အင်တာနက်လောက၏ ဆုံးရှုံးမှု

ကမ္ဘာ့နိုင်ငံများသည် Online ရေးသားမှုများကို ဆင်ဆာလုပ်လိုသည့်ဆန္ဒပိုမိုပြင်းပြလာလျက်ရှိသည်။ ထိုအချက်က နည်းပညာကုမ္ပဏီကြီးများအတွက် ခေါင်းခဲ စရာကိစ္စရပ်တစ်ခု ဖြစ်လာလိမ့်မည်။

၂၀၁၆ ခုနှစ်တွင်၊ WHO က ဗြိတိန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း (၂၀၀၇ ခုနှစ်အတွင်း) လူပေါင်း ၁၁၀,၀၀၀ ခန့် အသက်ဆုံးရှုံးစေခဲ့သော ဝက်သက်ရောဂါကင်းရှင်းပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုအောင်မြင်မှုက တာရှည်မခံခဲ့ပေ။၂၀၁၈ ခုနှစ်အတွင်း အင်္ဂလန်နှင့်ဝေလနိုင်ငံများအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူပေါင်း ၉၉၁ ဦးကိုတွေ့ရှိကြောင်း မှတ်တမ်းတင်အပြီးတွင် WHO က ဗြိတိန်၏ ဝက်သက်ကင်းရှင်းကြောင်း ကြေညာချက်ကို တရားဝင်ဖျက်သိမ်းခဲ့သည်။

ဝက်သက်ရောဂါကာကွယ်ဆေးက၊ ကလေးငယ်များအား Autism ဖြစ်စေနိုင်သည်ဆိုသည့် အယူအဆက (စင်စစ်မမှန်ကန်ပါ) နိုင်ငံများစွာတွင် (တစ်စိတ်တစ်ပိုင်းအားဖြင့်) ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုဖြစ်စေခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းကို ဆန့်ကျင်သူများကယင်းတို့၏အဓိပ္ပာယ်ကင်းမဲ့သော သတင်းများဖြန့်ချိရန်အတွက် Internet Forum များနှင့် Social Media တို့ကို အသုံးပြုနေကြသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည်။

ဗြိတိန်နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဖြစ်သူ Matt Hancock က ကျောင်းများနှင့် ဆရာဝန်များကဲ့သို့ပင် Facebook နှင့် Google တို့ကဲ့သို့သော ဧရာမအင်တာနက်ကုမ္ပဏီကြီးများသည်လည်း၊ ယင်းတို့၏ သုံးစွဲသူများအပေါ် “တာဝန်သိတတ်သည့်စိတ်ဓာတ်” ရှိသင့်ပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ပြောကြားခဲ့သည်။ အကယ်၍ ထိုကုမ္ပဏီများက မိမိတို့၏ကိုယ်ပိုင်အသိစိတ်ဖြင့် အရေးယူဆောင်ရွက်ခြင်းမရှိလျင် မိမိအနေနှင့် ယင်းတို့ထိုသို့လုပ်ကိုင်ရန်ဖိအားပေးရေးအတွက် ဥပဒေပြောင်းလဲဖို့ စဉ်းစားရတော့မည်ဖြစ်ကြောင်း Mr Hancock က ပြောကြားခဲ့သေးသည်။

သို့သော် ဤအဖြစ်အပျက်မှာ ဗြိတိန်တစ်နိုင်ငံထဲတွင်ဖြစ်ပျက်နေသည်တော့ မဟုတ်ပါ။ မကြာမီလပိုင်း များက အမေရိကားတွင်''အင်အားကြီးကုမ္ပဏီများ၏ ချယ်လှယ်မှုကို ဆန့်ကျင်တိုက်ခိုက်သော နိုင်ငံရေးသမား များက အင်တာနက်ကုမ္ပဏီကြီးများအား ခြိမ်းခြောက်နေခြင်းများအပေါ်'' အာရုံစိုက်လာကြသည်။ ယခုအခါ ယင်း ကုမ္ပဏီကြီးများသည် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဒုတိယတိုက်ခိုက်မှုကို အခြားနေရာတစ်ခုတွင် ရင်ဆိုင်နေကြရသည်။“အကြမ်းဖက်မှုတွန်းလှန်ရေး”မှသည် “ရွေးကောက်ပွဲလုံခြုံမှုရှိရေး” နှင့် “မိမိတို့ ကိုယ်ကိုထိခိုက်စေခြင်းများမှ ကာကွယ်ရေး” စသည့် အကြောင်းပြချက်များဖြင့်၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံရေးသမားများသည် နည်းပညာကုမ္ပဏီကြီးများ၏ ဝန်ဆောင်မှုများကို အသုံးပြုသည့် ရေးသားဖော်ပြမှုများအား ဆင်ဆာပြုလုပ်လိုသည့်ဆန္ဒ ပိုမိုပြင်းပြလာလျက်ရှိသည်။

