စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က လေးစားသမှု

respect1

လေးစားသမှုဆိုတာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ အခြေအနေကို ပြောတာပါ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားသမှုရှိရမယ်။ တခြားလူတွေအပေါ်မှာလည်း လေးစားသမှုရှိရပါမယ်။ လူတွေမှာ ကိုယ့်ကိုယ်ကိုယ်လေးစားသမှု ရေချိန်အမျိုးမျိုး ရှိနိုင်ပါတယ်။ နိမ့်ကျတဲ့ လေးစားသမှုမှ မြင့်မားတဲ့ လေးစားသမှု၊ ဒါမှမဟုတ် ဒီရေချိန်နှစ်ခုအကြား ဘယ်လိုမျိုးရေချိန်မဆို ဖြစ်နိုင်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကျွန်တော်တို့ဟာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားသမှုကိုရော၊ တခြားလူတွေရဲ့ သူတို့ဘာသာသူတို့ လေးစားသမှု ရှိတာကိုရော ဂရုတစိုက်အလေးအနက်ပြုနေကြတာလဲ။ လူတွေမှာ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုနိမ့်ကျရင် ကြောက်ရွံ့ခြင်းနဲ့ မရေမရာမှုတွေ ဖြစ်တတ်တယ်။ နှစ်ဖက်စလုံးက ဒီလိုအရည်အချင်းနိမ့်ကျမှုဟာ တက်ကြွတဲ့၊ အပြုသဘောဖြစ်တဲ့၊ တွေးတောဆင်ခြင်မှုရှိတဲ့ စကားဖလှယ်မှုတွေဖြစ်စေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုရှိကြသူချင်းသာ နှစ်ဖက်အဖွဲ့အစည်းများရဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုအမြင့်ဆုံးအဆင့်မှာ အမြဲရောက်ရှိနေစေဖို့ ဘာလုပ်ဖို့လိုအပ်မလဲ။ ဒီဘာသာရပ်ဟာ သီးခြားလေ့လာသင်ယူရမယ့် ဘာသာရပ်ပါပဲ။ လူတစ်ယောက်ဟာ ကိုယ့်ဘဝတစ်လျှောက်လုံးကို ဘယ်လိုရှုမြင်ခဲ့သလဲ၊ ဘယ်လိုသဘောထားခဲ့သလဲ၊ အဲဒါနဲ့ ဆိုင်ပါတယ်။ ကိုယ်နားလည်ထားတဲ့ တန်ဖိုးတွေနဲ့ ဒီတန်ဖိုးတွေကို ယုတ်လျော့မသွားအောင် ဘယ်လောက် စောင့်စည်းထားနိုင်ခဲ့သလဲ။ အများရဲ့ချီးမွမ်းခြင်း၊ အသိအမှတ်ပြုခြင်းနဲ့ တန်ဖိုးမြှင့်တင်ပေးခြင်းတို့ကို ဘယ်လောက်ခံယူခဲ့ရသလဲ ဒီအချက်တွေအပေါ်မှာလည်း တည်ပါတယ်။ ဒါအပြင် ကိုယ့်ကိုယ်ကိုယ်လေးစားသမှု၊ တန်ဖိုးထားမှုတွေကို စေ့စပ်ညှိနှိုင်းရေးစားပွဲတွေပေါ်မှာလည်း ထောက်ပံ့မြှင့်တင်ပေးနိုင်ပါသေးတယ်။

