ဦးရဲဝင်းထွန်း
Managing Director
ခေတ်ရေစီး
ဝန်ထမ်းနေ့လယ်စာအလှူထမင်းနှင့် မြန်မာအစားအသောက်ဝန်ဆောင်မှုလုပ်ငန်း
လုပ်ငန်းအတွေ့အကြုံ . . .
လက်ရှိကတော့ အစားအသောက်လုပ်ငန်း၊ F&B လုပ်ငန်းနဲ့ ၂၀၀၇ ခုနှစ်မှာ YKKO မှာ ဝင်ပြီးတော့ လုပ်ခဲ့တယ်။ ဆိုင်နှစ်ဆိုင်မှာ Manager လုပ်ပေးခဲ့ရတယ်။ ပြီးတော့ Executive Director အနေနဲ့လည်း ဝန်ကြီးဌာနတစ်ခုမှာ လုပ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ကုမ္ပဏီထောင်ပြီး ၂၀၁၃ ခုနှစ်မှာ Operartion စလုပ်တော့မယ့်အချိန်မှာ YKKO ကနေနားပြီး ကိုယ့်လုပ်ငန်းကိုဦးစီးပြီးလုပ်တယ်။ YKKO မှာက၂၀၁၀ ပြည့်နှစ်၊ ကော်ဖီစပြီး ရောင်းချမယ့်အချိန်မှာ Product Director တွေနဲ့တိုင်ပင်ပြီး နောက်ပိုင်း ကိုယ့်ဘာသာကိုယ် Freelance Coffee Consultant အနေနဲ့ ကော်ဖီအကြံပေးလုပ်တယ်။ Barrista Trainer အနေနဲ့လည်း လုပ်နေတာတွေရှိပါတယ်။ ဟင်းချက်တဲ့အပိုင်းကို စိတ်ဝင်စားခဲ့တာကတော့ သုံးနှစ်သားကတည်းက ဈေးလိုက်ခဲ့တယ်။ အဓိကဆွဲဆောင်မှုကတော့ မုန့်ဟင်းခါးကြိုက်တော့ မုန့်ဟင်းခါးနှစ်ပွဲစားတယ်။ ငယ်ငယ်ကတည်းက အမေ့ကို ဝိုင်းကူပေးရင်းနဲ့ ဟင်းချက်တဲ့ဘက်ကို ဝါသနာပါလာတယ်။ နောက်နည်းနည်းကြာလာတော့ ဆီအိုးတွေ ကိုင်လို့ရလာတဲ့အရွယ်၊ ၃ တန်း၊ ၄ တန်းလောက် ရှိမယ်ထင်တယ်။ အဲဒီအချိန်မှာ ကြက်ဥလိပ်ကြော်ကို ကြော်တဲ့အခါမှာ ပွပွကြီးမလိပ်ရဘူး နည်းနည်းကျစ်ကျစ်လေး လိပ်ရတဲ့အတွက် ဘယ်လောက်ကျစ်အောင် လိပ်ရတယ်ဆိုတာ ကြက်ဥလိပ်တဲ့အရည်အချင်းနဲ့ ဆိုင်တယ်။ ကြက်ဥကျစ်ကျစ်လေး လိပ်တဲ့နေရာမှာ အိမ်မှာ အမေပြီးရင် ကျွန်တော်အလိပ်တတ်ဆုံးပဲဆိုတော့ ကြက်ဥတွေ လိပ်ကြော်တယ်။ ဟင်းတော့ မချက်တတ်သေးဘူး။ ပထမဦးဆုံး ဟင်းစချက်တော့ ၉ တန်း၊ ၁၀ တန်း လောက် ဖြစ်မယ်ထင်တယ်။ ဦးကြီးပုရဲ့ ဟင်းချက်နည်းစာအုပ်ထဲက ဝက်သားစဉ်းကောဟင်းကိုကြည့်ပြီးတော့ အိမ်မှာ ချက်မယ့်သူမရှိတဲ့အချိန် ဟင်းချက်တဲ့ အကူအစ်မကြီးနဲ့အတူချက်တယ်။ သူက ဝက်သားတွေ စင်းပေးတယ်။ ချက်လို့လည်းပြီးရော ကျွန်တော်တို့ နှစ်ယောက်ပေါင်းပြီးချက်တာ ဘယ်သူမှမစားနိုင်ဘူး။ သူနဲ့ကျွန်တော် နှစ်ယောက်ပဲ ကြိတ်မှိတ်ပြီးစားလိုက်ရတယ်။ အဲဒါ ကျွန်တော့်ပထမဦးဆုံးဟင်းပေါ့။ အဲဒီကနေပဲ ဝါသနာပါလို့ ချက်ရင်းနဲ့ မီးဖိုချောင်အလုပ်ကို တဖြည်းဖြည်း ရင်းနှီးလာပြီးနောက် အမေ့ကိုလည်း တောက်လျှောက်ကူညီပေးတယ်။ အမေမရှိတော့တဲ့ နောက်ပိုင်းလည်း ချက်ဖြစ်တယ်။ ဘာချက်ချက် အဘွားကကောင်းတယ် ပြောတယ်။ တကယ်တော့မကောင်းဘူး။ မကောင်းတာကို အဟုတ်အောက်မေ့ပြီး ဟင်းချက်တယ်။ တစ်အိမ်လုံးစားဖို့ ချက်ပေးရင်းနဲ့ ချက်တတ်သွားတယ်။ ဒီလိုပဲ ကိုယ်မချက်တတ်ဘူးလို့ မခံယူထားဘဲနဲ့ ချက်တတ်တယ်ဆိုတဲ့သတ္တိနဲ့ လုပ်လိုက်တယ်။ အဘွားကလည်း အားပေးခဲ့တော့ လုပ်ရင်းနဲ့ ဖြစ်လာတာပေါ့။ နောက်ပိုင်း ကြက်သားဟင်းချက်မယ်ဆိုရင် အမေတုန်းက ဘယ်လိုချက်တယ်၊ ဘယ်လိုပုံစံ၊ မြင်ရတဲ့ရုပ်ထွက်ကို ကြည့်ပြီးတော့ အရောင်တင်မှုန့်သုံးမယ့် ဟင်း မသုံးမယ့် ဟင်း၊ မဆလာ ပါမယ့်ဟင်း မပါတဲ့ ဟင်း၊ ကြက်သွန်ဖြူ များများပါမယ့်ဟင်း စသဖြင့် စဉ်းစားပြီးတော့ ချက်တယ်။
အခုနောက်ပိုင်း ကျွန်တော်က ဟင်းချက်ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တယ်။ Myanmar Cooking Master နဲ့ မနှစ်က ကုန်စည်ပြပွဲတစ်ခုမှာ လုပ်တဲ့ကြက်သားဟင်းချက်ပြိုင်ပွဲမှာလည်း ဒိုင်လုပ်ခဲ့ပါတယ်။
ခေတ်ရေစီးလုပ်ငန်းစတင်ဖြစ်ခဲ့ပုံ . . .
လူတော်တော်များများက ကောင်းတဲ့ဟင်းဆို ဘယ်လိုချက်ရမလဲ လိုက်မေးတယ်။ ဒါပေမဲ့ မကောင်းတဲ့ဟင်းကျတော့ ဘယ်လိုချက်သလဲဆိုတာ လူတွေက မမေးကြဘူး။ တကယ်တမ်းတော့ မကောင်းတဲ့ချက်နည်းကိုသိရင် ကောင်းတဲ့နည်းကို ရတယ်။ ကိုယ့်ဘာသာကိုယ် ချက်ရင်းနဲ့ရလာတော့ ကိုယ့်ဟာကိုပဲ ချက်တော့တယ်။ နောက်ပိုင်းမှာ အစားအသောက် အကဲဖြတ်တဲ့အပိုင်းကို ရောက်သွားတယ်။ မြန်မာထမင်းဟင်းလုပ်ငန်းတစ်ခု လုပ်မယ်ဆိုပြီး Restaurart Operation နေရာမှာလည်း နေခဲ့ဖူးပြီးပြီဆိုတော့ Operation Front Line Operation မဟုတ်ဘဲ Central Kitchen ကနေ Manage လုပ်ရတာ ကို ဘယ်သူမှလည်း မလုပ်သေးဘူး။ နိုင်ငံတိုးတက်လာရင် ဒီလိုလိုအပ်မှာပဲဆိုပြီး