အားလုံးပြောင်းလဲချိန်တန်ပြီလို့ လက်ခံနေပြီး ပြင်ဆင်နေကြချိန်မှာ ပုဂ္ဂလိကလုပ်ငန်းများရဲ့ အခန်းကဏ္ဍက မြန်မာ့စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးပါလာပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေ တိုးတက်မှုအတွက် ဆောင်ရွက်တဲ့အနေနဲ့ ပြောင်းလဲသင့်တဲ့ မူဝါဒပိုင်းဥပဒေပြဌာန်းမှုပိုင်းတွေကို အစိုးရသစ်က တာဝန်ယူဖော်ဆောင်ပေးမှာဖြစ်သလို ငွေကြေးထောက်ပံ့မှုပိုင်းဆိုင်ရာ ကူညီမှုတွေကို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ဝင်ရောက်ကူညီပေးပါတယ်။ International Finance Corporation (IFC) က City Mart နဲ့ YOMA Strategic Holdings တို့ကို ချေးငွေထောက်ပံ့မှုလုပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ မြန်မာ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍကို ခိုင်မာအောင်တိုးမြှင့်ပေးနိုင်ဖို့အတွက် IFC နဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာပုဂ္ဂလိကလုပ်ငန်းများ ရေရှည်တိုးတက်တည်တံ့မှုအတွက် ပညာရှင်တွေက ဘက်ပေါင်းစုံမှအကြံပေးထောက်ပြချက်များကို ရေးသား တင်ဆက်လိုက်ပါတယ်။
Vivek Pathak
IFC Director
East Asia and the Pacific
Good Corporate Governance (GCG) ရှိမှသာ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေနဲ့ မြန်မာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြမယ့် လုပ်ငန်းတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကောင်းမွန်တဲ့ CG ရှိမှလည်း ကိုယ့်ရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားကြမှာဖြစ်သလို ကုမ္ပဏီအနေနဲ့လည်း စတော့အိတ်ချိန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဦးဝင်းအောင်
President
UMFCCI
ကျွန်တော်တို့ UMFCCI အနေနဲ့ IFC နဲ့ ပူးပေါင်းတယ်ဆိုတာက ဒီလို တကယ်အကျိုးများတဲ့ ကောင်းမွန်တဲ့ CG စနစ်ကို ဖွံ့ဖြိုးစေဖို့ဖြစ်တယ်။ CG ကောင်းရင် ကုမ္ပဏီမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ၊ ရှယ်ယာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာဖြစ်သလို ကိုယ့်ကုမ္ပဏီရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေမှာ ကောင်းမွန်တဲ့ CG စနစ် သက်ဝင်ဖို့အရေးကြီးပါတယ်။
ဒါအပြင် မြန်မာနိုင်ငံဟာ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်။ ဒါတွေကို ဆောင်ရွက်အကောင်အထည်ဖော်နိုင်ဖို့အတွက် GCG လို ခိုင်မာတဲ့ မူဘောင်ဥပဒေတစ်ခု လိုအပ်ပါတယ်။ နောက်ပြီး ကုမ္ပဏီအောင်မြင်ဖို့အတွက် ကိုယ့်မှာစွမ်းဆောင်ရည်ကောင်းကောင်းရှိဖို့ လိုသလို ပါတနာကောင်းတွေ ရှာဖွေပူးပေါင်းဖို့လည်းလိုပါတယ်။
Dr Bandid Nijathaworn
President & CEO
The Thai Institute of Directors Association
Corporate Governance (CG) နဲ့ ပတ်သက်ပြီး ကျွန်တော်အကြံပြုလိုတာကတော့ ပုဂ္ဂလိကမှာ CG ရဲ့ အရေးပါမှုကို လူတွေသိမြင်လာအောင် လုပ်ဆောင်ရမယ်။ Listed ကုမ္ပဏီတွေနဲ့ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက CG ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးရမယ်။ ဒါရိုက်တာအဖွဲ့တွေကို CG နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာရှင်တွေ၊ ဒါရိုက်တာတွေအတွက် ဂေဟစနစ်ကို တည်ဆောက်ပေးဖို့ လိုပါတယ်။