ကိုယ့်ကိုယ်ကိုယ်ကောင်းတယ်လို့ ခံစားနေနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်တန်ဖိုးထားမှုဘောင်အတွင်းမှာ အမှန်တကယ်နေနိုင်ဖို့ပါပဲ။ စေ့စပ်ညှိနှိုင်းမှုတွေဟာ တစ်ခါတစ်ရံမှာ ပရိယာယ်များနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ညစ်ပတ်တတ်ပါတယ်။ ကျွန်တော်တို့ရဲ့တန်ဖိုးထားမှုဟာ ပါဝင်ကြသူတိုင်းအတွက် ကောင်းမွန်တဲ့ရလဒ်ရရှိဖို့အတွက် ဖြစ်ပေမဲ့ စေ့စပ်ညှိနှိုင်းနေစဉ် ကာလအတွင်းမှာပင် တန်းတူညီမှုပျောက်ဆုံးနေတာကို တွေ့ရပြီဆိုရင်၊ ကျွန်တော်တို့ဟာ တခြားလူတွေကျင့်သုံးနေတဲ့ တစ်ဖက်နိုင်၊ တစ်ဖက်ရှုံးကစားဝိုင်းထဲ ကျရောက်သွားခဲ့ပါပြီ။ အဲဒီအခါ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုဟာ လျော့ပါးသွားနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ အချိန်နဲ့အမျှ အပြုသဘောခြေလှမ်း လှမ်းနိုင်ဖို့ အမြဲတမ်းပြင်ဆင်ထားသင့်ပါတယ်။ ကြိုကြိုတင်တင်သာ သိလိုက်မယ်ဆိုရင် ပိုမိုကောင်းမွန်အောင် လုပ်နိုင်မှာပဲလို့ ရေးကြီးသုတ်ပျာ ဖြစ်လာတဲ့အချိန်ကျမှ သတိထားမိတာ ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၊ တခြားလူတွေကို အပြစ်တင်၊ ဖြစ်လာရတဲ့အကြောင်းတရားအပေါ်မှာ အပြစ်တင်နေမိပြီဆိုရင် ကျွန်တော်တို့ဟာ အပြန်အလှန် အပြစ်တင်ခြင်း ကစားဝိုင်းထဲရောက်နေလို့ပါပဲ။ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားသမှု၊ တခြားလူတွေအပေါ် လေးစားသမှု ဆုံးရှုံးစေရတဲ့အကြောင်းရင်းပါပဲ။ ဘယ်သူကဘာပြောပြော ခြိမ်းခြောက်တာဖြစ်ချင်ဖြစ်မယ်၊ မြှောက်ပြောတာ ဖြစ်ချင်ဖြစ်မယ် ကျွန်တော်တို့ဟာ ကိုယ်လုပ်ဖို့တာဝန်ခံထားတဲ့အတိုင်း လုပ်နေရပါမယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံးလုပ်နေရပါမယ်။ ခရီးလမ်းက ဝေးချင်ဝေးနေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုအပေါ်မှာနဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ်မှာ လေးစားသမှုက တိုးတက်ကောင်းမွန်နေမှာပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရှိစေဖို့ဆိုတဲ့ ရပ်တည်ချက်ကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။

အခြားတစ်ဖက်က စေ့စပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ကျတော့ သူတို့ရဲ့လေးစားသမှုစောင့်ထိန်းခြင်းဟာ နောက်ပိတ်ဆုံး သူတို့အပေါ်မှာပဲ တာဝန်ရှိတာဖြစ်ပေမယ့် စေ့စပ်ညှိနှိုင်းရေးလုပ်နေစဉ် အချိန်ကာလ အတွင်းမှာတော့ သူတို့ဘယ်လိုခံယူသင့်တယ်ဆိုတာ ကျွန်တော်တို့ဘက်ကလည်း လွှမ်းမိုးမှုရှိအောင် လုပ်နိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးက ပိုမိုကောင်းမွန်တဲ့ အပြုသဘောရလဒ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုအခွင့်အရေးတွေအပေါ်မှာ အလေးအနက်ထားသင့်တယ်ဆိုတာကို ကျွန်တော်တို့က ဝန်ဆောင်မှုပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် လေးစားသမှုမြှင့်တင်ရေး အလေ့အကျင့် ရရှိစေခြင်းဟာ ကျွန်တော်တို့က အကူအညီပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ 'လူတွေကို မှန်တာကိုလုပ်ဖို့ နားလည်သဘောပေါက်စေခြင်း' ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ ကျွန်တော်တို့ဘက်က အလေးအနက်ထားပြီး လုပ်ရမယ့်အလုပ်ပါပဲ။ ဒီအလုပ်ကိုလုပ်ဖို့ နည်းလမ်းသုံးသွယ်ရှိပါတယ်။

