတ်တလော စေ့စပ်ညှိနှိုင်းမှုကို ပျက်စီးသွားစေပြီး အနာဂတ်စေ့စပ်ညှိနှိုင်းရေး အလားအလာအတွက်ပါ ထိခိုက်နိုင်ပါတယ်။ ''ကိုယ်ခန္ဓာအထိအတွေ့အာရုံဟာ ဘယ်တော့မျှ လိမ်မပြောတတ်ဘူး''လို့ ဆိုရိုးစကားရှိပါတယ်။ စိတ်မသက်သာမှုအတွက် သူကအချက်ပြနေမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သတိရှိကြမယ်ဆိုရင်၊ ကိုယ်ခန္ဓာမှာ ဘယ်လိုပဲအချက်ပြနေပါစေ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ဒီအာရုံကိုကိုယ့်အတွက် အကျိုးရှိအောင် ပြောင်းလဲသုံးစွဲနိုင်ရမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်သတိရှိခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲနိုင်ဖို့အတွက် အစပြုတဲ့အမှတ် ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှု၊ စိတ်ခံစားမှုများနဲ့ ကိုယ်ခန္ဓာအတွေ့အထိ အာရုံတွေကိုသာ သတိရှိခဲ့ရင် ရရှိထားတဲ့ သတင်းအချက်အလက်ကို ပိုပြီးအမြော်အမြင်ရှိရှိ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုသုံးစွဲနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်ခြင်းတို့ကို အချင်းချင်းအပြန်အလှန် ဆက်စပ်မှုရှိအောင် လုပ်ဆောင်နိုင်ခြင်းဟာ စိတ်ခံစားမှုဆိုင်ရာအသိဉာဏ် (အီးကျူ) ကိုတိုးပွားလာစေပါတယ်။
စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ တခြားလူတွေနဲ့ ထိတွေ့တဲ့အခါတိုင်းမှာ ကျွန်တော်တို့ဟာ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သတိရှိမှု၊ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲမှု၊ လူမှုရေးသတိရှိမှုနဲ့ ဆက်ဆံရေးစီမံခန့်ခွဲမှု အရည်အချင်းရှိခြင်း၊ သို့မဟုတ် မရှိခြင်းတို့ကို တုံ့ပြန်ရတာဖြစ်ပါတယ်။ တစ်ဖက်လူတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (အီးကျု)ကို အားပေးမြှင့်တင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အီးကျူကိုလည်း တိုးတက်လာဖို့ အခွင့်အရေးရရှိစေမှာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကျွန်တော်တို့ ဘာကြောင့် လူမှုရေးသတိရှိဖို့ လိုရတာလဲ။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ လူမှုရေးသတိဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေ (သတင်းသမားအပါအဝင်) ဆီကပေးတဲ့ သဲလွန်စအချက်အလက်တွေကို သတိရှိရန်၊ စာနာမှုရှိရန် ဖြစ်ပါတယ်။ တချို့သဲလွန်စတွေက နှုတ်ကထုတ်ဖော်ပြောတာရှိသော်လည်း တချို့ကတော့ မျက်နှာ၊ ကိုယ်ခန္ဓာ၊ ခြေ၊ လက်၊ အသံနေအသံထားတို့ကတစ်ဆင့် ရရှိနိုင်ပါတယ်။ လူတိုင်းမှာ ဒီလိုသင်္ကေတတွေရှိတတ်တယ်။ ဒါတွေကို သတိထားဖို့ဖြစ်ပါတယ်။ စာနာမှုနဲ့ တုံ့ပြန်ဖို့ ဖြစ်ပါတယ်။ ပုံသေလုပ်ရိုးလုပ်စဉ် အချိန်ဇယားအတိုင်း လုပ်မယ်ဆိုရင် ကောင်းမွန်သောစေ့စပ်ညှိနှိုင်းရေးလို့ မဆိုနိုင်ပါဘူး။
တစ်ဖက်နိုင်တစ်ဖက်ရှုံး ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာတော့ အပြုသဘောဆက်ဆံရေးဖြစ်အောင် သိပ်ဂရုမပြုကြသော်လည်း၊ ပိုမိုဉာဏ်အမြော်အမြင်ရှိတဲ့ စေ့စပ်ညှိနှိုင်းသူတိုင်းဟာ နှစ်ဦးနှစ်ဖက် တန်းတူညီမှုအပြုသဘောရလဒ်များ ထွက်ပေါ်အောင် လုပ်ရတာဖြစ်တဲ့အတွက် ဆက်ဆံရေးစီမံခန့်ခွဲမှု အပိုင်းကို အားကောင်းအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုနဲ့ စိတ်ကျေနပ်မှုရရှိစေဖို့အတွက်ဆိုရင် စိတ်ခံစားမှုဆိုင်ရာအသိဉာဏ် (အီးကျူ) အခန်းကြီး လေးခန်းစလုံးကို ပေါင်းစည်းညီညွတ်အောင် လုပ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။
မင်းဗထူး