အလုပ်ကိစ္စနဲ့ ဗီယက်နမ်သွားမယ်ဆိုရင်

မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဗီယက်နမ်ကို သွားတဲ့အခါမှာ ဘာတွေပြင်ဆင်သွားဖို့လိုပါသလဲ . . .

ဗီယက်နမ်ရဲ့ စီးပွားရေးအချက်အချာမြို့က ဟိုချီမင်းမြို့ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုချီမင်းမြို့ကိုအခြေခံပြီး ဒီမေးခွန်းကို ဖြေပါ့မယ်။ ဗီယက်နမ်မှာ စီးပွားရေးလုပ်တာက တခြားနိုင်ငံတွေမှာ စီးပွားရေးလုပ်တာနဲ့ သိပ်အများကြီးတော့ မကွာလှပါဘူး။ ဗီယက်နမ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ လိပ်စာကတ်ကို မပါမဖြစ် ယူသွားဖို့လိုပါတယ်။ အဝတ်အစားနဲ့ပတ်သက်ရင်တော့ ကိုယ်နှစ်သက်တာ ကိုယ်ဝတ်နိုင်ပါတယ်။ သူတို့နဲ့တွေ့တဲ့အခါမှာ လုံချည်ဝတ်သွားမယ်ဆိုရင်တော့ နည်းနည်းတော့ ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့ ဗီယက်နမ်မှာက ကိုးကွယ်မှုတွေ၊ ယဉ်ကျေးမှုတွေနဲ့ပတ်သက်ပြီး လက်မခံတာမျိုး သိပ်ပြီးမရှိလှပါဘူး။ ဒါကြောင့် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအဝတ်အစား ဒီဇိုင်းကိုပဲဝတ်ဝတ် သူတို့တွေက နည်းနည်းထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်ကောင်းကြည့်နိုင်ပေမဲ့ ဆွေးနွေးရမယ့် အလုပ်ကိစ္စနဲ့ပတ်သက်ရင်တော့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဗီယက်နမ်မှာ လုပ်ငန်းစပြီး လုပ်ချင်တယ်ဆိုရင်တော့ မြန်မာပြည်မှာလိုပါပဲ၊ အရင်ဆုံး စီးပွားဖက်ပါတနာရှာဖို့လိုပါတယ်။ ဘယ်လောက်ကြီးတဲ့ လုပ်ငန်းကို လုပ်ချင်တယ်ဆိုတဲ့ပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်နဲ့တွေ့ဖို့ ဘယ်လိုအဝတ်အစားမျိုး ဝတ်တာက ပိုပြီးအဆင်ပြေစေမလဲ . . .

များသောအားဖြင့်တော့ ဘောင်းဘီရှည်နဲ့ ကော်လာပါတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်သင့်ပါတယ်။ တခြားအဝတ်အစားတွေ ဝတ်ရင်တော့ နည်းနည်းထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ တခြားအဝတ်အစားတွေ ဝတ်သွားချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်မအတွေ့အကြုံအရတော့ ဘယ်နိုင်ငံကိုပဲသွားသွား နည်းပညာပိုင်းလုပ်ငန်းရှင်တွေနဲ့ တွေ့မယ်ဆိုရင် ဂျင်းပင်နဲ့တီရှပ်ကို ဝတ်တာက အဆင်ပြေပါတယ်။ ဘဏ်လုပ်ငန်းရှင်တို့လို လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့မယ်ဆိုရင်တော့ အနောက်တိုင်းဝတ်စုံ ဝတ်စုံပြည့်ဝတ်ဆင်သွားပါ။ များသောအားဖြင့် သူတို့တွေကလည်း အဲဒီအတိုင်းပဲ ဝတ်ဆင်တတ်ကြပါတယ်။

jzoo1

ပထမဆုံးတွေ့ဆုံတဲ့အခါမှာ ဘယ်အကြောင်းအရာတွေ ပြောသင့်ပါသလဲ . . .

