အလုပ်ကိစ္စနဲ့ သြစတြေးလျ သွားမယ်ဆိုရင်

RossBray2

နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း အနည်းငယ်နားလည်တာဟာ ယင်းနိုင်ငံနဲ့စီးပွားရေး ပြုလုပ်တဲ့အခါမှာ ခရီးတွင်စေပါတယ်။ သြစတြေးလျ လူမျိုးတွေနဲ့အတူ စီးပွားရေးလုပ်ဆောင်ရာမှာ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိပြုစေလိုပါတယ်လို့ Austrade Yangon ရဲ့ Senior Trade Commissioner ဖြစ်သူ Ross Bray က ပြောပြထားပါတယ်။

ယဉ်ကျေးတဲ့ နှုတ်ဆက်ခြင်းအလေ့အထ . . .

ပထမနာမည်ကို စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးတွေမှာ သုံးကြပါတယ်။ ယေဘုယျအနေနဲ့ ပထမနာမည်နဲ့ အစပြုဆက်ဆံရေး ပြုလုပ်လေ့ရှိပါတယ်။

နှုတ်ဆက်ရာမှာ ပြုံးတာ၊ မျက်လုံးချင်း ဆုံအောင်ကြည့်တာနဲ့ လက်ဆွဲနှုတ်ဆက်တာတွေက အမျိုးသားအတွက်ရော အမျိုးသမီးတွေအတွက်ပါ သင့်တော်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ပုံမှန်အားဖြင့်တော့ သေချာကိုင်ဆွဲပြီး လျင်မြန်တိုတောင်းတဲ့ အပေါ်အောက်လှုပ်ရှားမှု ပုံစံမျိုး ဖြစ်သင့်ပါတယ်။  တခြားသူရဲ့လက်ကို ဆွဲညှစ်ဖို့ မလိုအပ်၊ မသင့်တော်ပါဘူး။ သတိပြုရမှာက မထိတထိ၊ ဒါမှမဟုတ် ပျော့တော့တော့ လက်ဆွဲနှုတ်ဆက်တာဟာ စီးပွားရေးအရ တွေ့ဆုံရာမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုကို အားနည်းသွားစေနိုင်ပါတယ်။

မျက်လုံးချင်းဆုံအောင်ကြည့်ပြီး နှုတ်ဆက်ဖို့လည်း အရေးကြီးပါတယ်။ မျက်လုံးချင်းဆုံအောင် မကြည့်တာက မှားယွင်းတဲ့ပုံရိပ်ကို ပေးသလိုဖြစ်စေပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံရာမှာ တစ်ယောက်ယောက်ကို  လုပ်ငန်းကတ်ပေးတာက သင့်တော်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက လုပ်ငန်းကတ်ပြန်မပေးရင် စိတ်ကသိကအောက် မဖြစ်သင့်ပါဘူး။ သြစတြေးလျ လူမျိုးတွေဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲတွေမှာ လုပ်ငန်းကတ်ဖလှယ်ကြမှာ မဟုတ်ပါဘူး။

[caption id="attachment_25859" align="alignnone" width="370"]Ross Bray
Senior Trade Commissioner
Austrade Yangon[/caption]

စီးပွားရေးကျင့်ဝတ်နှင့် ဖွဲ့စည်းမှုဘောင် . . .

သြစတြေးလျနိုင်ငံမှာ သာတူညီမျှမူဝါဒ အစဉ်အလာရှိ ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ဆောင်ဖို့ လွယ်ကူတဲ့နေရာဖြစ်နေပါတယ်။ သြစတြေးလျလူမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် အရေးပါအရာရောက်တဲ့ ပုံစံမျိုးမဖြစ်ဖို့ သတိထားကြပါတယ်။ ဒါက မရိုးသားတာ မဟုတ်ပါဘူး။ သိုသိပ်စွာနေထိုင်တတ်မှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် လူတစ်ယောက်ဟာ တချို့နယ်ပယ်မှာ အတွေ့အကြုံရှိတယ်လို့ မပြောတိုင်း အရည်အချင်း မရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။ စီးပွားမိတ်ဖက်ဟာ ဝတ်ကောင်းစားကောင်း မဝတ်ဆင်တိုင်း သူ့ကို မအောင်မြင်တဲ့သူလို့ သတ်မှတ်လို့ မရပါဘူး။ သင့်တော်တဲ့တိုက်ရိုက်မေးခွန်းတွေဟာ  ရိုးသားမှန်ကန်တဲ့အဖြေကို ရရှိစေမှာ ဖြစ်ပါတယ်။ သြစတြေးလျလူမျိုးတွေဟာ အလုပ်ကောင်းကောင်းလုပ်တာကြောင့် ချီးမွမ်းလေ့မရှိပါဘူး။ သူတို့ဟာ လူတိုင်းအကောင်းဆုံး လုပ်ဆောင်တယ်လို့ မှတ်ယူထားကြလေ့ရှိပါတယ်။ မိတ်ဆွေကို တန်ဖိုးထားပြီး အပြန်အလှန်လေးစားမှုနဲ့ အကျိုးရှိတဲ့ဆက်ဆံရေးတွေဟာ အင်မတန်အရေးကြီးတယ်လို့ ခံယူကြပါတယ်။