အာဏာပိုင်အစိုးရများစွာသည် မိမိတို့နိုင်ငံသားများ၏ Online ကြည့်ရှုမှုများကို ကန့်သတ်တားမြစ်ထား ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် Twitter နှင့် Facebook တို့ အားလုံးဝပိတ်ပင်ခဲ့ပြီး အင်တာနက်ဖော်ပြမှုများအား အစောပိုင်းကတည်းက ပြင်းထန်စွာ စိစစ်ကန့်သတ်ထားခဲ့သည်။ အီရန်နိုင်ငံကလည်း Facebook ကို တရားမဝင်အဖြစ်သတ်မှတ်ထားသည်။ ဆော်ဒီအာရေးဗျနိုင်ငံတွင် လိင်တူဆက်ဆံသူများ၏ အခွင့်အရေးနှင့်တိုးတက်မှု ဖြစ်စဉ်မှသည် ရှီယိုက်မွတ်ဆလင်နှင့် သက်ဆိုင်သည့် အကြောင်းအရာအလုံးစုံကိုကန့်သတ်ပိတ်ပင်ခဲ့သည်။ ဒီမိုကရေစီစံနစ်ကျင့်သုံးသည့် နိုင်ငံများတွင်လည်း သဘောထားအပြုအမူများ တင်းမာလာခဲ့သည်။ နည်းပညာကုမ္ပဏီများသည် သာမန်ပိတ်ပင်မှုများအစား မိမိတို့ဝန်ဆောင်မှုများတွင် မည်သည့်အချက်အလက်များ တင်ပြနိုင်သည်ဆိုခြင်းအပေါ် ထိန်းချုပ်ကန့်သတ်သည့် ဥပဒေသစ်များဖြင့် ရင်ဆိုင်နေရသည်။

ဤအဖြစ်အပျက်များက “ယခုအချိန်ထိ နည်းပညာလွတ်လပ်သည့်အယူအဆဖြင့် လည်ပတ်နေသည့် နိုင်ငံတကာကုမ္ပဏီများအတွက်” ကြီးမားသည့်ပြောင်းလဲမှုတစ်ရပ်ပင်ဖြစ်သည်။ “အင်တာနက်ကုမ္ပဏီကြီး အများစုသည် အမေရိကန်အပြောအဆို အသုံးအနှုန်းကို အသုံးပြုကြသည်” ဟု ပွင့်လင်းသည့်အင်တာနက်သုံးစွဲမှု အတွက် စည်းရုံးနေသည့် Mozilla Foundation မှ Owen Bennett က ပြောကြားခဲ့သည်။ ယင်းက “အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး ဥပဒေပြင်ဆင်ချက်တွင်ပါရှိသော လွတ်လပ်စွာ ပြောဆိုသုံးနှုန်းနိုင်သည့် သဘောထားသည် အင်တာနက်အသုံးပြုခြင်းနှင့်အတူ ကမ္ဘာအဝန်းပျံ့နှံ့လိမ့် မည်ဟူသည့်ယူဆချက် တစ်ခုရှိခဲ့သည်” ဟုလည်း ပြောဆိုခဲ့သည်။

အင်တာနက်အသုံးပြုခါစ အရေးမပါလှသောအချိန်က လွတ်လပ်စွာပြောဆို ခြင်းနှင့်ပတ်သက်၍ အယူ အဆမတူညီသော တိုင်းပြည်များတွင်ဖြစ်ပေါ်သည့် သဘောထားကွဲလွဲမှုများအား လျစ်လျူရှုနိုင်သည့် အခြေ အနေတွင်ရှိခဲ့သော်လည်း၊ ယခုအချိန်တွင်မူ ယင်းသဘောထားကွဲလွဲမှုသည် ပိုမိုကြီးမားထင်ရှားသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်လျက် ပြန်လည်အတိုက်အခံပြုခြင်းများ ထွက်ပေါ်လာပြီဖြစ်သည်။

ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်းက စင်ကာပူနိုင်ငံတွင် Online အသုံးပြုလိမ်လည်မှုများကို ကာကွယ်ရန်အတွက် Protection from Online Falsehoods and Manipulation Act ကိုထုတ်ပြန်ခဲ့သည်။ နိုင်ငံငယ်လေး၏ လွှမ်းမိုးမှုရှိသောအစိုးရက ဤဥပဒေကို သတင်းအတုအပများဆန့် ကျင်သည့်ဥပဒေအဖြစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အများပြည်သူနှင့်ပတ်သက်သည့်ကိစ္စ ရပ်များကို အနှာက်အယှက်ဖြစ်စေမည့် Online လိမ်လည်မှုများပျံ့နှံ့ ခြင်းကိုတားဆီးထားပြီး၊ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေဒေါ်လာ တစ်သန်း သို့မဟုတ် ထောင်ဒဏ်ဆယ်နှစ်အထိ အမြင့် ဆုံးချမှတ်နိုင်ပေသည်။ “ပြည်သူလူထု၏အေးချမ်းတည် ငြိမ်မှု” သို့မဟုတ် “အစိုးရ၏ လုပ်ဆောင်မှုများအပေါ် ပြည်သူလူထု၏ယုံကြည်မှု”စသည်တို့အား ထိခိုက်စေ မည့် မုသား သတင်းတင်ဆက်သူတိုင်းကို အရေးယူ အပြစ်ပေးသည့် ဥပဒေဖြစ်သည်။ နည်းပညာကုမ္ပဏီများ အနေနှင့်“ဥပဒေချိုးဖေါက်သည့်သတင်းနှင့် တင်ပြမှုများ အားဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်အောင်တားဆီးဖို့၊ ထိုသတင်းများသည် သတင်းမှားများဖြစ်ကြောင်းအသိပေးရန်နှင့် ထိုသတင်းများအား တွေ့ရှိပြီးသွားသည့် သူများနှင့်လည်း အဆက်အသွယ်မပြတ်ရယူထားဖို့အထိ” လုပ်ဆောင်ပေးရနိုင်ပေသည်။

အစိုးရက စည်းမျဉ်းထိန်းချုပ်မှုအသစ်တစ်ခုကိုလည်း စိတ်ကူးမျော်မှန်းထားခဲ့သည်။ (နည်းပညာ ကုမ္ပဏီများ၏ကုန်ကျစရိတ်ဖြင့်) တားဆီးသည့်လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ဥပဒေချိုးဖောက်သော Website များအား ပိတ်ပင်ပြီး၊ Payment Processors သို့မဟုတ် Search Engines ကဲ့သို့သော အခြားကုမ္ပဏီများအား၊ အပြစ်ကျူး လွန်သောကုမ္ပဏီများနှင့် အတင်းအကျပ်အဆက်ဖြတ် စေခြင်း စသည်တို့ကိုလုပ်ဆောင်ရန်ဖြစ်သည်။ အထက် တန်းအုပ်ချုပ်သူများပင်လျင် ယင်းတို့မူရင်း ကုမ္ပဏီများ ၏ ပျက်ကွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအဖြစ် ထိန်းသိမ်းခံကောင်းခံရနိုင်ပေသည်။

နယူးဇီလန်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ဗလီဝတ်ကျောင်းအား အကြမ်းဖက်တိုက်ခိုက်မှုကို တိုက်ထုတ်လွှင့် မှုအပြီး၊ သြစတြေးလျအစိုးရ၏ Sharing of Violent Material Bill အားဧပြီလအတွင်းက အဆောတလျင် တင်သွင်းခဲ့သည်။ အနောက်တိုင်းနည်းပညာကုမ္ပဏီများက ထိုဥပဒေကြမ်းအား ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။ ယင်းပြဋ္ဌာန်းချက်အရ မည်သည့်နေရာတွင်အခြေပြုသည် ဖြစ်စေ ကုမ္ပဏီတိုင်းသည် ယင်းတို့၏ Server များတွင်ပေါ်လာသော အကြမ်းဖက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ဖော်ပြချက်မှန်သမျကို သြစတြေးလျနိုင်ငံတွင် (တစ်နာရီထက်နည်းသောအချိန်ပိုင်းအတွင်း) အသုံးပြု၍မရအောင်လုပ်ဆောင်ရန်ဖြစ်သည်။ ထိုသို့ ပြုရန်ပျက်ကွက်ခြင်းအတွက် ပြစ်ဒဏ်တွင်၊ ဒဏ်ကြေးအဖြစ် ထိုကုမ္ပဏီ၏ကမ္ဘာအရပ်ရပ်ဝင်ငွေပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့်၊ အလုပ်အမှု ဆောင်အရာရှိများအား ထောင်ဒဏ်ချမှတ်ခြင်းတို့ ပါဝင်ပေသည်။