Lunch Box Solution ကို လုပ်ဖြစ်တယ်။ အခုရုံးတွေတော်တော်များများမှာ လူတော်တော်များများက လစာကောင်းတဲ့လူရော၊ မကောင်းတဲ့လူရော ကြက်ဥကြော်ထည့်ရတယ် ဘာကြောင့်လဲဆိုတော့ ကြက်ဥကြော်ထက်ပိုပြီး အချိန်မရှိကြဘူး။ နောက်ပြီး ချိုင့်မကိုင်ရဘဲ ရုံးသွားနိုင်ရင်လည်း ကောင်းမယ်ဆိုပြီး တွေးနေရင်းက Lunch Box Service လုပ်ဖြစ်ခဲ့တာပါ။ ကိုယ်လုပ်ငန်းစလုပ်တဲ့အချိန် ၂၀၁၂ ခုနှစ်မှာ ရန်ကုန်မြို့မှာ ကားတွေက ကျပ်နေတယ်။ ဆိုင်ကယ်ကလည်း ခွင့်မပြုဘူး။ အဲဒီတော့ဘူး ၃၀ စာမှာရင် ပို့မယ်ဆိုပြီး ထမင်းတစ်နပ်ကို ခုနစ်ရာနဲ့ အသားဟင်း၊ အရည်၊ အရွက်၊ ငရုတ်သီးအစပ်ပါပြီး ပေါ်ဆန်းမွှေးနဲ့ဆို ကိုးရာ၊ ရိုးရိုးဆန်ဆို ခုနစ်ရာနဲ့ စပြီးလုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့ တချို့လမ်းကြောင်းတွေဆိုရင် အယောက် ၂၀ စာမှာရင်တောင် ပို့ပေးတာတွေ ရှိတယ်။
ပြီးတော့ မြန်မာထမင်းဟင်းကို ဟင်းနဲ့ အတွဲအစပ်နဲ့ အလှူတွေမှာ လုပ်တတ်တဲ့ Menu လေးတွေကို ဆင်ပေးလိုက်ရင်တော့ လှူမယ့်လူလည်း စဉ်းစားစရာ မလိုတော့ဘဲ အဆင်ပြေသွားမှာဆိုပြီး လုပ်တယ်။ ရန်ကုန်မြို့မှာ ဘုန်းကြီးကျောင်း တစ်ထောင်ကျော် Marketing သွားထားပြီးတော့ ရှင်းပြထားပါတယ်။ တချို့ကျောင်းတွေမှာတော့ ချက်မယ့်သူရှိကြပါတယ်။ ဒါပေမဲ့ ချက်ပေးနိုင်တဲ့သူက အရင်လိုအလွယ်တကူ မရတော့ဘူး။ အဲဒီတော့ မြန်မာထမင်းဟင်းနဲ့ လှူချင်တဲ့သူတွေ အဆင်ပြေအောင်ဆိုပြီး အလှူမင်္ဂလာအထူး အော်ဒါဘက်ကိုပါ တိုးချဲ့လိုက်တာဖြစ်ပါတယ်။
အခုလက်ရှိ Lunch Box ဝန်ဆောင်မှုအကြောင်း . . .
အနည်းဆုံးအယောက် ၂၀ စာကို တစ်လစာကြိုတင် ငွေပေးသွင်းပြီး မှာယူနိုင်ပါတယ်။ တစ်ယောက်ကို တစ်နပ်စာ ၁,၂၀၀ ကျပ်ဖြစ်ပြီး အသားဟင်းတစ်မျိုး၊ အသီးအရွက်အရံဟင်းတစ်မျိုး၊ ဟင်းရည်သောက်တစ်ခွက်၊ ငရုတ်သီးထောင်းနဲ့ ထမင်းအဝစားဖြစ်ပါတယ်။ ဟင်းချက်ဆီအဖြစ် နေကြာဆီတစ်မျိုးပဲသုံးပြီး အချိုမှုန့် လုံးဝမသုံးပါဘူး။ ရန်ကုန်မြို့တွင်း ဧရိယာအတော်များများကို ပို့ခမယူပါဘူး။
အလှူပွဲဝန်ဆောင်မှုအပိုင်း . . .