Serge Pun
Chairman
The Singapore Institute of Directors
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို အပြည့်အဝအသုံးချဖို့လိုပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ CG ရှိတဲ့အတွက်ကြောင့်သာ အခုလိုအောင်မြင်လာတာဖြစ်သလို ဒီစနစ်ကြောင့်လည်း နိုင်ငံတကာက အောင်မြင်တဲ့ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ကုမ္ပဏီနဲ့ ပါတနာပြုလုပ်ဖို့အတွက် ရွေးချယ်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ပေးတာတွေ၊ လာဘ်ယူတာတွေကို အရင်ကလိုပဲ ဆက်ပြီးပြုလုပ်နေမယ်ဆိုရင်လည်း CG ကို အကောင်အထည် ဖော်နိုင်မှာမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူတာတွေ ပပျောက်အောင် အရင်ဆုံးကိုယ့်ရဲ့ Mindset ကို ပြင်ဖို့ လိုပါတယ်။ ကျွန်တော်ပြောချင်တာက လာဘ်ပေး၊ လာဘ်ယူလုပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက်သဘောတူမှ ဖြစ်တာပါ။ လာဘ်ပေးမယ့်လူမရှိဘူးဆိုရင် လာဘ်ယူတဲ့လူလည်း ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် လာဘ်ယူတဲ့လူမရှိသင့်သလို လာဘ်ပေးတဲ့လူတွေလည်း ပပျောက်သင့်ပါတယ်။ ဒါကြောင့်လူတိုင်းဟာ သူတို့ရဲ့ Mindset တွေကို ပြုပြင်သင့်တယ်လို့ ပြောတာပါ။
John Lim
Former Chairman
The Singapore Institute of Directors
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီလူတွေ စိတ်ချလက်ချရင်းနှီးမြှုပ်နှံနိုင်လောက်တဲ့ ယုံကြည်မှုမျိုး အခိုင်အမာတည်ဆောက်နိုင်ဖို့၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ ပွင့်လင်းမြင်သာတဲ့ စည်းမျဉ်းဥပဒေတွေရှိဖို့၊ Capital Market ရဲ့ အစဦးခြေလှမ်းတွေမှာ အမှားအယွင်းမရှိအောင်သတိပြုဖို့၊ ဦးဆောင်တဲ့ ဒါရိုက်တာတွေရဲ့ အရည်အသွေးပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးဖို့၊ ဥပဒေချမှတ်တဲ့ သူတွေအနေနဲ့လည်း လုပ်ငန်းတိုးတက်မှု မြန်ဆန်အောင် နိုင်ငံတကာ စာရင်းစစ်အဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ အဓိကငွေကြေး ထောက်ပံ့သူတွေ၊ ပြည်တွင်းက ဦးဆောင်ကုမ္ပဏီတွေ၊ ဒေသတွင်း Institute of Directors တွေနဲ့ အဆက်အသွယ်မပြတ်ဘဲ ဆောင်ရွက်လုပ်ကိုင်ဖို့၊ နိုင်ငံတကာကျင့်ထုံးတွေနဲ့အညီ ဆောင်ရွက်နေရင်း တစ်ဖက်မှာလည်း ကိုယ်မျှော်မှန်းတဲ့ ငွေကြေးအရင်းအမြစ် လိုအပ်ချက်အတွက် ဦးစားပေးဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါက ကျွန်တော်အမြင်ပါ။
မြန်မာနိုင်ငံလို နိုင်ငံအနေနဲ့ GCG စနစ်ကို အကောင်အထည်ဖော်ဖို့ဆိုရင် လက်ရှိမှာ အောင်မြင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာစာရင်းစစ်ကုမ္ပဏီတွေက ကောင်းတဲ့အချက်တွေကို အတုယူပြီး ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ မူဘောင်တွေကို ထူထောင်ဖို့လိုပါတယ်။ ဒါဟာ တကယ့်ကို သော့ချက်ပဲဖြစ်ပါတယ်။ နောက်ပြီး ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့ မကြောက်နေပါနဲ့လို့ တိုက်တွန်းလိုပါတယ်။ GCG စနစ်ကို အကောင်အထည်ဖော်ဖို့အတွက် တကယ်တမ်းဘာတွေ လိုအပ်နေတယ်၊ အရင်းအနှီးဈေးကွက် အောင်မြင်ဖို့အတွက် ဘယ်လိုမူဘောင်တွေ ရှိဖို့လိုတယ်စတာတွေကို ရှာဖွေဖြည့်တင်းထားပါလို့ အကြံပြုလိုပါတယ်။