ဒါအပြင် အာဏာရှင်တွေနဲ့ ဘဝင်မြင့်နေသူတွေကို ယုံကြည်လေ့ မရှိပါဘူး။ အချိန်တိုင်း သိုသိုသိပ်သိပ် နေတတ်ကြပါတယ်။ ကြွယ်ဝချမ်းသာမှု၊ ပညာရေး၊ အောင်မြင်မှု စတာတွေဟာ သူတို့တွေအတွက်ကို အထင်ကြီးစရာ မဖြစ်စေပါဘူး။

စီးပွားရေးလုပ်ငန်းခွင်မှာ ဝတ်ဆင်သင့်တဲ့ အဝတ်အစား . . .

အမျိုးသားတွေအနေနဲ့ စီးပွားရေးဝတ်စုံကိုသာ ဝတ်ဆင်သင့်ပြီး အမျိုးသမီးတွေအနေနဲ့လည်း စကတ်နဲ့ရုံး အင်္ကျီ၊ ရုံးအင်္ကျီနဲ့ပန့်(ရုံးတက်ဘောင်းဘီ)၊ ဘလောက်စ်နဲ့စကတ်၊ ဒါမှမဟုတ် ဂါဝန်နဲ့အပေါ်ထပ်အင်္ကျီကို ဝတ်ကြပါတယ်။ ကုမ္ပဏီအသေးစား၊ ဒါမှမဟုတ် ကျေးလက်ဒေသတွေမှာဆိုရင် Necktie နဲ့ Suit ဝတ်ဆင်ဖို့ မလိုပါဘူး။ လက်ဝတ်ရတနာနဲ့ အဆင်တန်ဆာတွေ ဝတ်ဆင်တာကို ရှောင်သင့်ပါတယ်။ ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်ပြသတာမျိုးကို သြစတြေးလျ လူမျိုးတွေက ပြုလေ့ပြုထမရှိပါဘူး။

ဆုံးဖြတ်ချက်ချခြင်း . . .

ယေဘုယျအနေနဲ့တော့ သြစတြေးလျလူမျိုးတွေဟာ ရလဒ်ကိုဦးတည်ကြပါတယ်။ ဆုံးဖြတ်ချက် မြန်မြန်ချရတာကို နှစ်သက်ပြီး အမြန်လက်တွေ့အကောင်အထည် ဖော်ကြလေ့ရှိပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ဆုံးဖြတ်ချက်ပြုလုပ်သူ တစ်ဦးတည်းရှိပြီး ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်ရပါတယ်။ များသောအားဖြင့် သြစတြေးလျလူမျိုးတွေဟာ ရှေးရိုးစွဲတွေ ဖြစ်ကြပါတယ်။ သူတို့တွေ ဆုံးဖြတ်ချက်ချတဲ့ လုပ်ဆောင်ချက်တော်တော်များများမှာ ဒါကိုထင်ဟပ်စေပါတယ်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ တီထွင်ဆန်းသစ်မှုအသစ်ကို အဆိုတင်သွင်းလာရင် သဘောမတူခင် အချိန်ယူပြီး စဉ်းစားလေ့ရှိကြပါတယ်။ ဈေးဆစ်တာနဲ့ ညှိနှိုင်းမှုယူတာကို ယေဘုယျအနေနဲ့ ပြုလုပ်လေ့မရှိကြပါဘူး။ ကနဦးအဆင့်မှာသာ ညှိနှိုင်းမှုကို ပြုလုပ်ကြပါတယ်။ မျှတတဲ့သဘောတူညီချက်ဖြစ်ရင် ကမ်းလှမ်းမှုလုပ်ပြီး ယင်းနည်းတူ သင့်ကိုလည်း ပြုလုပ်ဖို့ မျှော်လင့်ကြပါတယ်။ တကယ်လို့ ဈေးနှုန်း အလွန်မြင့်မားတာ၊ ဒါမှမဟုတ် နှိမ်တာမျိုးဖြစ်ရင် ညှိနှိုင်းမှုဆက်မလုပ်တော့ဘဲ ထွက်သွားမှာဖြစ်ပါတယ်။

ချိန်းဆိုရာတွေ . . .

