အရက်သောက်ခြင်းက ကျန်းမာရေးကို မြှင့်တင်ပေးတာလား၊ ဆိုးရွားစေတာလား

အရက်သောက်ပြီလို့ပြောတာနဲ့ ဘယ်ပမာဏက သိပ်ကိုများတယ်လို့ ဆိုလိုတာပါလဲ။ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို အတူတကွလေ့လာပြီး ဘယ်လိုလက္ခဏာတွေဆိုရင် သင်အရက်သောက်တာ များနေပြီကို သိနိုင်မလဲဆိုတာကြည့်ရအောင်။

Alcohol1

လေ့လာမှုများစွာမှာ ဖော်ပြပြီးဖြစ်သလိုပါပဲ အရက်အနည်းငယ်သောက်ခြင်းက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ Dr.NOvey (Md, an integrative medicine physician with the Advocate Medical Group in Park Ridge, III) ကတော့ အမျိုးသမီးတွေကတော့ တစ်ရက်ကို တစ်ခွက်ခန့်သောက်သုံးသင့်ပြီး အမျိုးသားတွေကတော့ တစ်ရက်ကို တစ်ခွက်ကနေ နှစ်ခွက်အထိ သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။ ပမာဏ ကွာခြားရခြင်းအကြောင်းကတော့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရက်ကို တုံ့ပြန်ပုံချင်းကွာခြားလို့ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သင်က တစ်ခွက်ပါပဲလို့ပြောတဲ့အခါမှာ အဲဒီတစ်ခွက်ရဲ့ပမာဏက သက်ရောက်မှုတွေရှိနေပါတယ်လို့ Novey က ထပ်လောင်းပြောပါတယ်။

U.S Department of Agriculture ရဲ့ ပြောကြားချက်အရ အရက်တစ်ခွက်က

- ဘီယာ ၁၂ အောင်စ

- ဝိုင် ငါးအောင်စ၊ ဒါမှမဟုတ်

- အရက်ပြန် တစ်အောင်စ ခွဲလောက်နဲ့ ညီမျှပါတယ်။

အရက်များစွာသောက်ခြင်းရဲ့ အန္တရာယ်တွေကတော့ . . .

ကံဆိုးစွာနဲ့ပဲ တချို့လူတွေဟာ တစ်ခွက် နှစ်ခွက်နဲ့ မရပ်တန့်နိုင်ပါဘူး။ အရက်များစွာသောက်ခြင်းက ကျန်းမာရေးဆိုးကျိုးတွေ ဆက်တိုက်ဆိုသလို လိုက်ပါနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းက အသည်းကို ပျက်စီးစေပါတယ်။ ရလဒ်အနေနဲ့က အသည်းခြောက်ပြီး သေစေနိုင်တဲ့ရောဂါဖြစ်လာပါတယ်။ အရက်များစွာသောက်တဲ့အခါ သွေးတိုးပြီး၊ နှလုံးကို ထိခိုက်နိုင်ပါတယ်။ ဒါအပြင် ကင်ဆာရောဂါတွေများစွာ ဖြစ်စေပါတယ်။ ပါးစပ်၊ အစာပြွန်၊ရင်သား၊ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ပါသောက်တဲ့သူဆိုရင်တော့ ကျန်းမာရေးဆိုးကျိုးတွေက ဒီထက်ပိုများလှပါတယ်။

အရက်အလွန်အကျွံသောက်ခြင်းက မိမိကိုယ်တိုင်သာမကဘဲ မိမိမိတ်ဆွေ၊ မိသားစုနဲ့ အပြစ်မဲ့တဲ့ အနီးအနားက သူတွေကိုပါ ထိခိုက်စေပါတယ်။ National Institute of Alcohol Abuse and Alcoholism ရဲ့ ဖော်ပြချက်အရတော့ ကားတိုက်လို့ နှစ်စဉ်သေဆုံးတဲ့ လူ ၁၆,၀၀၀ လောက်ဟာ အရက်သောက်ပြီး မောင်းတဲ့သူတွေ ပါဝင်ပါတယ်လို့ ပြောပါတယ်။ တခြားအချက်အလက်တွေအရတော့ အကြမ်းဖက်ပြစ်မှုတွေမှာလည်း သုံးမှုမှာ တစ်ခုက အရက်သောက်သုံးထားခြင်းရှိတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ အရက်သောက်ခြင်းက စိတ်ဓာတ်ကျစေပါတယ်။ လူတွေကို မပျော်ရွှင်စေဘဲ စိတ်ညစ်အောင်ပဲ ဖန်တီးပေးပါတယ်လို့ Novey က ပြောပါတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ လူတွေဟာ မိမိကိုယ်ကိုယ်ကိုရော မိမိချစ်ရတဲ့သူတွေကိုပါ မမျှော်လင့်ဘဲ ပြဿနာတွေ ဖန်တီးပေးကြပါတယ်။

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာများ . . .

သင်သိတဲ့သူတစ်ယောက်က အရက်သောက်တဲ့ ပြဿနာရှိတဲ့သူဆိုရင် သင်ဘယ်လိုပြောမလဲ၊ သမားတော်တွေ အမြဲတမ်းသုံးတဲ့ CAGE Test ဆိုတာရှိတယ်။

Cutting Down - ငါအရက်ဖြတ်ရတော့မယ်လို့ သင်အမြဲတွေးမိပြီလား။

Annoyance by criticism - သင်အရက်သောက်တာကို သူများတွေက အပြစ်တင်ပြောဆိုတဲ့အခါ စိတ်ရှုပ်လာပြီလား။

Guilty Feeling - အရက်သောက်တာကို အပြစ်ရှိသလို ခံစားလာရပြီလား။

Eye-openers - သင့်အကြောတွေ နေလို့ကောင်းသွားအောင်၊ ဒါမှမဟုတ် အရက်ကြောင့် ပင်ပန်းတာတွေ လျော့အောင် မနက်မိုးလင်းတာနဲ့ အရက်အရင်သောက်ရတာမျိုး ရှိပြီလား။

တကယ်လို့ အပေါ်မှာ ဖော်ပြသလိုမေးခွန်းတွေထဲက တစ်ခုဖြစ်နေပြီဆိုရင်တော့ သင်ဟာ အရက်ကို စွဲစွဲလမ်းလမ်း ဖြစ်နေပြီဖြစ်ပြီး အကူအညီလိုအပ်နေပါပြီလို့ Novey ကပြောပါတယ်။

Alcohol2

တခြားလက္ခဏာတွေကတော့ . . .

- သင်စသောက်ပြီဆိုတာနဲ့ ရပ်လို့မရတော့ခြင်း။

- အလုပ်မှာ ပြဿနာတွေ စတင်ဖြစ်လာခြင်း။

- အခြားလူတွေက သင်အရက်သောက်တာကို သတိထားမိပြီး ဝေဖန်မှုတွေ ရှိလာခြင်း။

- သင်အရက်သောက်ချိန်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သင်ပြန်မမှတ်မိခြင်းတို့ပဲ ဖြစ်ပါတယ်။

သင်သိထားရမယ့်အချက်ကတော့ အမျိုးသမီးတွေ တစ်ရက်ကို တစ်ခွက်၊ အမျိုးသားတွေ တစ်ရက်ကို နှစ်ခွက်ထက် ပိုမသောက်ဘူးဆိုရင်တော့ လုံခြုံမှုရှိသလို သင့်ရဲ့နှလုံးကိုတောင် ကျန်းမာစေပါတယ်။ တစ်ဖက်မှာတော့ အရက်အလွန်အကျွံသောက်သုံးခြင်းက နောက်ဆက်တွဲ ပြဿနာများစွာ ရှိနေနိုင်ပါတယ်။ သင်ဟာ အရက်သောက်တာနဲ့ပတ်သက်ပြီး ပြဿနာရှိနေပြီ ဒါမှမဟုတ် သင်ချစ်ရတဲ့သူတွေမှာ အရက်ကြောင့် ဒုက္ခရောက်တော့မယ်ဆိုရင်တော့ အကူအညီယူပြီး ကုသဖို့ပြင်ဆင်ပါ။ ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ခင် သင့်မိသားစု သမားတော်ကို ပြောပြခြင်း၊ ဒါမှမဟုတ် အရက်ဖြတ်ဖို့ ကူညီထောက်ပံ့တဲ့အဖွဲ့တွေနဲ့ တိုင်ပင်ခြင်းပြုလုပ်ပါ။

အဒိုနီရမ်