တရားစီရင်ရေးဆိုင်ရာ သြဇာအာဏာသက်ဝင်မှုအရှိဆုံး အဖွဲ့အစည်းများအနက်တစ်ခုမှာ၊ အမေရိကန် များထက် စကားအသုံးအနှုန်းစည်းကမ်းကြီးပြီး ငွေကြေးချမ်းသာသောဖောက်သည် သန်းငါးရာတို့၏ ဈေးကွက် ဖြစ်သော EU (European Union) ဖြစ်သည်။ ယခုအချိန်တိုင်အောင် ယင်းအဖွဲ့ဝင်နိုင်ငံတစ်ခုစီသည် လုပ်ဆောင် စရာအများစုကို တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။ ဂျာမန်နိုင်ငံက ယင်း၏ “Netzwerkdurchsetzungsgesetz”(The Network Enforcement Act) ဥပဒေအား ၂၀၀၇ ခုနှစ် က အတည်ပြုခဲ့သည်။ ယင်းဥပဒေက လူမှုသတင်းဌာန ကုမ္ပဏီများအား ယင်းတို့နှင့်သက်ဆိုင်သော ဖော်ပြမှုများ တွင် သတင်းအတုအယောင်များနှင့် မုန်းတီးရေးပြောဆိုမှု များအား ဖျက်ဆီးပစ်ရန် ၂၄ နာရီ အချိန်ပေးထားပြီး ထို သို့ပြုရန်ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ပေါင်သန်း ၅၀ (ဒေါ်လာ ၅၆ သန်း) အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ ဇူလိုင်လအတွင်းက ပြင်သစ်နိုင်ငံတွင်လည်း အလားတူ ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။
သို့သော် University of Oxford ရှိ Reuters Institute for the Study of Journalism အား ဦးစီးလည်ပတ်နေသော Rasmus Nielsen က“ ဒီဇင်ဘာလက၊ စတင်ရုံးထိုင်ခဲ့သော European Commission အသစ်၏ ဦးစားပေးအလုပ်တစ် ခုမှာ ထိုကဲ့သို့သော ဥပဒေများပိုမိုထုတ်ပြန်ဖို့ဖြစ်ပြီး၊ နိုင်ငံ တစ်ခုစီ သီးသန့်ကိုင်တွယ်နေမည့်အစား၊ ဘယ်ဂျီယံ နိုင်ငံ Brussels တွင် ဦးဆောင်အခြေစိုက်ရုံး ဖွင့်ဖို့ဖြစ် ကြောင်း” ပြောဆိုခဲ့သည်။ နည်းပညာကုမ္ပဏီကြီးများအား ဒေါ်လာဘီလီယံများစွာပမာဏရှိသော ဒဏ်ငွေများ ချမှတ်ခြင်းဖြင့် နာမည်ကြီးခဲ့သော ဒိန်းမတ်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ Margrethe Vestager က ဦးဆောင်ကောင်း ဦးဆောင်မှာဖြစ်သည်။ Commission ၏ အကြံအစည်ဖြစ် သော“Digital Services Acts” တွင် “နိုင်ငံရေးနှင့်ပတ်သက်သော ကြေညာမှုများ” မှသည် “အကြမ်းဖက်ပါဝင်မှုများအထိ” ထိန်းချုပ်သည့် ဥပဒေများပါဝင်ဖွယ်ရှိပြီး၊ ယင်းဥပဒေအားလုံးကို စည်းမျဉ်းဥပဒေသစ်က အားဖြည့် ခိုင်မာစေမှာဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ကြိုးစားအားထုတ်မှုကပို၍ပင် အကျိုးဆက်ဖြစ်ပေါ်ပေလိမ့်မည်။ ကမ္ဘာပေါ်တွင် တရုတ် နိုင်ငံပြီးလျင် ဒုတိယအများဆုံးအဖြစ် အင်တာနက်သုံးစွဲ သူ သန်းငါးရာမျရှိပြီး ဆက်လက်၍လည်း လျင်မြန်စွာ တိုး ပွားလျက်ရှိသည်။ ယင်းအစိုးရသည် ဖေဖော်ဝါရီလက WhatsAppကဲ့သို့သော App တွင်ပါဝင်သည့် သတင်း အချက်အလက်များအား ဖုံးအုပ်ကာကွယ်ပေးသည့်စကား ဝှက်များကို အားနည်းစေမည့် နည်းလမ်းသစ်များအား အကြံပြုထားခဲ့သည်။ ယင်းအကြံပေးချက်က၊ အင်တာနက်အသုံးပြုသူများ ဥပဒေနှင့်မညီညွတ်သောအကြောင်း အရာများမဖတ်မိစေရေးအတွက် Internet Service Provider များအား Automatic Filtering Software တပ်ဆင်ရန် တွန်းအားပေးထားသည်။ ထို့ပြင် ကုမ္ပဏီများအနေနှင့် တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ သွေးဆောင်ဖြားယောင်းမှုများ အမုန်းတရာများပါရှိသည့် Video နှင့် Post များအားဖယ်ရှားပေးရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေသစ်များကို အနောက်နိုင်ငံရှိ ဧရာမကုမ္ပဏီကြီး များက သတိထားမိလာကြသည်။ စက်တင်ဘာလအတွင်း၊ ဗြိတိန်နိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ Facebook ၏ VP of Global Affairs and Communications ဖြစ်သူ Nick Clegg က Delhi မြို့ဟောပြောပွဲတစ်ခုတွင် အိန္ဒယအစိုးရအား ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။

