တစ်ဒေါ်လာ ၉၉ ပြားဆိုင်တွေ အရှုံးပေါ်တော့ ကျွန်မရဲ့အနာဂတ်နဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တချို့ ချရ တယ်။
ဒီအရှုံးကြောင့် ရှက်ပြီးထွက်ပြေးရမှာလား၊ အရှုံးကို တည့်တည့်ရင်ဆိုင်ရမှာလား၊ ကိုယ့်ကိုယ်ကိုယ် တယုတယ နှစ်သိမ့်ရမှာလား၊ ဒါမှမဟုတ် အကျိုးရှိအောင် သုံးရမှာလား၊ ဒီအရှုံးကရတဲ့ သင်ခန်းစာတွေကို အရင်းအနှီးလုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလား။
ကျွန်မဘယ်လိုလူလဲဆိုတာ သတိထားမိပြီ ထင်ပါတယ်။ ကျွန်မဟာ အတိတ်ကိုပဲပြန်ကြည့်နေတဲ့ လူမဟုတ်ဘူး။ တစ်ခုခုဖြစ်လာမလားလို့ ထိုင်စောင့်နေတဲ့သူမဟုတ်ဘူး။ ဒါကြောင့် အသက်ငယ်ငယ်နဲ့ စီးပွားရေးလောကထဲရောက်လာတာ။ ဒေါ်လာသန်းနဲ့ ချီပြီး အောင်မြင်ကျော်ကြားလူသိများတဲ့ လုပ်ငန်းဆုံးရှုံးပြီးတာတောင်မှ ကျွန်မဟာ အကောင်းမြင်နဲ့ကြည့်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ အခန်းကဏ္ဍတွေ အများကြီးရှိနိုင်တယ်။ ဒါဟာကဏ္ဍတစ်ရပ်ပဲလို့ လက်ခံလိုက်တယ်။
ဒီစကားက ပေါ့တန်တယ်လို့ထင်ရင် မှားပါလိမ့်မယ်။ တတ်စွမ်းသမျှကယ်တင်ခဲ့တာတောင် စီးပွားရေးဆုံးရှုံးရလို့ ထိခိုက်ခံစားရတာ အမှန်ပါ။ ဒါပေမဲ့ ကျွန်မပြောချင်တာက မမျှော်လင့်တဲ့အရာတစ်ခုခု ဖြစ်လာရင် အဲဒါကိုလက်ခံလိုက်ပြီး ရှေ့ခရီးကိုဆက်ပါ။ ရှေ့ဆက်ရမယ့်ခရီးဟာ ပိုပြီးကြမ်းချင်ကြမ်းမယ်။ ကျောက်စိုင်ကျောက်သားတွေကို လှေကားလုပ်ပြီး တက်ချင်တက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာတွေ့ခဲ့သမျှ အကောင်းအဆိုးအားလုံးကို ရင်မှာပိုက်သွားပါ။
အရှုံးတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ အကောင်းမြင်ရှုထောင့်ကိုရှာရတာဟာ တောထဲမှာ သံလိုက်အိမ်မြှောင်နဲ့ လမ်းရှာရသလိုပဲ။ ဒါပေမဲ့ အနာဂတ်ကိုလမ်းပြနိုင်ပါတယ်။ အဆိုးမြင်ဝါဒသမားကတော့ ဒဏ်ရာထဲကို ဆားဖြူးလိုက်သလို ပိုပြီး အခံရခက်နိုင်ပါတယ်။ ကျွန်မသိတဲ့ လူနှစ်ယောက်အကြောင်း ပြောရဦးမယ်။ တစ်ယောက်က ကျွန်မနဲ့တစ်ချိန်တည်း စီးပွားရေးစွမ်းဆောင်ရှင်ဆုကိုရခဲ့တဲ့ အမျိုးသမီးပါပဲ။ သူ့လုပ်ငန်းကျရှုံးသွားပေမဲ့ မျှော်လင့်ချက်မဆုံးရှုံးဘူး။ ချက်ချင်းအလုပ်တစ်ခုရှာတွေ့ပြီး သူ့အရည်အချင်း တွေနဲ့ အစွမ်းကုန်အလုပ်လုပ်တော့တယ်။ အခုဆို သူဟာ အဓိကဌာနခွဲတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေပြီ။ အတိတ်က ဆုံးရှုံးမှုတွေကို မြှုပ်နှံလိုက်ပြီ။ သူ့ရဲ့ အနာဂတ်က အခွင့်အရေးကောင်းတွေနဲ့ စိတ်လှုပ်ရှားစရာအတိပဲ။