ဦးဌေးချွန်
Member of SECM
အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ်သွားနေတဲ့ ပန်းတိုင်ကို ရောက်ရှိစေမယ့် မှန်ကန်တိကျတဲ့ နည်းလမ်းတွေ ရှိဖို့လိုပါတယ်။ အဖွဲ့အစည်းထဲမှာ CG ရှိတယ်ဆိုတာ အဖွဲ့အစည်းထဲမှာရှိတဲ့ လူတစ်ဦးချင်းစီကို တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ CG ကောင်းရှိတယ်ဆိုရင် မျှော်လင့်ထားတဲ့ပြဿနာတွေ၊ အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားသွားနိုင်မယ့်အပြင် ရင်းနှီးမြှုပ်နှံသူတွေ၊ ရှယ်ယာရှင်တွေ၊ ကုမ္ပဏီအဖွဲ့အစည်းတွေဆီကနေလည်း ယုံကြည်မှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လည်း ရေရှည်ရပ်တည်နိုင်အောင် ဆောင်ကြဉ်းပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ CG ကို ကျင့်သုံးဖို့အတွက် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ ၂၀၀ ကျော်လောက်ဟာ မြန်မာကုမ္ပဏီဥပဒေနဲ့အညီ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေထဲက အများစုဟာ GCG စနစ်နဲ့ ကုမ္ပဏီကို ဒီထက်ပိုခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော်တို့ SECM အနေနဲ့ မြင်ပါတယ်။
SECM အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို စစ်ဆေးတဲ့အခါမှာ ကော်ပိုရိတ်စီမံခန့်ခွဲမှု အခြေခံလမ်းစဉ်တွေပေါ်မှာ အခြေခံထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ SECM အနေနဲ့ မြန်မာပုဂ္ဂလိကကဏ္ဍတိုးတက်ဖို့ GCG စနစ် အမှန်တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ SECM အနေနဲ့ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ ကော်ပိုရိတ် စီမံခန့်ခွဲမှုစည်းမျဉ်းတွေကို OECD ဂိုက်လိုင်းတွေနဲ့အညီ သတ်မှတ်ပြဌာန်းပြီးလည်းဖြစ်ပါတယ်။ ဒါအပြင် SECM အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ GCG ကို အမှန်တကယ်နားလည်ပြီး ကျင့်သုံးလာဖို့ အသိပညာပေးတာတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ငွေကြေးဈေးကွက်ရဲ့ ကနဦးဖြစ်တဲ့ စတော့အိတ်ချိန်းကလည်း စတော့မှာဖြစ်တာကြောင့် GCG စနစ်နဲ့ မညီသေးတဲ့ ကုမ္ပဏီတွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိမှာဖြစ်ပြီး GCG စနစ်ဖွံ့ဖြိုးပြီး ကုမ္ပဏီတွေကတော့ အခွင့်အလမ်းတွေ ရရှိလာတော့မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဦးခင်မောင်သန်း
ဥက္ကဌ
Myanmar Real Estate Services Association
ကျွန်တော်အနေနဲ့ ဒီပွဲကိုလာတတ်တာဟာ ကိုယ်မျှော်လင့်ထားတာထက် ပိုတဲ့အကျိုးကျေးဇူးတွေကို ရပါတယ်။ ဘာလို့လဲဆိုရင် ကောင်းမွန်တဲ့စီမံအုပ်ချုပ် (GCG) စနစ်ဟာ ပုဂ္ဂလိကကဏ္ဍတွေမှာ အမှန်တကယ်ကို လိုအပ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့လုပ်နေတဲ့ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေမှာလည်း GCGကို သိတဲ့လူတွေ ရှိပါတယ်။ ဒါကို အသုံးချနေတဲ့ လူတွေရှိသလို အသုံးမချသေးတဲ့လူတွေလည်း ရှိပါတယ်။ အစိုးရဌာနပိုင်းတွေက တာဝန်ရှိသူတွေ၊ UMFCCI က