ခေတ်ရေစီးရဲ့စံချိန်အနေနဲ့ဆိုရင် အယောက်၂,၈၀၀အထိ ချက်ဖူးပါတယ်။ ထမင်းရယ်၊ အသားဟင်းနှစ်မျိုးရယ် ပါတာပေါ့။ ပြီးတော့ မြန်မာဟင်းဆိုတာ အချဉ်တွေ၊ အစပ်တွေနဲ့ သိုးတာတွေလည်းပါလို့ တချို့လူတွေက ဒီလောက်အများကြီးကို ပွဲမတိုင်ခင်တစ်ရက်ကတည်းက ချက်ထားရမှာပေါ့ဆိုပြီး တွေးကြတယ်။ တကယ်တော့ အဲဒါမျိူးကို လူအင်အားကောင်းကောင်းနဲ့ ဘယ်အချိန် မီးမွှေးရင် ဘယ်အချိန်ပြီးမလဲ၊ ဘယ်လောက်ကြာမလဲ ဆိုတာတွက်ပြီး Operation Plan ချရပါတယ်။ ဈေးနှုန်းအနေနဲ့လည်း မများဘူး။ တခြားဟာတွေနဲ့ယှဉ်ရင် မြန်မာထမင်းဟင်း ဖြစ်တဲ့အတွက်ကြောင့်ပိုပြီး မြိန်ပြီး အားရပါးရစားလို့ ရပါတယ်။ နောက်ပိုင်း Service တွေပါ ထပ်ထည့်ဖြစ်တယ်။ ဟင်းခပ်ပေးမယ့်သူတွေပါ လိုတော့ အိုးသူကြီး Service ဆိုပြီးတော့ Kitchen မှာ ဟင်းပွဲထွက်အောင် လုပ်ပေးတယ်။ ကိုယ်ချက်တဲ့ဟင်းရဲ့ အတိုင်းအတာ ကိုယ်ပဲသိတော့ ကိုယ်ခပ်ပေးရင် ပိုပြီးတော့အဆင်ပြေတယ်။ ဒါပေမဲ့လည်း ရန်ကုန်မှာ အဓိကရင်ဆိုင်နေရတာကတော့ Labour Cost ရှိတဲ့အတွက် ဒီ Service ကို လူတိုင်းတော့ မပေးနိုင်ဘူး။ နောက်ပြီး ကပ္ပိယ Service ဆိုတာလည်း ရှိပါတယ်။ အဲဒါကတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဆိုရင် ခန်းမအလွတ်ကြီးတစ်ခုရှိတဲ့ ကြမ်းပြင်မှာ အခင်းတွေကို ဒီကလူတွေက ခင်းပေးပြီး စားပွဲတွေချပေးတယ်။ ကိုယ့်လူတွေကပဲ Kitchen ကနေစပြီး ရှိသမျအကုန်လုံး အမှိုက်ကအစ အကုန်သိမ်းပေးတယ်။ အဲဒါက ကပ္ပိယ Service ပါ။ နောက်တစ်ခု လိုတရ Service ကျတော့ Wedding မှာဆိုရင် ဆိုင်းဘုတ်ချိတ်တာကအစ လိုအပ်တာမှန်သမျှ လုပ်ပေးပြီး အဲဒီအတွက် ဝန်ဆောင်ခ သတ်သတ်ယူပါတယ်။
ခေတ်ရေစီးလုပ်တဲ့လုပ်ငန်းနဲ့ တခြားဈေးကွက်မှာရှိတဲ့ လုပ်ငန်းတွေနဲ့ယှဉ်ပြိုင်မှုတွေ ရှိပါသလား . . .
အဲဒါကတော့ မရှိဘူးထင်ပါတယ်။ ရန်ကုန်လူဦးရေက ၅.၇ သန်းလို့ ပြောတယ်။ တချို့က ၆.၇ သန်း။ အဲဒီထဲက တစ်သိန်းလောက်က ဝန်ထမ်းတွေပါ။ ကိုယ် စလုပ်တုန်းက ဘယ်သူမှ မလုပ်သေးဘူး။ လက်ရှိကတော့ ထမင်းဘူးလုပ်ငန်းကို အများအပြားလုပ်ကြပါတယ်။ ကျွန်တော်ကတော့ လူအားလုံးအတွက် Lunch Box Market ပေါ်ပေါက်လာအောင်ပဲ လုပ်ပါတယ်။ ပြိုင်ဘက်လို့ သဘောမထားပါဘူး။
ကိုယ်ပိုင်လုပ်ငန်း စလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေက . . .
အခက်အခဲကတော့ အများကြီးရှိပါတယ်။ နေ့တိုင်းလည်း ရှိတယ်။ အချိန်တိုင်းလည်း ရှိတယ်။ အခုလက်ရှိလည်း ရှိတယ်။ မနက်ဖြန်လည်း ရှိသေးတယ်။ အခက်အခဲအားလုံးက အမြဲအသစ်ဖြစ်နေတယ်။ ကိုယ်သိတာက ကိုယ်သည် ဟင်းချက်တတ်တယ်၊ အစားအသောက် ကောင်းကောင်းလုပ်တတ်ပြီး အဲဒီလုပ်ငန်းကို ဦးစီးတတ်တယ်။ အဲဒါကြောင့် ဒါလုပ်ရင် အဆင်ပြေမယ်လို့ယူဆပေမဲ့ အချက်အလက်တိုင်းက မပြည့်စုံဘူး။ ကိုယ်ဘယ်သူ့ကိုရောင်းမှာလဲ၊ ဘယ်သူစားမှာလဲ၊ ဘယ်လိုပုံစံချက်မှာလဲ စသဖြင့် အကုန်လုံးက အချက်အလက်ကိုက်ညီဖို့ လိုပါတယ်။ ကိုယ်ကဘယ်လို Customer ကို Focus ထားလဲဆိုတာကို မူတည်ပြီးတော့ အစောပိုင်းကတော့ အခက်အခဲလေးတွေ ရှိခဲ့ပါတယ်။ အလွယ်တကူရတဲ့ အစားအသောက်တွေကို စားနေရတဲ့သူတွေက လုပ်ခအနည်းဆုံးတွေဖြစ်တဲ့အတွက် ကိုယ်ကအစားအသောက် သန့်ရှင်းတာ၊ ဘေးအန္တရာယ်ကင်းရှင်းတာကို ပေးချင်ပေးမဲ့ သူတို့မှာ Enjoy ဖြစ်ဖို့ ခက်ခဲတာကို တော်တော်လေးခံခဲ့ရပါတယ်။
ဝန်ထမ်းအပိုင်း . . .
ဝန်ထမ်းအပိုင်းလို့ပြောရင် HR ဆိုတော့ စစချင်းကုမ္ပဏီထောင်တုန်းက အဲဒီအပိုင်းတွေမှာ အခက်အခဲတွေ ကြုံခဲ့ရတယ်။ ကိုယ်က Manangement ကိုနားလည်တော့ ရှိသမျှ Admin ၊ HR ၊ Finance အကုန်လုံးနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းတယ်။ Organization ကြီးတော့ ဆင့်ကဲဆင့်ကဲအုပ်ချုပ်တဲ့သူတွေလိုတယ်။ စည်းကမ်းတွေ၊ HR Policy တွေလိုတယ်။ အဲဒါတွေလိုတော့ ဌာနတွေခွဲပြီး လုပ်ပါတယ်။ အခုတော့ အဓိက Office Administration ၊ Marketing ၊ Finance နဲ့ Operation ဆိုပြီး ဌာနလေးခုနဲ့ ဖွဲ့စည်းထားပါတယ်။
ခေတ်ရေစီးလုပ်ငန်းရဲ့ အားသာချက်တွေက . . .
အားသာချက်အနေနဲ့ပြောမယ်ဆိုရင် တကယ်ရိုးရိုး မိသားစုလုပ်ငန်းတစ်ခုမဟုတ်ဘဲ ကုမ္ပဏီထောင်ပြီး ရောင်းချနေတာဖြစ်တယ်။ အစားအသောက်လုပ်ငန်း တည်ထောင်တဲ့ MD ကိုယ်တိုင် အစားအသောက် ချက်ပြုတ်တဲ့နေရာမှာ ဦးစီးပြီးတော့လုပ်တယ်။ ကျွန်တော်ဟာ MD တစ်ယောက်ထက်စာရင် စားဖိုမှူး ခေါင်းဆောင်တစ်ယောက်နေရာမှာ အမြဲတမ်းရှိနေတယ်။ အဲဒါကတော့ အားသာချက်ပါ။
အနာဂတ်အစီအစဉ် . . .