နောက်တစ်ယောက်ကတော့ လုပ်ငန်းတစ်ခုပြီးတစ်ခု ဆုံးရှုံးတယ်။ လုပ်ငန်းတစ်ခုစီက ကြာကြာမခံဘူး။ အမြဲတမ်းသူက ညည်းတွားပြီး မကျေနပ်ချက်တွေကို ပြောနေတယ်။ အတိတ်ကအရှုံးတွေကို မမေ့နိုင်ဘူး ထင်တယ်။ ကိုယ့်အပေါ်ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပစ်ချနိုင်မှ ပေါ့ပါးတဲ့ခန္ဓာကိုယ်ကို ရမှာပေါ့။
စပွန်ဆာဂျွန်ဆင်က ပစ္စုပ္ပာန်ဆိုတဲ့ စာအုပ်ထဲမှာ 'အတိတ်ကာလရဲ့ သင်ခန်းစာတွေကို လက်ခံပြီး အသုံးမချရင် လက်ရှိကာလမှာ ပျော်ရွှင်မှုဆုံးရှုံးရမှာပါပဲ' လို့ ရေးထားတယ်။ 'အတိတ်ကာလမှာချည်းပဲ နေလို့မဖြစ်ဘူး။ လက်ရှိပစ္စုပ္ပာန်လည်း မနေနိုင်ဘူး။ အတိတ်က အမှားတွေထဲက သင်ခန်းစာယူပါ၊ ဒါမှမဟုတ် အတိတ်ကာလမှာ ဘာကြောင့်အောင်မြင်မှုတွေရလဲလို့ ပြန်ကြည့်' တဲ့။ ကျရှုံးဖူးတယ်နော်၊ လက်ခံလိုက်ပါ။ အခိုင်အမာကာကွယ်ဖို့ မလုပ်ပါနဲ့။ တချို့ကတော့ ကိုယ့်အရှုံးကို သူများတွေခေါင်းပေါ်လွှဲချပြီး အပြစ်တင်တတ်ကြတယ်။
ဘဝဆိုတာချိုင့်ခွက်တွေပြည့်နေတဲ့ ခယောင်းတောကြီးပါ။ ကျွန်မတို့ရဲ့ကျရှုံးမှုနဲ့ စိတ်ပျက်မှုတွေကို သက်သာရာရောက်အောင် မဖြေသိမ့်နိုင်ပါဘူး။ ပြေးလမ်းမှာ ချော်လဲကျတဲ့ကလေးတွေလို ဒူးမှာပေကျံသွားတဲ့ ဖုန်မှုန့်တွေကိုသုတ်ပြီး ထပ်ပြေးရမှာပါပဲ။
အတိတ်ကိုပြန်ကြည့်ပြီး တဝဲလည်လည်ဖြစ်နေရင် ဘဝကို ရှေ့ဆက်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ 'မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး' လို့ ကျွန်မ ယုံကြည်တယ်။ ကိုယ့်စိတ်ထဲမှာ အကြောင်းအရာတစ်ခုကို လက်ခံလိုက်မှ အဲဒီအရာကို ကျော်လွှားနိုင်မှာပါ။ ဘယ်လိုအခြေအနေမဆို မျှော်လင့်ချက်ရှိတယ်။ အိပ်မက် စိတ်ကူးတွေကို စဉ်းစားဆင်ခြင်ပါ။ ဖြစ်နိုင်တဲ့အစီအစဉ်ရေးဆွဲပါ။ ဒီအစီအစဉ်အတိုင်း တိတိကျကျလုပ်မှာ မဟုတ်ပေမဲ့ အခွင့်အရေးပေါ်နိုင်ပါတယ်။
ဦးဆုံးသိရမှာက 'ဘာလဲ' ဆိုတဲ့မေးခွန်း၊ ကျွန်မသိတဲ့'ဘာလဲ' ဆိုတာက မိဘတွေကို စောင့်ရှောက်ချင်လို့ပဲ။ ဒါကြောင့် Klis ဆိုင်ကို အောင်မြင်အောင်လုပ်နိုင်ပြီး တစ်ဒေါ်လာ ၉၉ ပြားဆိုင်ကို ဆက်ဖွင့်ခဲ့တယ်။ 'ဘယ်လို' ဆိုတဲ့ အမေးအတွက် တစ်ဒေါ်လာ ၉၉ ပြားဆိုင်ဟာ ခလုတ်တိုက်နိုင်တယ်။ ဒါပေမဲ့ ပန်းတိုင်ရောက်ဖို့ ယုံကြည်မှုရှိပါတယ်။
