''ကျွန်တော်ပြောချင်တာက စစ်ကြီးဖြစ်နေရင်တောင် မိန်းကလေးတွေက အလှကုန်ကို မသုံးရရင် မနေနိုင်ဖြစ်ပါတယ်။'' ''အမျိုးသမီးတွေ ရှိနေသ၍ အလှကုန်ဈေးကွက် မပျက်ပါဘူး။'' ဆိုတဲ့ ပြောစကားတွေက အလှကုန်ထုတ်လုပ်တဲ့သူတွေရော တင်သွင်းတဲ့သူတွေကိုပါ မေးမြန်းချက်အရ သိရတဲ့အချက်တွေပါ။ တကယ်တမ်းလည်း အလှကုန်ဈေးကွက်က အမျိုးသမီးတွေကို အဓိကမှီခိုနေတာပါ။ မြန်မာနိုင်ငံ အလှကုန်ဈေးကွက်မှာ ပြည်ပက အလှကုန်တွေရဲ့ ဈေးကွက်ထိုးဖောက်မှုတွေ၊ အတုအပ ထုတ်လုပ်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက အဓိကစိန်ခေါ်မှုလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အလှကုန်ဈေးကွက် အခြေအနေ . . .
၂၀၁၃ ခုနှစ် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု ရပ်တန့်လိုက်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာက နာမည်ကျော် အမှတ်တံဆိပ်တွေ၊ ယိုးဒယားက တင်သွင်းလာတဲ့အလှကုန်တွေ မြန်မာနိုင်ငံအတွင်းကို အလုံးအရင်း ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ဒီလိုဝင်ရောက်လာမှုက မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်တွေအတွက် ပြိုင်ဆိုင်မှုတွေများလာခဲ့ပြီး ဈေးကွက်ဝေစုတွေ ဆုံးရှုံးခဲ့ပါတယ်။ လုပ်ငန်းရှင်အများစုကလည်း နောက်ပိုင်းမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
လက်ရှိအခြေအနေမှာတော့ ဈေးကွက်အနေအထားက ပုံမှန်အတိုင်းပဲရှိနေပါတယ်။ ရွေးကောက်ပွဲအလွန် အစိုးရအသစ် တက်လာအချိန်ကာလဖြစ်နေတဲ့အတွက် အခြားဈေးကွက်တွေနည်းတူ မြန်မာနိုင်ငံ အလှကုန်ဈေးကွက်က ငြိမ်သက်နေတာလည်း ဖြစ်ပါတယ်။ ပြည်ပက အလှကုန်တွေ အလုံးအရင်း ဝင်ရောက်လာနေပေမဲ့ ပြည်တွင်းထုတ် အလှကုန်သုံးစွဲသူ၊ ပြည်ပအလှကုန်သုံးစွဲသူ စသဖြင့် သူ့ဈေးကွက်နဲ့သူ ရှိပြီးသားမို့လို့ ဈေးကွက်က ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဈေးကွက်အနေအထားအနေနဲ့ ထိုင်းကတင်သွင်းတဲ့ အလှကုန်တွေက ဈေးကွက်ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်ထားပါတယ်။ ဒုတိယအနေနဲ့ ကိုရီးယားနဲ့ဂျပန်က ဆက်လက်ရပ်တည်နေပါတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက လူအများအကြား ထိုးဖောက်ဝင်ရောက်လာနေပေမဲ့ လူလတ်တန်းစား အများဆုံးရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ထိုင်းအလှကုန်တွေက ဦးဆောင်နေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ကမ္ဘာပေါ်မှာတော့ နာမည်ကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ L'oreal အလှကုန်က အမေရိကန်ဒေါ်လာ ဆယ်သန်းကျော် ဈေးကွက်ဝေစုရှယ်ယာနဲ့ ဦးဆောင်နေပြီး သူ့နောက်မှာတော့ Avon ၊ Pantene ၊ Nivea တို့က ရပ်တည်နေပါတယ်။ အာဆီယံနိုင်ငံအတွင်းမှာတော့ ထိုင်းနိုင်ငံထုတ်အလှကုန်တွေက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ၂၀၁၅ ခုနှစ် မေလလောက်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံအလှကုန်စက်ရုံဆိုတဲ့ စစ်တမ်းတစ်ခုမှာတော့ အာရှပစိဖိတ်နိုင်ငံတွေက အကြီးမားဆုံးအလှကုန်ဈေးကွက်တစ်ခု ဖြစ်လာတယ်လို့ ဖော်ပြထားပြီး ၂၀၁၃ ခုနှစ်ကစပြီး အမေရိက၊ ဥရောပ၊ သြစတြေးလျ ဈေးကွက်တွေကိုကျော်ကာ တိုးတက်လာတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ပြည်တွင်းထုတ်အလှကုန်နဲ့ ပြည်ပကတင်သွင်းတဲ့ အလှကုန်အခြေအနေ . . .
မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ပြည်ပတင်သွင်းတဲ့ ဈေးကွက်နဲ့ ပြည်တွင်းထုတ်လုပ်တဲ့ ဈေးကွက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပြည်တွင်းထုတ်လုပ်တဲ့ ဈေးကွက်ကတော့ မြန်မာသနပ်ခါးကို အဓိက အခြေခံထားပါတယ်။ မြန်မာသနပ်ခါးဈေးကွက်က ပြည်ပကတင်သွင်းလာတဲ့ အလှကုန်ဈေးကွက်ကြောင့် အနည်းငယ်ထိခိုက်မှု ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရာသီဥတု၊ ရေမြေသဘာဝအနေနဲ့ မြန်မာ့သနပ်ခါးက အကောင်းဆုံးအလှကုန်လို ဖြစ်နေပါတယ်။ ဈေးကွက်အတွင်းမှာလည်း ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှအပ နယ်မြို့တွေ၊ ကျေးလက်တောရွာတွေမှာတော့ ကြီးမားတဲ့ဈေးကွက်အနေနဲ့ ရပ်တည်နေပါတယ်။
အဲကွန်းခန်းထဲမှာ အမြဲလိုလိုထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက်တော့ သနပ်ခါးက အသားအရေ ထိခိုက်မှုတွေရှိနိုင်ပေမဲ့ ချွေးတလုံးလုံးနဲ့ နေပူထဲမှာ လုပ်ကိုင်နေရတဲ့သူတွေအတွက် သနပ်ခါးက အကောင်းဆုံး အလှကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဆယ်ကျော်သက် အလှကုန်ဈေးကွက် . . .
မြန်မာနိုင်ငံက အရှေ့တောင်အာရှအတွင်း လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၅၃ သန်းကျော် ရှိပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှအသက်က ၃၀ ဝန်းကျင်မှာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အလှကုန်ကို အများဆုံး သုံးစွဲသူတွေက အမျိုးသမီးတွေ ဖြစ်ကြတယ်။ နိုင်ငံရဲ့စီးပွားရေးအခြေအနေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့် ဆယ်ကျော်သက်အရွယ် အလှကုန်အသုံးပြုမှုက အမျိုးသမီးသုံးစွဲမှုပမာဏအောက် ရောက်ရှိနေရတာပါ။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ တစ်နိုင်ငံလုံး အလှကုန်ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းက ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဈေးကွက်ကို ကြည့်မယ်ဆိုရင်လည်း ဆယ်ကျော်သက်အသုံးပြုမှုက တိုးတက်နေတာကို တွေ့ရပါတယ်။
အမျိုးသား အလှကုန်ဈေးကွက် . . .