အမေရိကန်နိုင်ငံ၌ပင်လျင် အင်တာနက်ကုမ္ပဏီ ကြီးများအချင်းချင်း အပြန်အလှန်ထောက်လှမ်း ထိန်းချုပ် မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုက ကြီးထွားလာလျက်ရှိသည်။ လူမှုရေးကွန်ရက်တစ်ခုဖြစ်သော Facebook ကုမ္ပဏီမှ ယင်း၏ကွန်ရက်များပေါ်တွင် Post များတင် ခြင်းအားစိစစ်သည့် လမ်းညွှန်ချက်တွင် နိုင်ငံရေးသမား များကို ကင်းလွတ်ခွင့်ပြုထားခြင်း အားကိုးကား၍ အမေရိကန်သမ္မတလောင်း Elizabeth Warren က Facebook ကုမ္ပဏီအား “ငွေကြေးရယူ၍ လိမ်လည်ပြောဆိုမှုများကို အားပေးအထောက်အကူပြုသည်” ဟုစွပ်စွဲခဲ့သည်။ Clegg က “ကျွန်တော်တို့ရဲ့Independent Factcheckers တွေဆီ ကို နိုင်ငံရေးသမားတွေရဲ့ ဟောပြောမှု တွေတင်ပြမပေးပါဘူး” ဟုမကြာမီကပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ပုံမှန်တင်ပြမှု စည်းမျဉ်းဘောင်တွေကို ကျော်လွန်သွား နိုင်မယ့် အကြောင်းအရာတွေကိုတောင် ယေဘုယျအား ဖြင့် ခွင့်ပြုထားပါတယ်”ဟုလည်း ပြောပြခဲ့သည်။ “မည်သူမည်ဝါအား နိုင်ငံရေးသမားအဖြစ် ထည့်သွင်းတွက် ချက်သင့်သည်ကို ကုမ္ပဏီများက ဆုံးဖြတ်နေသည့်တိုင်၊ ပုဂ္ဂလိကကုမ္ပဏီများမှနေ၍ နိုင်ငံရေးသမားများ၏ ပြော ဆိုချက်များအား ဝေဖန်ပိုင်းခြားဆုံးဖြတ်ပေးခြင်းသည် ဒီမိုကရေ စီစနစ်ကျင့်သုံးသည့် နိုင်ငံများအတွက် အမြင် တော်မည်မဟုတ်ကြောင်း” Facebook က တရားမျတစွာထောက်ပြခဲ့သည်။ ဤမူဝါဒအား အမေရိကန်နိုင်ငံတစ်ခု တည်းတွင် ကျင့်သုံးနေသည်မဟုတ်ပေ။ လာမည့် ဗြိတိန် နိုင်ငံရွေးကောက်ပွဲတွင်လည်း အလားတူမူဝါဒကိုပင်ကျင့်သုံးသွားမည်ဟု Facebook မှပြောကြားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် Twitter ကုမ္ပဏီသည် လွန်ခဲ့သောလက နိုင်ငံရေးနှင့်ပတ်သက်သည့် ကြော်ငြာမှန်သမျအား၊ လုံးဝတားဆီး ပိတ်ပင်ခဲ့သည်။