ကျွန်မဟာ စင်ကာပူဝန်ကြီးချုပ်လီရှန်လုံး ပြောတဲ့စကားကြောင့် အားတက်ခဲ့ပါတယ်။ 'ကျွန်တော်တို့ဟာ အရှုံးကိုမြည်းစမ်းဖူးတဲ့ လူတွေကို ဒုတိယအခွင့်အရေးပေးသင့်ပါတယ်။ အဲဒီလူတွေဟာ အမြင်ကျယ်ပြီး ပိုကြံ့ခိုင်တဲ့လူတွေဖြစ်နိုင်လို့ပဲ' တဲ့။
သူပြောတာမှန်ပါတယ်။ တစ်ဒေါ်လာ ၉၉ ပြားဆိုင် ဒေဝါလီခံရပြီး တစ်နှစ်ကြာမှာ ကျွန်မဟာ စီးပွားရေးတွေအကြောင်း ပိုမိုလေ့လာနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် ပိုသိခဲ့တယ်။ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာပါ။ စီးပွားရေးစီမံခန့်ခွဲမှုပညာ စာအုပ်တွေ ဘယ်လောက်ပဲဖတ်ဖတ် အရေးကြီးတဲ့ သင်ခန်းစာတွေကတော့ လက်တွေ့လုပ်ကြည့်မှသိလာရတာပါ။ အရှုံးတွေကို မြင်အောင်ကြည့်ပြီး စီမံခန့်ခွဲဖို့ ကျွန်မရေးဆွဲထားတဲ့ လမ်းညွှန်ချက်တွေကို ဖတ်ကြည့်ပါဦး။
၁။ နောက်ကြောင်းပြန်ပြီး သုံးသပ်ပါ
ဘာမှားခဲ့သလဲ၊ အရှုံးတွေရဲ့ ပမာဏာကိုတွက်ပါ၊ ဘယ်လောက်များများဆုံးရှုံးသွားသလဲ၊ အဓိက အချက်တွေက ဘာတွေလဲ၊ ပြဿနာတွေကို စဉ်းစားဖို့ တစ်နှစ်ပြီးတစ်နှစ် အချိန်ယူပါ။
၂။ အတိတ်က အောင်မြင်မှုတွေကို ပြန်စဉ်းစားပါ
ဘာဆုတွေရခဲ့သလဲ၊ အောင်မြင်မှုရအောင် ဒီလိုနည်းတွေသုံးနိုင်မလားလို့ တွေးကြည့်ပါ။
၃။ ကျေးဇူးတင်ပါ
အမြဲတမ်းပျော်ရွှင်နေတတ်တဲ့ မျက်နှာမျိုးရှိတဲ့သူတွေဟာ ကျေးဇူးတင်တတ်တဲ့သူတွေဖြစ်တယ်။ ဒီစိတ်ထားမျိုးရှိတဲ့ လူတွေဟာဘဝမှာ အောင်မြင်ကြတယ်။ ချောက်ထဲကျခဲ့ရင်တောင် အံ့သြစရာကောင်းအောင် ပြန်တက်လာနိုင်တယ်။ သူတို့ဟာအရာရာတိုင်းအတွက် ကျေးဇူးတင်တတ်တယ်။ ဒါကြောင့် ကျေးဇူးတင်စရာအဖြစ် တစ်ခုခုရှာဖွေပါ။
၄။ အရှုံးကိုလက်ခံပါ
အရှုံးဆိုတာ အဆုံးသတ်မဟုတ်ပါဘူး။ အောင်မြင်မှုရမယ့် နည်းလမ်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုပဲ။ လူတွေဟာအရှုံးကြောင့် ပျက်စီးကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ အရှုံးဆိုတာ အဆုံးလို့ ယူဆလိုက်ကြလို့ပါ။ တကယ်တော့ အရှုံးဆိုတာ အကူးအပြောင်းတစ်ခုဖြစ်တယ်။ အတိတ်ကာလက အရှုံးတွေကို အနာဂတ်ကာလအတွက် ဦးဆောင်ခိုင်းပါ။
၅။ ကြောက်ရွံ့မှုကိုကျော်လွှားခြင်း
ကြောက်ရွံ့မှုဆိုတာ ဘဝရဲ့ရန်သူပဲ။ စီးပွားရေးကျရှုံးမှုကြောင့် ဘယ်တော့မှ နာလန်မထူနိုင်တဲ့သူတချို့ ရှိပါတယ်။ သူတို့ကအရှုံးကို တအားကြောက်သွားတော့ ဒီကြောက်ရွံ့မှုကိုကျော်နိုင်တဲ့ အသိပညာမျိုး မရှိလို့ပါပဲ။ ဒါဆိုဒီကြောက်ရွံ့မှုကို ဘယ်လိုကျော်လွှားမလဲ။ ရှေ့ဆက်လုပ်ပါ။ ပြဿနာအခက်အခဲတွေ ကိုယ့်စိတ်ထဲကို ဝင်မလာနိုင်အောင် တံခါးပိတ်ထားပါ။ ခန္ဓာကိုယ်ကို ကာကွယ်သလို စိတ်ကိုလည်း ကာကွယ်ပါ။ အသိပညာဖြည့်ပါ။ ဒါမှ ကျော်လွှားနိုင်လိမ့်မယ်။