အကြီးအကဲတွေ၊ IFC က တာဝန်ရှိသူတွေ၊ DICA က အကြီးအကဲတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီအကြောင်းတွေကို ဘယ်လိုကျင့်သုံးသင့်တယ်ဆိုတဲ့ အကြောင်းတွေကို စုံစုံလင်လင်နဲ့ ပြောပြသွားပါတယ်။ နောက်ပြီး GCG ဟာ အသင်းအဖွဲ့တွေမှာ လိုအပ်သလို၊ Institution တွေမှာလည်း လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းတွေကို ဆောင်ရွက် အကောင်အထည်ဖော်တဲ့အခါမှာ ရေတိုဆေးမြီးတိုတွေနဲ့ မလုပ်ဘဲနဲ့ ရေတိုရော၊ ရေရှည်ရောမှာပါ GCG နဲ့အညီ အုပ်ချုပ်မယ်။ နောက်တစ်ခါ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အုပ်ချုပ်မယ်၊ အဓိကက ယုံကြည်မှုတွေ ရရှိအောင်လုပ်မယ်၊ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ တိတိကျကျ အကောင်အထည်ဖော်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ကိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တွေဟာ နာမည်ကောင်းတွေ၊ ပုံရိပ်ကောင်းတွေရမယ်။ ဒီလိုရတာဟာ နိုင်ငံရဲ့အကျိုးစီးပွားအတွက် ရေရှည်ရော၊ ရေတိုအတွက်ပါ အောင်မြင်နိုင်မှာဖြစ်သလို အာဆီယံနိုင်ငံတွေကလည်း GCG စနစ်နဲ့အညီ သွားနေတဲ့အတွက်ကြောင့် အာဆီယံနိုင်ငံအချင်းချင်းလည်း လက်ခံလာမယ်၊ ယုံကြည်မှုတွေ ရှိလာမယ်။ ဒါအပြင် ကမ္ဘာ့အနောက်နိုင်ငံတွေကလည်း ဒီနိုင်ငံမှာ GCG စနစ်ရှိမှသာလျှင် ရင်းနှီးမြှုပ်နှံတဲ့လူတွေဟာ အာမခံချက်ရှိမယ်၊ ယုံကြည်မှုရရှိပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို ယုံယုံကြည်ကြည်နဲ့ လာရောက်လုပ်ကိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကစတင်ပြီးတော့ ဒါတွေကို ပြောင်းလဲပြီးတော့ GCG နဲ့အညီ လုပ်ကိုင်ထားရမယ်။ ဒီနေရာမှာ စည်းမျဉ်းစည်းကမ်းစံချိန်စံညွှန်းတွေလည်း ကောင်းရမယ်။ ဒီမှာလုပ်တဲ့ ပါဝင်တဲ့ ဒါရိုက်တာတွေဟာ တာဝန်ခံမှု တာဝန်ယူမှုတွေလည်း ရှိတဲ့အပြင် ဒါရိုက်တာတွေ ကိုယ်၌မှာလည်း အရည်အချင်းရှိရမယ်။ အရည်အချင်းမရှိရင်လည်း အရည်အချင်းရှိတဲ့လူနဲ့ လုပ်ရမယ်ဆိုတဲ့ကိစ္စတွေကအစ ပြောသွားပါတယ်။
ဒီပွဲမှာလာတတ်လိုက်တဲ့အတွက် နောက်ထပ်သိလိုက်ရတာတစ်ခုက လောလောဆယ် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီ ၂၀၀ ကျော်ရှိနေပြီဆိုတာကို သိလိုက်ရတယ်။ ကျွန်တော်တို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဟာလည်း တစ်နိုင်ငံလုံးမှာ အသင်းတွေဖွဲ့ထားပြီးပြီ။ အသင်းသားလေးထောင်ကျော်ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်း အများပိုင်ကုမ္ပဏီဖွဲ့ရှိတယ်။ အများပိုင်ကုမ္ပဏီဖွဲ့တဲ့အခါမှာ အများပိုင်ကုမ္ပဏီတွေမှာ GCG နဲ့ညီတဲ့ အများရဲ့ယုံကြည်မှုတွေ ရဖို့အတွက် ကိုယ့်မြန်မာတွေရဲ့ယုံကြည်မှုတွေရအောင် ပတ်ဝန်းကျင်ကလည်း Image ကောင်းတွေကို မြင်အောင်လုပ်ရမယ့် အတုယူစရာ စံချိန်စံညွှန်းတွေ အများကြီးကို ရလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ပလက်ဖောင်းတစ်ခုကို အခိုင်အမာချဖို့အတွက် ဒီနေ့ရရှိလိုက်တယ်လို့ ပြောချင်ပါတယ်။
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
စီးပွားရေးအကြံပေးပညာရှင်
