စစ်တုရင်စကစားကြတုန်းက နာရီမသုံးကြဘူး။ တစ်ယောက်က မတရားညစ်ပြီးထိုင်စဉ်းစားနေရင် ပြဿနာက တက်ပြီ။ ဒီတော့ နာရီသုံးပြီး ကစားလာကြတယ်။ သံပတ်နာရီခေတ်မှာ နာရီနှစ်လုံးကို မောင်းတံနဲ့ဆက်ထားပြီး တစ်ဖက်ကိုရပ်ရင် တစ်ဖက်က သွားအောင်လုပ်လာတယ်။ ဒါစစ်တုရင်နာရီအစပေါ့။
ဒစ်ဂျစ်တယ်စစ်တုရင်နာရီတွေ မပေါ်ခင်မှာ စစ်တုရင်ပွဲတွေကိုရွှေ့ကွက် ၄၀ ပြည့်ရင် နောက်နေ့ကို ရွှေ့ဆိုင်းခွင့်ပေးတယ်။ ရွှေ့လှည့်ကျသူက ရွှေ့ကွက်ကိုရေး၊ စာအိတ်ထဲထည့်၊ ချိပ်ပိတ်ရတယ်။ နောက်နေ့ သတ်မှတ်ချိန်မှာ ပွဲပြန်စပြီး စာအိတ်ဖောက်၊ ချိပ်ပိတ် ရွှေ့ကွက်ကို ရွှေ့ပြီး ပွဲဆက်ကစားရပါတယ်။ (ဒီခေတ်မှာတော့ ပွဲရွှေ့ဆိုင်းခွင့် မပေးကြတော့ပါဘူး)။
ဒေးဗစ်ဘရွန်းစတိန်း (David Bronstein) ဟာ ၁၉၅၁ခုနှစ်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်သင့်ခဲ့သူပေါ့။ ၂၄ ပွဲ ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲမှာ ဘော့ဗင်းနစ်ကိုအနိုင်ရခဲ့သင့်ပေမဲ့ ၁၂ မှတ်စီနဲ့ သရေဖြစ်ခဲ့လို့ သရဖူနဲ့ လွဲခဲ့ရပါတယ်။
အဲဒီနှစ်ကာလများက ပြိုင်ပွဲကြီးတစ်ခုမှာ ကစားပွဲကို နောက်နေ့ရွှေ့ဆိုင်းဖို့ ဖြစ်လာတယ်။ ချိပ်ပိတ်ရွှေ့ကွက် ရေးရမယ့်သူက ဘရွန်းစတိန်း။ သူစဉ်းစားတယ်။ အကောင်းဆုံးရွှေ့ရင် ဘာဖြစ်မလဲ။ သူ့ပြိုင်ဘက်ကလည်း တစ်ညလုံးအကွက်ရှာမှာ။ သူရွှေ့မယ့် အကောင်းဆုံးအကွက်ကို တွေ့မှပဲ။ ဒီတော့အကောင်းဆုံး တုံ့ပြန်လိမ့်မယ်။ နောက်ဆုံးသရေဖြစ်သွားမယ်။ အနိုင်ကစားချင်တဲ့ ဘရွန်းစတိန်းအဲဒီအကွက်ကို ပယ်လိုက်တယ်။ အဲဒီလောက် မကောင်းတဲ့၊ သူ့ပြိုင်ဘက် မျှော်လင့်ထားမှာမဟုတ်တဲ့ ရွှေ့ကွက်ကိုရေးခဲ့တယ်။
နောက်နေ့ ပွဲဆက်ကစားချိန်မှာ သူ့ပြိုင်ဘက် ဒုက္ခရောက်ပါရော။ သူလုံးဝထင်မထား၊ ပြင်မထား၊ ကြိုတင်တွက်ချက်မထားတဲ့အကွက်ကိုး။ စဉ်းစားချိန် တော်တော်ပေးလိုက်ရတယ်။ ဘရွန်းစတိန်းကတော့ အေးအေးဆေးဆေး အချိန်သိပ်မသုံးဘဲ ကစားနေချိန်မှာ သူ့ပြိုင်ဘက် အချိန်ပိလာတယ်။ ကြာတော့နည်းနည်း မှားရာက နိမ့်ပြီးရှုံးပါရော။ ဘရွန်းစတိန်းရဲ့ဗျူဟာ အလုပ်ဖြစ်ခဲ့တယ်။
ဒီလိုမျိုးကျင့်သုံးတာ ရပ်ရှင်းပိုကာမှာ မကြာမကြာတွေ့ရတတ်ပါတယ်။ စီးပွားရေးနယ်မှာ သူအကောင်းဆုံးထုတ်ကုန်ပစ္စည်းကို ယှဉ်ဖို့စဉ်းစားရာမှာ၊ နိုင်ငံရေးမှာ ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ဖို့ မဲဆန္ဒနယ် နေရာချထားရာမှာ ဒီဗျူဟာကို သုံးနိုင်ပါတယ်။
ခပ်ညံ့ညံ့တွေ အဆင်ပြေနေတာကိုကြည့်ရင် ဒီဗျူဟာ အသုံးဝင်မဝင် သိနိုင်ပါတယ်။
မောင်မောင်လွင် (စစ်တုရင်)