အနုပညာဖန်တီးမှုများအနက် ပန်းချီအနုပညာသည် တစ်ပါးသူတုပရန် အခက်ဆုံးအနုပညာဟု မြင်ပါသည်။ ထို့ကြောင့်လည်း ရုပ်ရှင်၊ ဂီတ၊ ဓာတ်ပုံစသည့် အနုပညာလက်ရာများတွင် ပုံတူခိုးချကူးယူနေသည်များ များစွာရှိသော်လည်း ပန်းချီပညာရပ်တွင်မူ မည်မျှလက်ရာတူအောင် ကူးချမည်ဆိုသော်ငြား မူရင်းပညာရှင်ကို မည်သို့မျှ မမီနိုင်ပါ။ ကမ္ဘာကျော်ပန်းချီလေလံပွဲများတွင် မူရင်းလက်ရာရှင်ပန်းချီကားများမှာ ငွေကြေးမြင့်မားစွာ လေလံဆွဲခံရသည်မှာ ထို့ကြောင့်ပင်ဖြစ်သည်။ ပန်းချီကားများ ဝယ်ယူစုဆောင်းခြင်းမှာလည်း ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် တွင်ကျယ်လာပြီဖြစ်ရာ လက်ရှိမြန်မာ့ပန်းချီဈေးကွက်အခြေအနေနှင့် အာရှနိုင်ငံတချို့၏ ဈေးကွက်အခြေအနေများကို တင်ဆက်လိုက်ပါသည်။
မြန်မာပန်းချီအနုပညာဈေးကွက်အပေါ် သုံးသပ်ချက်
ဆရာနေမျိုးဆေး - နိုင်ငံပွင့်လင်းလာတဲ့အခါ ပန်းချီ အနုပညာဈေးကွက်က အရင်ကထက်စာရင် အများကြီး ပိုကောင်းလာပါတယ်။
ဆရာဇော်ဝင်းဖေ - မြန်မာ့ပန်းချီအနုပညာလက်ရာဟာ လောလောဆယ်မှာတော့ ဈေးကွက်အခြေအနေအရ နိုင်ငံခြားသားတွေအပေါ် မှီခိုနေရပါတယ်။ လက်ရှိပြည်တွင်းမှာ အနုပညာစုဆောင်းမှုက အနုပညာအရည်အသွေး ကောင်းတာမကောင်းတာထက် ဒီနေ့ဈေးကွက်မှာ ဘယ်သူပေါက်နေတယ်၊ ဘယ်ပန်းချီဆရာကတော့ အလားအလာရှိတယ်ဆိုတဲ့ သုံးသပ်ချက်ပေါ်မူတည်ပြီး စုဆောင်းတာများပါတယ်။ ပန်းချီကားတွေရဲ့ ဈေးနှုန်းအနေနဲ့ကလည်း ပန်းချီဆရာတွေ ရဖူးတဲ့ဆုတွေ၊ အဆင့်အတန်းတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုးကွဲသွားပါတယ်။ လက်ရှိမှာ မြန်မာ့ပန်းချီအနုပညာလက်ရာတွေဟာ ဒေါ်လာသုံးလေးရာကနေစပြီး သောင်းကျော်အထိ ပေါက်ဈေးရှိပါတယ်။
ဆရာမင်းဝေအောင် - မြန်မာပြည်မှာရှိတဲ့ ပန်းချီကားဝယ်ယူစုဆောင်းသူ တော်တော်များများက ဈေးသက်သာဖို့ကို အဓိကအာရုံစိုက်ကြပါတယ်။ တန်ဖိုးမြင့်တယ်၊ ဈေးကြီးတယ်ဆိုရင် မတန်ဘူးလို့ မြင်ကြပါတယ်။ ပြည်ပနိုင်ငံမှာရောင်းတဲ့ တန်ရာတန်ကြေးကို ပေးမဝယ်ကြဘူး။ အနုပညာတန်ဖိုးကို သိပ်ပြီး နားမလည်ကြသေးပါဘူး။ ပန်းချီအနုပညာကဏ္ဍတိုးတက်ဖို့ဆိုတာက ပြည်ပနိုင်ငံတွေထက် ပြည်တွင်းမှာတင် ပန်းချီကားဝယ်ယူစုဆောင်းသူတွေ များလာဖို့လိုပါတယ်။ ပြည်တွင်းကလူတွေက မြန်မာ့အနုပညာ လက်ရာတွေကို တန်ဖိုးထားရင် တခြားနိုင်ငံက လူတွေဆိုပိုပြီးတန်ဖိုးထားလာမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပန်းချီအနုပညာလက်ရာတွေက တန်ဖိုးအရလည်း အရင်ကထက် တဖြည်းဖြည်းနဲ့ ပိုတက်လာပါတယ်။ ဒါကလည်းအရင်တုန်းက ငွေတန်ဖိုးနဲ့ အခုငွေတန်ဖိုးက မတူတော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တရုတ်ပြည်အနုပညာဈေးကွက်အပေါ်အမြင်