အခုလတ်တလောကတော့ တိုးချဲ့ဖို့ဆိုတာထက် ရန်ကုန်မြို့မှာ ဟော့ပေါ့ဆိုင်တွေ လက်ချိုးရေလို့ မနိုင်တော့ဘူး။ ဒီဘက်နှစ်နှစ်အတွင်းမှာ Bar တွေ၊ Hot Pot ဆိုင်တွေ များလာတယ်။ တခြား Product ကို ကိုယ်စားပြုပြီးရောင်းတဲ့ဆိုင်တွေလည်း ပေါလာတယ်။ ခေါက်ဆွဲစားချင်ရင် ဘယ်မှာစားစားရတယ်။ ကြေးအိုးစားချင်ရင်လည်း နေရာတွေအများကြီးပဲ။ ထမင်းစားချင်ရင် စားစရာနေရာ သိပ်နည်းတယ်။ မြန်မာအစားအသောက်ကတော့ အလွယ်တကူမရဘူး။ အဲဒီတော့ မြန်မာထမင်းဟင်းစားချင်တဲ့သူက ကားတွေတဝီဝီဖြတ်ပြီး ဖုန်တွေထနေတဲ့ လမ်းဘေးဆိုင်မှာ စားချင်စား၊ ဒါမှမဟုတ် ဟင်းပွဲတစ်ပွဲကို နှစ်ထောင်ကျော်၊ သုံးထောင်ပေးရတဲ့ဆိုင်ကြီးတွေမှာ စားချင်ရင်စား။ အဲဒါတောင်မှ ရွေးချယ်စရာ သိပ်မရှိဘူး။ ထမင်းဆိုင်ကြီးတွေဆိုရင် တော်တော်လေးရှားတာ တွေ့ရတယ်။ လမ်းဘေးဆိုင်လေးတွေပေါပေမဲ့ သန့်တဲ့ဆိုင်တွေ နည်းလာတယ်။ ကျွန်တော်ဆိုလိုတာက အရင်ကလို လမ်းဘေးဆိုင်ဆိုပေမယ့် တအား Care လုပ်တာ သန့်ရှင်းတာမျိုးနည်းလာပြီး ဖြစ်သလိုဆိုင်က များလာတာပါ။ အဲဒီအတွက် မြန်မာအစားအသောက်ကို ဘယ်နည်းနဲ့ ဘယ်လိုစားလို့ရမလဲ ကားပါကင်မှာ ရပ်ပြီး ဝင်စားလိုက်လို့ရမလား၊ ဖုန်းဆက်မှာစားလိုက်လို့ ရမလား၊ အလှူမှာ ကျွေးချင်ရင်ဘယ်လို ကျွေးမလဲ စသဖြင့် ဘက်ပေါင်းစုံက စဉ်းစားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီကနေ မှာချင်တယ်ဆိုရင် လူကိုယ်တိုင် လာစရာမလိုဘဲ အိမ်တိုင်ရာရောက် လက်ခံပေးနိုင်အောင် စီစဉ်ထားပါတယ်။ နောက်ဆုံးဟိုတယ်ပေါ်မှာ မြန်မာထမင်းဆိုင်ကို အဆင့်အတန်းမြင့်မြင့် ဘယ်လိုရောင်းမလဲဆိုတဲ့အထိ လုပ်ဆောင်သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ယောက်လည်းဖြစ်တော့ ဒီနှစ်ထဲမှာ မြန်မာအစားအသောက်ကဏ္ဍမြင့်မားလာဖို့ အသင်းကြီးရဲ့ အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်သွားဖို့ ရှိပါတယ်။
ခေတ်ရေစီးကို ဆက်သွယ်နိုင်မယ့် လိပ်စာ၊ ဖုန်းနဲ့ အီးမေးလ် . . .
အမှတ် - ၁၁/ ရတနာပုံ ၇ လမ်းသွယ်၊ ရှုခင်းသာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၉-၇၃၁၄၂၉၇၂၊ ၀၉-၇၃၁၄၂၉၇၃ နဲ့ ၀၉-၉၇၀၅၄၉၇၂၇ တို့ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်ကတော့ www.khityaysee.lunchboxsolution.com နဲ့ Facebook စာမျက်နှာကတော့ KHIT-YAY-SEE-Lunch-Box-Solution ဖြစ်ပါတယ်။
သန္တာညွန့်ဝင်း