ဒီမှာလိုပါပဲ။ အရင်ဆုံးတော့ ကိုယ်နဲ့တွေ့ဆုံတဲ့လူနဲ့ လက်ဆွဲနှုတ်ဆက်ပါ။ သူတို့တွေကလည်း အာရှလူမျိုးတွေပဲ ဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းအကြောင်းတွေ မပြောခင်မှာ အာရှသားတွေရဲ့အကျင့်တွေအတိုင်းပဲ ကျန်းမာရေးအကြောင်း၊ မိသားစုအကြောင်း ပြောတာတွေက အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ အိမ်နီးချင်းတွေအကြောင်းတွေ၊ အလှအပနဲ့ ပတ်သက်တာတွေကိုလည်း ပြောတာကလည်း အဆင်ပြေပါတယ်။

ဒါဆိုရင် မပြောသင့်တဲ့အကြောင်းအရာတွေကော ရှိပါသလား . . .

အစိုးရနဲ့ပတ်သက်တာတွေတော့ မပြောတာကောင်းပါတယ်။ ဗီယက်နမ်မှာက ကွန်မြူနစ်ပါတီ ကြီးစိုးတာဖြစ်တဲ့အတွက် အစိုးရနဲ့ပတ်သက်တာတွေ မပြောတာ ကောင်းပါတယ်။ ဘာသာတရားနဲ့ပတ်သက်တာတွေ၊ ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ ပြောရင်တောင်မှ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်သလို၊ ပြဿနာလည်း မရှိလှပါဘူး။ ဘာသာရေးတို့၊ ယဉ်ကျေးမှုတို့နဲ့ပတ်သက်တာက မြန်မာပြည်မှာဆိုရင် တော်တော်လေးကို ဆတ်ဆတ်ထိမခံတဲ့ အကြောင်းအရာတွေဖြစ်တယ်ဆိုပေမဲ့ ဗီယက်နမ်မှာတော့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ပြောဆို၊ ဆွေးနွေးနိုင်ပါတယ်။ ဗီယက်နမ်လူမျိုးတွေမှာ ကိုးကွယ်မှုတွေကလည်း အမျိုးမျိုးရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ မပြောသင့်တဲ့အကြောင်းအရာဆိုရင်တော့ အစိုးရနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါပဲ။

jzoo2

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Dinner ပွဲတွေမှာ ကြုံတဲ့အခါမှာ သောက်စရာကမ်းလှမ်းလာရင် မသောက်ဖို့ ငြင်းဆိုနိုင်ပါသလား . . .

အကောင်းဆုံးကတော့ လက်ခံသောက်တာပါပဲ။ ဒါပေမဲ့ မသောက်တတ်ဘူး၊ မသောက်ချင်ဘူးဆိုရင် သူကမ်းပေးလာတဲ့ခွက်ကို ယူပြီးကိုင်ထားပါ။ မသောက်ဘူးလို့ မငြင်းလိုက်ဘဲနဲ့ ခွက်ကိုဒီအတိုင်းကိုင်ထားပြီး စကားပြောနိုင်ပါတယ်။ သူတို့က သောက်ဖို့တောင်းဆိုရင်တော့ မသောက်တတ်တဲ့အကြောင်း ပြောပြီးငြင်းဆိုပါ။ သူတို့က သင့်အတွက်မှာထားပြီးသားဖြစ်နေရင်တော့ လက်ခံပြီး ယူထားတာက ယဉ်ကျေးရာကျပါတယ်။ မသောက်ချင်ရင်တော့ ခွက်ကိုကိုင်ထားလိုက်ပေါ့။

ဖြည့်စွက်ချင်တာရှိရင် . . .

ကျွန်မအနေနဲ့ အာရှနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေက တော်တော်များများတူညီတဲ့အတွက် ဗီယက်နမ်ကို စီးပွားရေးကိစ္စသွားမယ်ဆိုလည်း သိပ်တော့အခက်အခဲ ရှိမှာမဟုတ်ပါဘူး။ နောက်ပြီး တကယ်လို့ ဗီယက်နမ်ကို သွားလို့ သူတို့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ တစ်ခုခု လုပ်မိရင်တောင် သင်ကသူတို့လူမျိုးမဟုတ်ဘူးဆိုပြီးတော့ပဲ တချို့ကိစ္စမျိုးတွေ လျစ်လျူရှုလိုက်တာမျိုးတွေ တွေ့ပါလိမ့်မယ်။ မပြောမဖြစ်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ သင့်ကိုနောက်မလုပ်မိအောင် နှစ်ကိုယ်ကြား ယဉ်ယဉ်ကျေးကျေးပြောတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုအမှားလုပ်မိမှာကို သိပ်အများကြီး စိုးရိမ်နေရာ မလိုပါဘူး။