He Si' En (Chinese Artist)
တရုတ်အနုပညာဈေးကွက်က ၁၉၉၅ ခုနှစ်လောက်ကနေပြီးတော့ ရှန်ဟိုင်း၊ ကွမ်းတုံအစရှိတဲ့ မြို့ကြီးတွေမှာ တဖြည်းဖြည်းနဲ့ အရောင်းအဝယ် ကောင်းလာပါတယ်။ အနုပညာရှင်အမျိုးမျိုးက သူတို့ရဲ့ စိတ်ကူးစိတ်သန်းအမျိုးမျိုးနဲ့ သရုပ်ဖော်ကြတဲ့အနုပညာလက်ရာအမျိုးမျိုးကို ပြည်တွင်းအနုပညာ စုဆောင်းသူတွေရော၊ ပြည်ပကအနုပညာစုဆောင်းသူတွေပါ လာရောက်ဝယ်ယူလာကြပါတယ်။
အရင်က ဒေါ်လာတစ်ထောင်တန်တဲ့ ပန်းချီကားလက်ရာတစ်ခုဟာ နောက်ဆယ်နှစ်နေရင် ဒေါ်လာတစ်သောင်း မဖြစ်သွားနိုင်ဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ အနုပညာဈေးနှုန်းပြောင်းလဲတာဟာ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု၊ လူတွေရဲ့စီးပွားရေးတိုးတက်မှု၊ ပန်းချီအနုပညာပေါ်မှာ စိတ်ဝင်စားမှုပိုများလာမှု၊ အနုပညာလက်ရာကောင်းမွန်မှုနဲ့ လူတွေရဲ့ယဉ်ကျေးမှုတွေအပေါ်မှာ မူတည်ပါတယ်။
ထိုင်းနိုင်ငံအနုပညာဈေးကွက်ပေါ်အမြင်
Kanaid Silsat (Thai Artist)
အနုပညာဈေးကွက်က ထိုင်းနိုင်ငံဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက်တို့မှာ တော်တော်လေးကို အခြေအနေ ကောင်းပါတယ်။ အနုပညာဈေးကွက်ဆိုတာ ကမ္ဘာ့စီးပွားရေး၊ တိုင်းပြည်ရဲ့ စီးပွားရေးပေါ်မှာလည်း အများကြီးမူတည်တဲ့အပြင် လူတွေရဲ့ အကြိုက်ပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ပန်းချီအနုပညာလက်ရာတစ်ခုကို လူကြိုက်များလာရင် အဲဒီလက်ရာက တဖြည်းဖြည်း ဈေးတက်လာပါတယ်။
ကိုရီးယားပန်းချီအနုပညာ ဈေးကွက်အပေါ် သုံးသပ်ချက်
Korean Artists Group ယေဘုယျအနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ပန်းချီကားတွေ ဝယ်တယ်၊ စုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်တာဖြစ်တာကြောင့် ကိုယ်ကပြောင်မြောက်တဲ့အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုဆောင်းထားရင် နောင်တစ်ချိန်မှာ အကျိုးအမြတ်ကိုပြန်ပြီး ခံစားလာရစေမှာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုအရင်က ကျွန်တော်တို့နိုင်ငံက ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေကို ဝယ်ယူစုဆောင်းခဲ့ပြီး နောက်ပိုင်းပြန်ရောင်းတဲ့အခါမှာ အရင်က ဝယ်ခဲ့တဲ့ဈေးထက် သုံးဆလောက်ကို ပြန်ရခဲ့ပါတယ်။