ပထမနည်းလမ်းကတော့ ချီးမွမ်းခြင်းပါပဲ။ တစ်ဖက်လူတွေအတွက် နာခံကောင်းစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဥပမာ - ''ဒီအချက်လေးထောက်ပြတာ ကျေးဇူးတင်ပါတယ်'' အားပေးမြှင့်တင်ပေးတဲ့ အသံနေအသံထားနဲ့ ပြောရမှာဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ အသိအမှတ်ပြုခြင်းပါပဲ။ သီးသန့်ဖော်ပြချက်များပါရှိတဲ့ အပြုသဘောပြန်လည်ဖြည့်ဆည်းပေးမှု ဖြစ်ပါတယ်။ ဥပမာ - ''ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုမှာ အနည်းငယ်ကလေး လမ်းလွဲမှုပါရှိနေတာ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်တရားကို ချိန်ချိန်ဆဆ ဖော်ပြပေးတဲ့အတွက် ကျွန်တော့်ရဲ့အမှားအယွင်းဟာ ရိုးသားတဲ့အမှားအယွင်း ဖြစ်တယ်ဆိုတာကို နားလည်ထားကြောင်း သိသာပါတယ်''။ တတိယနည်းလမ်းကတော့ တန်ဖိုးမြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။ လူအတော်များများက ဒီနည်းလမ်းကို အသုံးပြုလေ့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကရော၊ အခြားဆွေးနွေးတဲ့ဘက်ကပါ ဒီနည်းလမ်းကို အသုံးပြုနိုင်တယ်ဆိုရင်တော့ အလွန်အကျိုးများစရာ ရှိပါတယ်။ အခြားတစ်ဖက်ရဲ့ လေးစားသမှုရှိခြင်းကို တန်ဖိုးမြှင့်ဖြည့်ဆည်းပေးခြင်း ဖြစ်ပါတယ်။ ဥပမာ - ''ဒီကိစ္စကို ရိုးဖြောင့်တည်ကြည်စွာ ကျွန်တော့်ကိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သတ္တိရှိရှိနဲ့ ဒီလိုပြောပြတာဟာ ကျွန်တော့်ရဲ့သိသာထင်ရှားတဲ့ အမှားအယွင်းကနေ ကျွန်တော့်ကိုမနစ်နာစေဖို့အတွက် အကောင်းဆုံးကူညီစောင့်ရှောက်မှုလို့ မှတ်ယူပါတယ်''။

[caption id="attachment_24251" align="alignnone" width="720"]သင်လမ်းလွဲနေတာကို ထောက်ပြရင် ကျေးဇူးတင်ကြောင်းပြောပါ။[/caption]

စေ့စပ်ညှိနှိုင်းရေးစားပွဲတစ်ခုမှာ ကျွန်တော်တို့ဟာ တစ်ဖက်ကို နှိမ့်ချခဲ့ကြသလား။ သူတို့ရဲ့တန်ဖိုးတွေကို ဆောင့်အောင့်နင်းချေခဲ့ကြသလား။ ဒါမှမဟုတ် သူတို့ရဲ့အားထုတ်မှုတွေ၊ သူတို့ရဲ့စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်သမျှ အခွင့်အရေးပေါ်လာတိုင်းကို လက်မလွှတ်စတမ်း အသုံးချခဲ့သလား။ နှစ်ဖက်စလုံး ကိုယ့်ကိုယ်ကိုယ် လေးစားသမှုမြင့်မားနေမှသာ နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

မင်းဗထူး