ချိန်းဆိုရာမှာ ကြိုတင်ရက်ချိန်း သတ်မှတ်တာဟာ အချိန်ဇယားညှိဖို့ လွယ်ကူစေပါတယ်။ ဆွေးနွေးပွဲတွေဟာ အချိန်အတိအကျ စတင်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ်ကနောက်ကျနိုင်တယ်ဆိုရင် ကြိုတင်အကြောင်းကြား ထားသင့်ပါတယ်။ သြစတြေးလျလူမျိုးတွေဟာ ပေါ့ပေါ့ပါးပါးဖြစ်ပေမဲ့ စီးပွားရေးလုပ်ဆောင်ရာမှာ ပေါ့ပျက်ပျက်မလုပ်ကြပါဘူး။ ရာထူးမြင့်အရာရှိတွေဟာ သူတို့ရဲ့ပထမနာမည်နဲ့ စတင်မိတ်ဆက်ပြီး ရာထူးအဆင့်ကိုတော့ ဖော်ပြလေ့မရှိပါဘူး။ သူတို့တွေဟာ တစ်စုံတစ်ယောက်သောသူကို တာဝန်ခွဲေ၀ ပေးအပ်ပြီး သူ့ကို တာဝန်ခံနိုင်တဲ့သူဖြစ်လာဖို့ မျှော်မှန်းထားကြလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆက်ဆံပုံကိုကြည့်ပြီး သူ့ရဲ့ရာထူးအဆင့်ကို ခန့်မှန်းနိုင်ပါတယ်။

သြစတြေးလျလူမျိုးတွေဟာ အတင်းထိုးရောင်းတဲ့ ရောင်းနည်းစနစ်ကို မကြိုက်ပါဘူး။ သူတို့တွေဟာ တိုက်ရိုက်ပွင့်လင်းမှုနဲ့ ကောင်းကျိုးဆိုးကျိုးနှစ်မျိုးလုံးကို ပွင့်ပွင့်လင်းလင်းတင်ပြမှုကို ပိုတန်ဖိုးထားကြပါတယ်။ သြစတြေးလျလူမျိုးတွေဟာ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင်မကြိုက်ဘူးလို့ တိုက်ရိုက်ပြောလေ့ရှိပါတယ်။ သူတို့ဟာ အားနည်းတယ်ဆိုတဲ့ စကားလုံးကို သုံးလေ့မရှိပါဘူး။ ဒါဟာ အာရှနဲ့သြစတြေးလျ ဆက်ဆံရေးတချို့မှာ ကြီးမားတဲ့ပြဿနာဖြစ်ပါတယ်။

ဘာသာစကား . . .

သြစတြေးလျနိုင်ငံဟာ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အင်္ဂလိပ်လိုသာ ပြောဆိုကြတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Appointment ယူမယ်ဆိုရင် . . .

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Appointment လုပ်မယ်ဆိုရင် ကိုယ့်လုပ်ငန်းအကြောင်းနဲ့ တွေ့ဆုံလိုတဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်းပြောပြသင့်ပါတယ်။ အီးမေးလ်၊ ဖက်စ်၊ ဒါမှမဟုတ် စာတိုပေးပို့ရမယ်။ နှစ်ရက်၊ သုံးရက်လောက်စောင့်ပြီး တစ်ဖက်က အကြောင်းမပြန်ရင် Follow up ပြုလုပ်သင့်ပါတယ်။

တစ်ဦးနဲ့တစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံရာမှာ လက်ဆောင်ပေးသင့် ၊ မသင့် . . .