လူသစ်တန်းလက်ရာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဖန်တီးမှုလက်ရာနဲ့ အရည်အချင်းပေါ်အမြင်
ဆရာမင်းဇော် - ကျွန်တော့်အနေနဲ့ကတော့ လူသစ်တန်းတွေကို အများကြီးမျှော်လင့်ထားပါတယ်။ သူတို့တွေက လုပ်လည်း လုပ်နိုင်ကြပါတယ်။ အခုခေတ်က မြင်တွေ့နေရတာအားလုံးက မျက်စိပွင့်နားပွင့်လည်း ဖြစ်လာပြီဖြစ်တဲ့အတွက် အရင်ကထက်စာရင် အများကြီးတိုးတက်လာပါပြီ။ လူသစ်တန်းတွေထဲက တချို့ဆို ဒီနေ့နာမည်ရနေတဲ့ ပန်းချီဆရာတွေရဲ့ အနုပညာလက်ရာတွေနဲ့တောင် ယှဉ်လာနိုင်ပါပြီ။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်ဖို့ဆိုရင်တော့ ဒီထက်ပိုပြီး ကြိုးစားဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။
ဆရာနေမျိုးဆေး - အခုဆိုရင် ပန်းချီဆွဲတဲ့လူတွေများလာသလို ပြပွဲတွေလည်း များလာတယ်။ သိပ်ကောင်း ပါတယ်။
ဆရာဇော်ဝင်းဖေ - သူတို့ဆင်းလာတဲ့ ကျောင်းတွေနဲ့လည်း ဆိုင်ပါတယ်။ ဒီနေ့ခေတ်မှာ လူသစ်ပိုင်းတွေဖြစ်တဲ့ လူငယ်တွေဟာ များသောအားဖြင့် သူတို့ရဲ့အနုပညာကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခွင့်ရလာတယ်။ အဲဒီအခါ သူတို့ဆီမှာ ကျွန်တော်တို့ မတွေးခဲ့ဖူးတဲ့ အတွေးအခေါ်တွေ၊ မရေးရဲတဲ့ Subject မျိုးတွေ၊ ကျွန်တော်တို့အနေနဲ့ ဖန်တီးရမယ်မှန်း မသိခဲ့တဲ့အရာတွေကို ဖန်တီးလာနိုင်တာကို တွေ့ရပါတယ်။ သူတို့ဆီမှာ ကိုယ့်ရဲ့ အနုပညာလက်ရာအပေါ် ယုံကြည်မှုနဲ့ သတ္တိကောင်းမှုတွေကို တွေ့ရပါတယ်။ ဒါကိုလည်း ပန်းချီအနုပညာ လောကဘက်မှာ ထဲထဲဝင်ဝင်ရှိတဲ့လူတွေ၊ စုဆောင်းတဲ့ လူတွေက အသိအမှတ်ပြုဖို့လိုပါတယ်။
ပန်းချီကားတွေကို စီးပွားဖြစ်စုဆောင်းတဲ့အပေါ်အမြင်
ဆရာမင်းဇော် - တခြားပစ္စည်းတွေကို စုဆောင်းတာထက်စာရင် အနုပညာပစ္စည်းတွေကို စုဆောင်းတာက ငွေအတွက်လည်းကောင်းသလို ပျော်စရာလည်းကောင်းပါတယ်။
ဆရာဇော်ဝင်းဖေ - ပန်းချီအနုပညာလက်ရာတွေကို စီးပွားဖြစ်စုဆောင်းဖို့ဆိုတာ ပန်းချီကားတွေနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ ပန်းချီကားစုဆောင်းရင် ဘယ်လိုအကျိုးအမြတ်ရှိမယ်ဆိုတဲ့ ဗဟုသုတတွေရှိဖို့ လိုပါတယ်။ ပန်းချီဆရာတွေကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲစုစု၊ ဘယ်လိုခံစားချက်နဲ့ပဲစုစု၊ ပန်းချီကားစုတာကိုတော့ ကြိုဆိုတာပဲ။ ဒီလို စုဆောင်းလာရင်းနဲ့ သူ့ဟာနဲ့သူ တဖြည်းဖြည်းရင့်ကျက်လာပြီဆိုရင် မှန်ကန်တဲ့စုဆောင်းမှု၊ မှန်ကန်တဲ့တန်ဖိုးထားမှုမျိုး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်း Art Gallery တွေအပေါ်အမြင်