ကောင်းမွန်တဲ့ Corporate Governance (CG) ရှိဖို့ဆိုတာ ရေရှည်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ CG ကို ချက်ချင်းလိုချင်လို့တော့ ရမှာမဟုတ်ပါဘူး။ CG ရဖို့အတွက် အခက်အခဲတွေကို တစ်ဆင့်ချင်းကျော်ဖြတ်ဖို့ လိုပါတယ်။ လောလောဆယ် ကျွန်တော်တို့မှာ မဖွံ့ဖြိုးမအောင်မြင်သေးတဲ့ CG ပဲ ရှိနေသေးတာကြောင့် အရင်ဆုံး CG ကို အောင်မြင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းတွေ အားလုံးလက်ခံနိုင်တဲ့ CG ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဒါမှ တခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူတို့လို အောင်မြင်တဲ့ CG စနစ်ကို တဖြေးဖြေး တည်ဆောက်သွားနိုင်မှာပါ။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတိုင်းကို CG စနစ်ကို ကျင့်သုံးစေချင်ပါတယ်၊ ကိုယ့်ရဲ့ကုမ္ပဏီကို စည်းစည်းလုံးလုံးဖြစ်အောင် တည်ဆောက်စေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံက ကုမ္ပဏီတိုင်းဟာ အောင်မြင်တဲ့ CG စနစ်ကို တစ်ညီတစ်ညာတည်း ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မြန်မာပြည်မှာ လက်ရှိကျင့်သုံးနေတဲ့ ကုမ္ပဏီအက်ဥပဒေကိုလည်း ပြောင်းလဲကျင့်သုံးဖို့လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။
ဒါပြင် လက်ရှိကျွန်တော်တို့မြန်မာပြည်မှာ ပုဂ္ဂလိကကုမ္ပဏီ ၂၀၀ ကျော် ရှိနေပါတယ်။ ဒီကုမ္ပဏီတိုင်းမှာ BOD တွေ ရှိကြပေမဲ့ ဘယ်ကုမ္ပဏီကမှ BOD သင်တန်းတွေကို မတက်ကြပါဘူး။ ဒါကြောင့် BOD တွေအနေနဲ့ BOD သင်တန်းတွေ၊ Corporate သင်တန်းတွေ တက်ဖို့လိုအပ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့က IFC နဲ့အတူ တွဲပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာရှိတဲ့ ကုမ္ပဏီနှစ်ရာကျော်၊ သုံးရာနီးပါးဟာ UN Global Compat နဲ့ ပူးပေါင်းနိုင်ဖို့ လိုပါတယ်။ UN Global Compat နဲ့ ပူးပေါင်းနိုင်ဖို့အတွက် ကုမ္ပဏီတွေဟာ ကောင်းမွန်တဲ့ CG စနစ်ရှိဖို့လိုပါတယ်။ နောက်ထပ်ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေ အများကြီးရှိပါတယ်။ သူတို့တွေအနေနဲ့ နှစ်စဉ်အမြတ်ငွေရဲ့ တစ်ကနေ ငါးရာခိုင်နှုန်း အထိ CSR လုပ်ငန်းတွေမှာ အသုံးပြုစေဖို့ အစိုးရသစ်ကို အကြံပြုလိုပါတယ်။ ဒါအပြင် မြန်မာလုပ်ငန်းတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့လုပ်ငန်းတွေဖြစ်လာဖို့နဲ့ CSR လုပ်ငန်းတွေကို ဆောင်ရွက်ပြီး UN Global Compat နဲ့ ပူးပေါင်းလုပ်တဲ့ကုမ္ပဏီတွေ ဖြစ်လာဖို့ အစိုးရသစ်အနေနဲ့ ဆောင်ရွက်သင့်ပါတယ်။ ကုမ္ပဏီတွေကို အကြံပေးချင်တာကတော့ ကိုယ့်ကုမ္ပဏီမှာ အမှန်တကယ်ကောင်းမွန်တဲ့ CG စနစ်ကို ကျင့်သုံးဖို့လိုတယ်။ ရှယ်ယာရှင်တွေရဲ့ အခွင့်အရေးတွေကို အသေအချာရနိုင်အောင် ဆောင်ရွက်ပေးထားဖို့လိုပါတယ်။ နောက်ပြီး ကုမ္ပဏီက BOD တွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးခိုင်မာအောင် ဆောင်ရွက်ဖို့လိုသလို ကောင်းမွန်တဲ့အုပ်ချုပ်တဲ့အရည်အချင်းရအောင်လည်း လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒါပြင် ရှယ်ယာရှင်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးတွေကိုလည်း လေးစားဖို့လိုသလို ကုမ္ပဏီမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။
အယ်ဒီတာအဖွဲ့