ဒါပြင် နောက်ထပ် အလှကုန်ဈေးကွက်အတွင်း တိုးတက်လာတဲ့ဈေးကွက်က အမျိုးသားအလှကုန် ပစ္စည်းဈေးကွက် ဖြစ်ပါတယ်။ အလှကုန်ကုမ္ပဏီရဲ့ ထုတ်ကုန်သမိုင်းကြောင်း ထုတ်ပြန်ချက်တွေအရ ၁၉၈၆ ခုနှစ်ဝန်းကျင်မှာ သူတို့ကုမ္ပဏီမှာ အမျိုးသားသုံးအလှကုန်များ စတင်ထုတ်လုပ်ခဲ့တာကြောင့် အမျိုးသားသုံးအလှကုန်တွေ အလှကုန်ဈေးကွက်အတွင်းကို ၁၉၉၀ ဝန်းကျင်မှာ ဝင်ရောက်လာတယ်လို့ ခန့်မှန်းရတယ်။ Guardian သတင်းစာဖော်ပြချက်အရ ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အမျိုးသားသုံးအလှကုန်တွေကို အလွန်အမင်းကြော်ငြာလိုက်တဲ့ အချိန်ကစပြီး ဈေးကွက်အတွင်း ပိုမိုကျယ်ပြန့်လာခဲ့တယ်။
မြန်မာနိုင်ငံမှာလည်း အမျိုးသားအလှကုန်ဈေးကွက် စတင်တိုးတက်စပြုလာနေပါပြီ။ အရင်က အမျိုးသားတွေ အလှကုန်အသုံးပြုမယ်ဆိုရင် အပြစ်တင်ပြောဆိုမှုတွေ ရှိနေခဲ့ပေမဲ့ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့အညီ အမျိုးသားအလှကုန်တွေလည်း သိသိသာသာ ရောင်းအားတက်လာပါတယ်။
အလှကုန်ပစ္စည်း အတုအပပြဿနာ . . .
အလှကုန်ဈေးကွက်အတွင်း ဆယ်ကျော်သက်အသုံးပြုမှုတွေ၊ အမျိုးသားသုံးအလှကုန်တွေ တိုးတက်လာပေမဲ့ ဈေးကွက်အတွင်း အဓိကပြဿနာကတော့ အတုအပထုတ်လုပ်တဲ့ပြဿနာပါ။ အဆိုပါပြဿနာကို မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေရပါတယ်။ အာဆီယံအလှကုန်စစ်တမ်းမှာလည်း အဆိုပါ ပြဿနာကို အဓိကပြဿနာအနေနဲ့ ဖော်ပြထားပါတယ်။ ကမ္ဘာကျော်အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်း အဆိုပါပြဿနာကို ကြုံတွေ့ခဲ့၊ ကြုံတွေ့နေကြပါတယ်။
မြန်မာနိုင်ငံမှာက အဆိုပါပြဿနာကို တရုတ်ပြည်နယ်စပ်၊ ထိုင်းနယ်စပ်က တင်သွင်းတဲ့ကုန်ပစ္စည်းတွေမှာ တွေ့ရပါတယ်။ အတုအပ ထုတ်လုပ်တဲ့ပစ္စည်းတွေကို နှစ်မျိုးခွဲခြားထားပါတယ်။ တစ်မျိုးက နာမည်ကြီး အမှတ်တံဆိပ်ကို အတုအပ ထုတ်လုပ်ခြင်းနဲ့ နောက်တစ်မျိုးက ကိုယ်ပိုင်နာမည်နဲ့ ထုတ်လုပ်ပေမဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက စိစစ်လိုက်တဲ့အခါမှာ အရည်အသွေးနိမ့်နေတာမျိုးဆိုပြီး ခွဲခြားထားပါတယ်။ နိုင်ငံတကာမှာတော့ အတုအပ ထုတ်လုပ်တဲ့ဥပဒေနဲ့ အရေးယူမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံမှာတော့ ဥပဒေတိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိသေးတဲ့အတွက် အရေးယူမှုတွေ နည်းပါးနေပါတယ်။
အယ်ဒီတာအဖွဲ့