ဆရာမင်းဇော် - ဒီမှာ Art Gallery တွေဖွင့်သာ ဖွင့်ကြတာပါ။ အများစုက ပန်းချီဆရာတွေ ကိုယ်တိုင် ဖွင့်ကြတာများပါတယ်။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ပန်းချီဆရာက ပန်းချီအလုပ်လုပ်တာ ပိုသင့်တော်ပါတယ်။ Promoter ကလည်း သူ့အလုပ်သူလုပ်တာ ကောင်းပါတယ်။
ဆရာဇော်ဝင်းဖေ - Art Gallery တွေများလာတာက အင်မတန်ကောင်းပါတယ်။ ပြပွဲတွေ တစ်ပွဲနဲ့တစ်ပွဲလည်း ဆက်နေတယ်။ တစ်ပွဲနဲ့တစ်ပွဲလည်း မထပ်ဘဲ ပြနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလာပါတယ်။ အနုပညာပြခန်းတွေရဲ့အရည်အသွေးကိုလည်း သူတို့ရဲ့ ယုံကြည်မှုနဲ့ သူတို့တည်ဆောက်သင့်ပါတယ်။ သူတို့ ဘယ်လိုသိက္ခာမျိုးနဲ့ ရှင်သန်ချင်သလဲဆိုတာ ရွေးချယ်ရပါမယ်။ အဲဒီလိုရွေးချယ်မယ်ဆိုရင် ပြတဲ့ပြပွဲတွေက သန့်လာမယ်။ အဆင့်အတန်းရှိလာမယ်။ အဲဒီပြခန်းမှာ ပြသခွင့်ရခြင်း၊ မရခြင်းပေါ်မှာ မူတည်ပြီး ပန်းချီဆရာတွေရဲ့အားထုတ်မှုကလည်း မြင့်တက်လာမှာဖြစ်သလို ပန်းချီပြခန်းတွေရဲ့ အရည်အသွေးတွေကလည်း မြင့်တက်လာမှာဖြစ်တယ်လို့ မြင်ပါတယ်။ အဲလိုမြင့်တက်လာရင် နိုင်ငံတကာပန်းချီအနုပညာပြခန်းတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုတာ သူ့အလိုလို ဖြစ်လာမှာပါ။ ဒါကို အနုပညာဖန်တီးသူတွေဘက်က နားလည်ပေးဖို့လိုအပ်သလို အနုပညာပြခန်းတွေဘက်ကလည်း မှန်ကန်တဲ့ရွေးချယ်မှု၊ သမာသမတ်ကျမှုတွေ လိုအပ်ပါတယ်။
ဆရာမင်းဝေအောင် - Art Gallery တွေ များလာတာ ကောင်းပါတယ်။ ပန်းချီအနုပညာပြခန်းတွေ များလာတဲ့အတွက် ပန်းချီဆရာတွေဟာ နဂိုကထက်စာရင် ကိုယ်ပြချင်တဲ့ လက်ရာတွေကို ပြသခွင့်ရလာပါတယ်။
ဆရာနေမျိုးဆေး - အရင်ကပန်းချီဆရာတွေဟာ ပန်းချီဆွဲပြီးရင် သူတို့ရဲ့ အနုပညာလက်ရာတွေကို ချပြဖို့အတွက် နေရာသိပ်မရှိဘူး။ အခုလို ပန်းချီပြခန်းတွေ အများကြီးရှိလာတဲ့အခါကျတော့ ကိုယ့်ရဲ့အနုပညာ လက်ရာတွေကို ပြသနိုင်ဖို့အတွက် အဆင်ပြေသွားပါတယ်။
Korean Artist Group
ပန်းချီပြခန်းအနေနဲ့ကတော့ သိပ်ပြီးမတူညီတာကို မခံစားရပါဘူး။ အနုပညာရှင်တွေ စုဝေးပြီး ကိုယ့်အနုပညာ သူ့အနုပညာ အချင်းချင်းဖလှယ်ကြတဲ့ နေရာလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ဒီက ပန်းချီပြခန်းတွေက တခြားနိုင်ငံတွေထက်စာရင် စီးပွားရေးမဆန်သလို၊ အနုပညာပြခန်းပိုဆန်တယ်လို့ ခံစားမိပါတယ်။ အခုလို အနုပညာရှင်တစ်ယောက်တည်းကပဲမဟုတ်ဘဲ အနုပညာရှင်တွေ စုပြီးပြတာကြောင့် အနုပညာရှင်တွေရဲ့ လက်ရာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်တာကြောင့် အနုပညာလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီးအထောက်အကူ ဖြစ်စေတယ်လို့ မြင်ပါတယ်။