သြစတြေးလျလူမျိုးတွေဟာ အလည်သွားတဲ့အခါမှာ လက်ဆောင်ပေးလေ့မရှိပါဘူး။ လက်ဆောင်ကို လက်ခံဖို့လည်း ဝန်လေးပါတယ်။ ဒါပေမဲ့ အာရှစီးပွားရေး လုပ်ထုံးကိုနားလည်ပြီး အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေဟာ လက်ဆောင်ကို Meeting အဆုံးမှာ လက်ခံလေ့ရှိပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေကို ငြင်းပယ်တာ၊ ဒါမှမဟုတ် အစိုးရအရာရှိတွေနဲ့ အဖွဲ့အစည်းကြီးတွေဆီကို အပ်နှံတာမျိုးကို ပြုလုပ်ကြပါတယ်။

Meeting မှာ အဆင်ပြေသွားရင် ဘာဆက်လုပ်ရမလဲ . . .

ကုမ္ပဏီနဲ့စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားကြောင်း အတည်ပြုပြီးနောက် ယင်းကုမ္ပဏီနဲ့ Follow up ပြုလုပ်ဖို့ အရေးကြီးပါတယ်။ သူတို့ကို စဉ်းစားဆုံးဖြတ်ချိန်ပေးပါ။ သူတို့မေးစရာမေးခွန်းရှိလာရင် သင့်ကို ဆက်သွယ်ပါလိမ့်မယ်။ နှစ်ရက်၊ သုံးရက်လောက် အဆက်အသွယ်ပြတ်သွားရင် Follow up ကို အစပြုပါ။

လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ ဘယ်လိုအကြောင်းအရာတွေကို ပြောခြင်းဖြင့် ရင်းနှီးမှုတည်ဆောက်မလဲ။ Small Talk အများစုဟာ ရာသီဥတုအခြေအနေနဲ့ နိစ္စဓူ၀ အခြေအနေတွေ ဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေဟာ အားကစားအကြောင်းပြောရတာကို နှစ်သက်ပါတယ်။ ဆောင်းရာသီမှာ Australian Rules Football ကို Victoria ပြည်နယ်၊ တောင် Australia ၊ Tasmania နဲ့ အနောက် Australia မှာ ပြောကြပြီး Queensland ၊ New South Wales ၊ The Northern Territory နဲ့ the ACT မှာ Rugby League အကြောင်း ဆွေးနွေးပြောဆိုကြပါတယ်။ Cricket နဲ့ Tennis ကိုတော့ နွေရာသီမှာ ပြောကြပါတယ်။

ပထမအကြိမ်တွေ့ဆုံရာမှာ အဆင်မပြေရင် MD ၊ ဒါမှမဟုတ် CEO နဲ့ တွေ့ဖို့ တောင်းဆိုသင့်ပါသလား . . .

အကောင်းဆုံးကတော့ ပထမဦးဆုံးတွေ့ဆုံခဲ့သူရဲ့ လမ်းညွှန်မှုနဲ့ နောက်ထပ်တွေ့ဆုံပွဲလုပ်နိုင်ဖို့ အကူအညီတောင်းပါ။

သြစတြေးလျလူမျိုးများရဲ့ စားပွဲအမူအကျင့် . . .

သြစတြေးလျနိုင်ငံဟာ ယဉ်ကျေးမှုအမျိုးအစား အင်မတန်များပြီး အမျိုးမျိုးသော အစားအစာကို စားကြပါတယ်။ အစားအသောက်ပိုင်းမှာ စူးစမ်းစားသောက်ကြပါတယ်။ သြစတြေးလျ လူမျိုးတွေဟာ ဓားနဲ့ ခက်ရင်းကို စားသောက်ရာမှာ အသုံးပြုကြပါတယ်။ လုပ်ငန်းရှင်တွေ နေ့လယ်စာစားပွဲမှာ အရက်ကိုသောက်လေ့ရှိပါတယ်။ မသောက်ချင်လည်း ယဉ်ယဉ်ကျေးကျေး ငြင်းပယ်နိုင်ပါတယ်။

မြန်မာစီးပွားရေးသမားတွေအနေနဲ့ သြစတြေးလျနိုင်ငံကို သွားရာမှာ သိထားသင့်တာတွေ . . .

ကြေညာလက်ကမ်းစာစောင်ကို ယူသွားပါ။ စောစောကြိုရောက်နေဖို့ အစီအစဉ်ကိုသေချာဆွဲပါ။ ဖြစ်နိုင်ရင် လေယာဉ်မထွက်ခင် Meetings ကို အတည်ပြုပါ။

အယ်ဒီတာအဖွဲ့