၆။ အောင်မြင်မယ်လို့ အကျယ်ကြီးပြောပါ
စကားလုံးတွေမှာ ကြီးမားတဲ့ခွန်အားတွေရှိတယ်။ အရှုံးတစ်ခုကြောင့် ခံစားရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အကျယ်ကြီးအသံထွက်ပြီး ပြောပါ။ဒီအရှုံးက သင်ခန်းစာတွေရတယ်၊ အောင်မြင်ဖို့ ဖန်တီးနိုင်တယ်။ ကောင်းဖို့ဖြစ်လာတာပါလို့။ ကျွန်မတို့ဟာ ဘဝဇာတ်ခုံမှာ သူ့နေရာနဲ့သူ အောင်မြင်ဖို့အခွင့်အရေး ပါလာပြီးသားလို့ သတိရပါ။
၇။ တခြားသူတွေကို ကူညီပါ
တခြားသူတွေကို ကူညီတာဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ကူညီရာရောက်ပါတယ်။ ကျွန်မ ဒေဝါလီခံရပြီးနောက်ပိုင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်လိုနေတဲ့သူတွေကို ကူညီတယ်။ ကျွန်မတို့မှာ ဘယ်လိုအခြေအနေတွေပဲ ကြုံရပါစေ၊ ကိုယ်ပိုင်ဘဝပန်းတိုင်ဆိုတာ ရှိပါတယ်။ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ အများကြီးပါ။ သူများတွေကို ကူညီပေးရင် ကိုယ့်စိတ်ထဲမှာ ကျေနပ်မှုအများကြီးရနိုင် ပါတယ်။
၈။ လမ်းညွှန်ပေးမယ့် ဆရာကို ရှာဖွေပါ
အခုအချိန်ကတော့ ကိုယ့်ကိုလမ်းပြပေးနိုင်တဲ့ ဆရာတစ်ယောက်ကို ရှာဖွေရမယ့်အချိန်ပဲ။ သူဟာ ကိုယ့်ကိုယုံကြည်တဲ့သူ၊ အခက်အခဲနဲ့ရင်ဆိုင်နေတဲ့အချိန်မှာ ကိုယ့်လက်ကိုဆုပ်တွဲထားတဲ့သူဖြစ်ရမယ်။ သူ့ရဲ့စိတ်ဓာတ်ခွန်အားကို ကိုယ့်ရင်ထဲအထိ စီးဝင်ပါစေ။ ကျွန်မဘဝမှာ ဒီလိုဆရာတွေရှိခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျွန်မဘဝရဲ့ အနိမ့်အမြင့်တိုင်းမှာ သူတို့ရဲ့အကောင်းမြင်စိတ်ထားဟာ အကျိုးကျေးဇူးကြီးလှတယ်။
၉။ စိတ်ကူးအိပ်မက်တွေကို ကြီးထွားအောင်လုပ်ပါ
ကိုယ့်ရဲ့အိပ်မက်တွေကို မရပ်လိုက်ပါနဲ့။ ကိုယ့်ရဲ့အရှုံးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားပါနဲ့။ အိပ်မက်တွေက သိပ်ကြီးကျယ်နေရင်လည်း ကိစ္စမရှိပါဘူး။ ဖြစ်နိုင်ခြေမှန်သမျှ အိပ်မက်နဲ့ စခဲ့တာချည်းပဲ။ မဖြစ်နိုင်ဘူးလို့ထင်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
အရာရာကို ကျော်လွှားနိုင်တဲ့ စိတ်မျိုးထားပါ။ နုံချာတဲ့စိတ်မျိုး မထားပါနဲ့။ ရှေ့ဆက်ပြီး ရဲရဲလုပ်ပါ။ စိတ်ကူးအိပ်မက်တွေရဲရဲမက်ကြည့်ပါ။