Kanaid Silsat (Thai Artist)
Gallery တွေက သိပ်ပြီးကွာခြားတယ်လို့တော့ မမြင်ပါဘူး။ Gallery တစ်ခု အောင်မြင်ဖို့က ဒီ Gallery မှာ အောင်မြင်၊ ကျော်ကြား၊ လူကြိုက်များနေတဲ့ အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြသထားနိုင်ဖို့ လိုပါတယ်။ အောင်မြင်တဲ့ Gallery တွေဟာ အနုပညာရှင်တွေကို သူတို့လက်ရာတွေကို လာပြဖို့အတွက် ဆွဲဆောင်ထားနိုင်ကြပါတယ်။ Gallery ပိုင်ရှင်တွေကလည်း သူတို့ဆီ Customer တွေ များများလာစေဖို့ ပန်းချီပြပွဲတွေ ခဏခဏပြုလုပ်ပေးလေ့ရှိပါတယ်။
ပန်းချီအနုပညာကဏ္ဍတိုးတက်ဖို့ လိုအပ်ချက်များ
ဆရာမင်းဇော် - တက္ကသိုလ်အဆင့် အနုပညာကျောင်းတွေ လိုပါတယ်။ ရန်ကုန်မှာဆိုရင် အနုပညာကျောင်းက တစ်ခုပဲရှိတယ်။ ကိုရီးယားမှာဆိုရင် အနုပညာကျောင်းတွေ အများကြီးရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေ အကြံပြုထားတာတွေလည်း ရှိပါတယ်။
ဆရာနေမျိုးဆေး - ပန်းချီဆရာကတော့ ပန်းချီဆွဲနေဖို့ပဲ လိုတာပါ။ ပန်းချီဆရာတွေကို သိပ်ထောက်ပံ့ပေးနေစရာ မလိုပါဘူး။ ကိုယ့်ပန်းချီကားကို ကြိုက်တဲ့လူက ကြိုက်မှာပါပဲ။ ဘယ်သူကမှ ပံ့ပိုးပေးလို့ မရပါဘူး။ ကျွန်တော့်အယူအဆကတော့ ကိုယ့်ဟာကိုယ် ကောင်းအောင်ဆွဲထား၊ ကိုယ်ကောင်းအောင်ဆွဲထားပြီး တစ်ဖက်က ကြိုက်တဲ့သူနဲ့တွေ့ရင် ပန်းချီကားရောင်းရမှာပဲ ဖြစ်ပါတယ်။ မြှင့်တင်ပေးဖို့ လိုတဲ့အပိုင်းတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အဲဒါတွေက အပယိကပါ။ အဓိကကတော့ ပန်းချီဆရာကောင်းဖို့ပဲ လိုတာပါ။
ဆရာမင်းဝေအောင် - အဓိကကတော့ ပန်းချီဆရာတွေက ကိုယ်ကိုယ်တိုင် လုပ်ရမှာပါပဲ။ ကိုယ်မလုပ်ရင် ဘယ်သူမှ လုပ်ပေးလို့မရပါဘူး။ ကိုယ်ကိုယ်တိုင်လုပ်လို့ ကိုယ့်ရဲ့လုပ်အားတွေ ရှိလာတော့မှ လိုအပ်တဲ့အပိုင်းတွေကို ပံ့ပိုးပေးမယ့်လူတွေကလည်း ပံ့ပိုးပေးလို့ရမှာပါ။ မြန်မာ့ပန်းချီအနုပညာကို နိုင်ငံတကာနဲ့ တန်းတူသတ်မှတ်ခံရနိုင်ဖို့ဆိုရင်တော့ မြန်မာ့ပန်းချီအနုပညာရှင်တွေဟာ ကိုယ်ပိုင်အယူအဆတွေ၊ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ အနုပညာလက်ရာတွေကို ရဲရဲဝံ့ဝံ့ဖန်တီးနိုင်ဖို့၊ တင်ပြဖို့ လိုပါတယ်။ နောက်ပြီး သူတစ်ပါးရဲ့ အောင်မြင်မှုနောက်ကိုလိုက်ပြီး ကော်ပီဆွဲတာတို့၊ ဆင်တူယိုးမှားလုပ်တာတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဆရာဇော်ဝင်းဖေ - နံပါတ်တစ်အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တည်ဆောက်ဖို့ပါ။ ကိုယ့်ကိုယ်ကိုယ် မတည်ဆောက်ဘဲနဲ့ ပတ်ဝန်းကျင်အခြေအနေ ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လို ပံ့ပိုးမှုတွေ လုပ်ပေးလုပ်ပေး မလွယ်ပါဘူး။
