တကယ်လို့ ကိုယ်ကအသက်နည်းနည်းရလာပြီး လက်ရှိခေတ်စားနေတဲ့ လုပ်ငန်းတွေကိုကြည့်လိုက်ရင် ကိုယ့်အနေနဲ့လုပ်ငန်းစဖို့ နောက်ကျနေပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရှိသလို အသက် ၃၀ ကျော်မှ ဘဝတစ်ဆစ်ချိုးမှာ အောင်မြင်မှုရလာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း အများကြီးရှိပါတယ်။ အဲဒီထဲကစွန့်ဦးတီထွင်သူ ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Jan Koum

Jan Koumဟာ ကမ္ဘာ့အကျော်ကြားဆုံး စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံသား Koum ဟာ အသက် ၁၆ နှစ်အရွယ်မှာ သူ့အမေနဲ့အတူ အမေရိကမှာပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ပရဟိတအသင်းတွေလာဝေပေးတဲ့ရိက္ခာကို စားသောက်ခဲ့ရပြီး အထွေထွေလုပ်သားအနေနဲ့ Koum တစ်ယောက်အသက်ဆက်ခဲ့ရပါတယ်။ အသက် ၁၈ နှစ်မှာ နည်းပညာပိုင်းဆိုင်ရာ Code တွေ လုပ်တတ်အောင်လေ့လာခဲ့ပြီး တက္ကသိုလ်တက်ခဲ့ပေမယ့်ကျောင်းမပြီးခင်မှာ ကျောင်းထုတ်ခံခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ Koum ဟာ Yahoo မှာ ဆယ်စုနှစ်တစ်ခုကြာအောင် အလုပ်လုပ်ခဲ့ပြီး အသက် ၃၀ အရွယ်မှာအလုပ်ထွက်ခဲ့ပါတယ်။ အသက် ၃၂ နှစ် မှာ WhatsApp ကိုတီထွင်ခဲ့ပြီး အမှားပြင်လိုက်၊ အခက်အခဲတွေကြုံလိုက်နဲ့ ကုမ္ပဏီကိုပိတ်ပစ်ဖို့ စဉ်းစားရတဲ့အထိပါပဲ။ ဒါပေမဲ့ Koum က မပိတ်ခဲ့ပါဘူး။ Koum အ သက် ၃၇ နှစ်မှာ WhatsApp ကို Facebook က အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်။
၂။ Tim Westergren

Tim Westergren ဟာ Pandora ကို အသက် ၃၅ နှစ် ရောက်မှစတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်မတိုင်ခင် သူဟာကလေးထိန်း၊ သီချင်းရေးဆရာလုပ်ခဲ့ဖူးပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ သူဟာရုပ်ရှင်တွေအတွက် ဇာတ်ဝင်သီချင်းတွေ ရေးစပ်ခဲ့ပါတယ်။ သူအလုပ်တွဲလုပ်တဲ့ ဒါရိုက်တာတွေလိုချင်တဲ့ သီချင်းဗီဒီယိုမျိုးကို သူဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သီချင်းရေးစပ်တဲ့အလုပ်ဟာ သူ့ကိုမချမ်းသာစေပေမယ့် ဂီတစီမံကိန်း Pandora ကို စတင်လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ဂီတကုမ္ပဏီကို ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Tim ဟာ ၂၀၁၀ ပြည့်နှစ်မှာတိုင်းမ်မဂ္ဂဇင်း ရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူအယောက် ၁၀၀ စာရင်းဝင်ဖြစ်ခဲ့ပါတယ်။
၃။ Milton Hershey

ဒီနာမည်ကို သူ့ချောကလက်စားတိုင်းတွေ့မိကြမှာပါ။ ဒါပေမဲ့ Hershey ချောကလက်ကို Hershey အသက် ၃၇ နှစ်ရောက်မှ တီထွင်လိုက်မှန်း သိ ကြမှာမဟုတ်ပါဘူး။ Hershey အသက် ၁၃ နှစ်လောက်က ကျောင်းထုတ်ခံခဲ့ရပြီး သကြားလုံးလုပ်တဲ့နေရာမှာ အလုပ်သင်ဝင်လုပ်ခဲ့ပါတယ်။ ကိုယ်ပိုင်သကြားလုံးဆိုင်ဖွင့်ဖို့ ပိုက်ဆံချေးပြီးလုပ်ငန်းစခဲ့ပေမယ့် ငါးနှစ်လောက်ကြာတော့ ဖျက်သိမ်းလိုက်ရပါတယ်။ သူအသက် ၂၆ နှစ်ရောက်တော့ Lancaster Caramel ကုမ္ပဏီကိုတည်ထောင်ခဲ့ပေမယ့် ၁၈၉၃ ခုနှစ်မှာ အရှုံးပေါ်ခဲ့ပြန်ပါတယ်။ Hershey အသက် ၃၇ နှစ်ရှိပြီး နို့ချောကလက်ထုတ်လုပ်ဖို့ စဉ်းစားတော့မှ Hershey Chocolate ကုမ္ပဏီပေါ်ပေါက်လာတာဖြစ်ပါတယ်။
၄။ Gordon Moore

Circuit တွေမှာချိတ်လို့ရမယ့် Transistor တွေကို Moore က လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Gordon Moore ဟာ အသက် ၃၈ နှစ်ရောက်မှ Intel ကုမ္ပဏီကိုတည်ထောင်ခဲ့တာပါ။ Moore အသက် ၂၇ နှစ်မှာတခြား နည်းပညာရှင်ခုနစ်ယောက်နဲ့ပူးပေါင်းပြီး Fairchild Semiconductor ကို တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Moore ဟာ သူ့ရဲ့မိတ်ဆွေ Bob Noyce နဲ့အတူကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Intel ကို စတင်ခဲ့တာဖြစ်ပါတယ်။
၅။ Jack Ma

Alibaba တည်ထောင်သူ Jack Ma က ငွေကြေးမတတ်နိုင်တဲ့ မိသားစုက ဆင်းသက်လာပြီးပညာရေးကိုပဲ လိုက်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ Jack Ma ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်ကြိမ်တိတိကျရှုံးခဲ့ပါတယ်။ တတိယအကြိမ်ဖြေဆိုရာမှာ အောင်မြင်ခဲ့ပေမယ့် ဘယ်အလုပ်မှ သူ့ကိုလက်မခံတဲ့အဆုံးမှာ Jack Ma ဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာနဲ့ အင်္ဂလိပ်စာစသင်ပေးခဲ့ပါတယ်။ အသက် ၃၁ နှစ်မှာ အမေရိကန်ကိုသွားလည်တော့မှ တရုတ်ပြည်မှာရှိတဲ့ အင်တာနက်ကုမ္ပဏီတွေအတွက် အလားအလာများတဲ့နေရာဆိုတာ သူသိလိုက်ပါတယ်။ လုပ်ငန်းနှစ်ခုတည်ထောင်ခဲ့ပေမယ့် အရှုံးပေါ်ခဲ့ပါတယ်။ အသက် ၃၅ နှစ် ရောက် တော့ သူ့ရဲ့ Online ဈေးကွက်ကို အကောင်အထည်ဖော်ဖို့ သူငယ်ချင်းတွေကို ရင်းနှီးမြှုပ်နှံခိုင်းခဲ့ပြီး Alibaba ကိုတည်ထောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အကုန်မှာတော့ Jack Ma ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၆ ဘီလီယံရှိပြီး သူ့ရဲ့တစ်လ ၁၂ ဒေါ်လာထက်ပိုများတဲ့ ဝင်ငွေကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။
လင်းနေခြည်