ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်ရှိ စတော့အိတ်ချိန်းရုံး (ယခင်မြဝတီဘဏ်ဟောင်း) မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ သရေစည်သူ ဦးဉာဏ်ထွန်း က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Tateshi Higuchi ၊ ဂျပန်နိုင်ငံဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု အေဂျင်စီရဲ့ Commissioner Nobuchika Mori ၊ Daiwa Securities Group Inc ရဲ့ President & CEO Takashi Hibino နဲ့ ဂျပန်နိုင်ငံ တိုကျိုစတော့အိတ်ချိန်းရဲ့ President & CEO နဲ့ ဂျပန် Exchange Group ရဲ့ ဒါရိုက်တာဖြစ်သူ Koichiro Miyahara ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျိုစတော့အိတ်ချိန်း က ၁၈.၇၅ ရာခိုင်နှုန်းနဲ့ Daiwa Institute of Research က ၃၀.၂၅ ရာခိုင်နှုန်း အသီးသီးထည့်ဝင် အကောင်အထည်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများကို ကြေညာရာ First Myanmar Investment (FMI) ကုမ္ပဏီလီမိတက်၊ First Private Bank လီမိတက်၊ Great Hor Kham Public ကုမ္ပဏီလီမိတက်၊ Myanmar Agribusiness Public Corporation (MAPCO) လီမိတက်၊ Myanmar Citizen ဘဏ်လီမိတက်နဲ့ မြန်မာသီလဝါ SEZ Holding ကုမ္ပဏီတို့က စတော့အိတ်ချိန်းစာရင်းဝင်ခွင့်ရရှိခဲ့ပေမဲ့ ရှယ်ယာရောင်းချခွင့်ကိုတော့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒါမှမဟုတ် မတ်လမှသာ စတင်နိုင်မယ်ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်းအဝယ်လုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Securities (ကိုယ်စားလှယ်) ကုမ္ပဏီအတွက် ကုမ္ပဏီဆယ်ခုကိုလျာထားရာ ပထမဆုံးအနေနဲ့ KBZ Stirling Coleman Securities ကုမ္ပဏီကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ ICT Department ၊ Listing Department နဲ့ Administration Department စတဲ့ Department သုံးခုနဲ့ စတင်သွားမှာဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း (YSX) ရဲ့ Update သတင်းတွေကို www.ysx.com မှာ တင်ပေးသွားမှာဖြစ်တယ်လို့ YSX က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ရှယ်ယာတွေကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒါမှမဟုတ် မတ်လမှ စတင်အရောင်းအဝယ်ပြုလုပ်နိုင်မှာနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက မြန်မာနိုင်ငံဟာ စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီး နောက်ကျတာနှစ်ပေါင်းများစွာ ရှိပြီးဖြစ်ပါတယ်။ နည်းနည်းပိုနောက်ကျလို့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်အနေနဲ့ လက်ရှိစတော့အိတ်ချိန်း စာရင်းဝင်သွားတဲ့ ကုမ္ပဏီတွေကို အလောသုံးဆယ်နဲ့ ရှယ်ယာထုတ်ရောင်းဖို့ အားမပေးထားဘဲ အေးအေးဆေးဆေး ရှယ်ယာထုတ်ရောင်းဖို့ပဲ အကြံပေးထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ စတော့အိတ်ချိန်းရှိဖို့ လိုအပ်ပါတယ်။ စတော့အိတ်ချိန်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်တဲ့ အင်္ဂါရပ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၈ နိုင်ငံရှိတဲ့အထဲမှာ ကိုးနိုင်ငံပဲ စတော့အိတ်ချိန်းမရှိသေးတာ ဖြစ်ပါတယ်။ အဲဒီကိုးနိုင်ငံထဲမှာ ခြောက်နိုင်ငံဟာ ကျွန်းစုနိုင်ငံလေးတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေက မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘရူနိုင်းဆိုတဲ့ နိုင်ငံသုံးနိုင်ငံပဲ သမိုင်းအစဉ်အလာရှိတဲ့ နိုင်ငံကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံဟာ စတော့အိတ်ချိန်းနဲ့ပတ်သက်ရင် အများကြီးနောက်ကျနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် အဲဒီလိုနောက်ကျနေတာကြောင့်လည်း ကျွန်တော်တို့အရင် စတော့အိတ်ချိန်းရှိတဲ့ နိုင်ငံတွေက ပြုလုပ်ခဲ့တဲ့ အမှားတွေကိုသိရှိပြီး ကြိုတင်ရှောင်ရှားထားနိုင်တယ်။ စတော့အိတ်ချိန်းဖွံ့ဖြိုးပြီး နိုင်ငံတွေက အကောင်းဆုံးအချက်တွေကို အတုခိုးလို့ ရလာပါတယ်။
မြန်မာနိုင်ငံရဲ့ စတော့အိတ်ချိန်းဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကိုလည်း အတော်ရရှိထားပါတယ်။ နောက်ပိုင်းမှာ စတော့အိတ်ချိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေဒီထက်ပိုမို သိရှိလာအောင် ဟောပြောပွဲတွေ၊ Seminer တွေအစရှိတဲ့ ပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ စတော့အိတ်ချိန်းဈေးကွက်ကို ပြည်တွင်းကုမ္ပဏီတွေနဲ့ပဲ စတင်ထားတယ်ဆိုပေမယ့် စတော့အိတ်ချိန်းဈေးကွက် တိုးတက်ဖို့ဆိုရင် မြန်မာကုမ္ပဏီတွေနဲ့တင် မလုံလောက်တော့ဘဲ နိုင်ငံခြားက ကုမ္ပဏီတွေပါ ပါဝင်လာဖို့လိုတဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံတကာကုမ္ပဏီတွေလည်း စတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီ (အများပိုင်ကုမ္ပဏီ)တိုင်းပါဝင်နိုင်ပေမယ့် အဲဒီကုမ္ပဏီတွေဟာ စတော့အိတ်ချိန်းဝင်ဖို့ သတ်မှတ်ထားတဲ့ စံနှုန်း ၁၇ ချက်နဲ့ ကိုက်ညီတဲ့ အများပိုင်ကုမ္ပဏီတွေ ဖြစ်ဖို့လိုပါတယ်။ နိုင်ငံတကာက စတော့အိတ်ချိန်းမှာ ပါဝင်နိုင်ဖို့ စံနှုန်းဆယ်ချက်ပဲ သတ်မှတ်ထားပေမဲ့ မြန်မာလူမျိုးတွေ နားလည်ရ ပိုပြီးလွယ်ကူစေဖို့အတွက် ၁၇ ချက် သတ်မှတ်ထားတာဖြစ်ပါ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ ၁၇ ချက်ဟာလည်း အဓိကအနေနဲ့ နံပါတ်တစ်ကုမ္ပဏီဟာ အမြတ်အစွန်းရရှိနိုင်တဲ့ ကုမ္ပဏီဖြစ်ဖို့၊ နံပါတ်နှစ် ရေရှည်ခိုင်မာမှုရှိဖို့နဲ့ နံပါတ်သုံးအချက်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ဆိုတဲ့ အချက်ကြီးသုံးချက်ပေါ်မှာ မူတည်ပြီးတော့ပဲ တိုင်းတာသတ်မှတ်ထားတာ ဖြစ်ပါတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းသတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားခဲ့ပါတယ်။
ကိုဒီ