Korea Artists Group - ပန်းချီအနုပညာကဏ္ဍတိုးတက်ဖို့ဆိုရင် နိုင်ငံမှာပန်းချီ အနုပညာအသင်းတွေ၊ ကျောင်းတွေ များများရှိဖို့လိုပါတယ်။ နောက်ပြီး ပန်းချီအနုပညာကဏ္ဍတိုးတက်ဖို့က နိုင်ငံရဲ့စီးပွားရေးပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ နိုင်ငံစီးပွားရေးမကောင်းရင် ဘယ်လိုနည်းနဲ့မှ ပန်းချီအနုပညာကဏ္ဍကလည်း တိုးတက်လာမှာမဟုတ်ပါဘူး။
Kanaid Silsat (Thai Artist) - အနုပညာကဏ္ဍတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေ ရှိဖို့လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုမရှိရင် တိုးတက်မှုကလည်း မရှိနိုင်ပါဘူး။
၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အဝန်းဖြစ်လာတဲ့အခါမှာ မြန်မာ့ပန်းချီအနုပညာလက်ရာတွေကို ဈေးကွက်မှာ ရောင်းတန်းဝင်ဖို့အတွက် ပြင်ဆင်သင့်တာတွေ
ဆရာမင်းဝေအောင် - မြန်မာ့ပန်းချီအနုပညာရှင်တွေဟာ အရင်ကတည်းက စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတွေကို သွားရောက်ပြသဖူးတဲ့အတွက် နဂိုကတည်းက အာဆီယံနိုင်ငံတွေနဲ့ အဆက်အသွယ်ရှိပါတယ်။ မြန်မာ့ပန်းချီအနုပညာရှင်တွေအနေနဲ့ ပြည်တွင်းမှာအောင်မြင်တာနဲ့တင် မသာယာနေကြဘဲ နိုင်ငံတကာက ပန်းချီအနုပညာရှင်တွေ ဘာတွေလုပ်နေတယ်၊ ဘယ်လိုတွေးတယ်၊ ဘာတွေ ရေးဆွဲနေတယ်ဆိုတာတွေကိုပါ လေ့လာဖို့လိုလာပါတယ်။ နိုင်ငံတကာမှာက သာမန်ရေးရိုးရေးစဉ် မဟုတ်တာတွေကို ရွေးချယ်လာတယ်။ ဒါကြောင့် မြန်မာ့အနုပညာရှင်တွေအနေနဲ့လည်း ခေတ်နဲ့အညီလိုက်ပြီး တင်ပြပုံတွေကို ဆန်းသစ်ဖို့လိုလာပါတယ်။ နဂိုရေးရိုး ရေးစဉ်တွေနဲ့ ရေးနေတဲ့လူတွေလည်း ရှိဖို့လိုပါတယ်။ အဲဒီလို မြန်မာနိုင်ငံမှာ ခေတ်နဲ့အညီလိုက်ပြီး ပြောင်းလဲနေတဲ့ ပန်းချီဆရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘူး။ ပြည်သူတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မခံစားနိုင်ကြသေးဘူး။ မခံစားနိုင်ကြဘူးဆိုတာကလည်း အနုပညာဆိုတာက နိုင်ငံချမ်းသာမှ၊ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေနေမှပဲ ခံစားရနိုင်တာကြောင့် ဖြစ်ပါတယ်။
ကိုဒီ၊ လင်းသူ