ဤကဲ့သို့အဓိပ္ပာယ်နှစ်ခွဟာသမျိုး သင်တို့နိုင်ငံတွင်မရှိပါ။

စက်မှုလုပ်ငန်းလောက၏အတွင်းလူတစ်ဦးက “ဤပြောင်းလဲမှု၏အကျိုးသက်ရောက်မှုကို အမိအရ ဆုပ်ကိုင် နိုင်ရေးအတွက် အသုံးဝင်မည့်အချက်တစ်ခုမှာ ဘဏ်ကြီးများနှင့် အတူပူးပေါင်းရေးပင်ဖြစ်သည်” ဟု အကြံပေး သည်။ လုပ်ငန်းနှစ်ခုလုံးက နိုင်ငံများစွာတွင် လည်ပတ်လျက်ရှိပြီး လုပ်ငန်းနှစ်ခုလုံးက အရေးပါသည့်အရာများ ကို ထိန်းချုပ်လျက်ရှိသည်။ တစ်ခုက ငွေကြေးဖြစ်ပြီး၊ အခြားတစ်ခုက သတင်းအချက်အလက်ဖြစ်သည်။ ဘဏ် များ၏ နည်းစံနစ်ကျသည့်အရေးပါမှုဆိုသည်မှာ ယင်းတို့ က ဆုံးဖြတ်မှုတစ်ခုနှင့်တစ်ခုကြားတွင်၊ ကွာဟ လျက်ရှိသော အသေးစိတ်ဥပဒေများအား တင်းကျပ်စွာ ကန့်သတ်ပေးထားသောကြောင့် ဖြစ်သည်။ ထိုကိစ္စရပ်များ အားလိုက်နာလုပ်ဆောင်နိုင်ရန်အတွက်၊ ရှေ့နေများ၊ စာရင်းကိုင်များနှင့် မှတ်တမ်းထိန်းသိမ်းသူများပြည့်နှက် နေသည့် ဌာနခွဲများစွာလို အပ်လိမ့်မည်ဖြစ်သည်။ ဝန်ထမ်းဦးရေကန့်သတ်ထားလေ့ရှိပြီး၊ နိုင်ငံတကာသို့ အလွယ်တကူ ပြောင်းလဲလုပ်ကိုင်နိုင်သော နည်းပညာ ကုမ္ပဏီများလည်း အလားတူ လိုက်ပါလုပ်ဆောင်ကြသည်။

မိမိတို့၏ Server များကိုဖြတ်ကျော်သည့်အချက် အလက်များစွာကိုစောင့်ကြည့်ရခြင်းမှာ အလွန်ကြီးမား သော အလုပ်တစ်ခုဖြစ်သည်။ နာရီပေါင်းငါးရာကျော် ရှည်လျားသော Video များကို YouTube ပေါ်သို့ မိနစ်တိုင်းတင် လျက်ရှိသည်။ ထောင်ပေါင်းများစွာသော tweets များကို စက္ကန့်တိုင်း တင်လျက်ရှိသည်။ Artificial Intelligence အကြောင်း မျော်လင့်တကြီးပြောဆို နေကြသမျနှင့် ပတ်သက်၍ Facebook ၏ Chief Security Officer ဟောင်းဖြစ် သူ Alex Stamos က အဆုံးမတော့ (များစွာသော)လူသားလုပ်အားများကသာ တစ်ခုတည်း သော အဖြေဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ တိုက်ရိုက်ကျ သော ဆုံးဖြတ်ချက်များချမှတ်ရန် Algorithms က ကြိုး ပမ်းခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် YouTube က ခိုးယူ ကူးချထားသည့် တင်ဆက်မှုများ ကိုတားဆီးရန် ရေးဆွဲ ထားသော ContentID ဟုခေါ်သည့် Algorithm အား တည်ဆောက်ရန် ဒေါ်လာ သန်းတစ်ရာ သုံးစွဲထားခဲ့သည်။ သို့သော် ခိုးကူးခွေများကို ယနေ့တိုင်ဝယ်ယူ၍ ရနိုင်ကြသေးလျက်၊ တရားဥပဒေနှင့်အညီအသုံးပြုသူများ၏ post များမှာ တစ်ခါတစ်ရံ မှားယွင်းစွာပယ်ဖျက်ခြင်း ခံကြရဆဲဖြစ်သည်။

ထို့ပြင် “တရားဝင်ကူးယူခွင့်ဥပဒေအား ဖောက် ဖျက်မှုများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်း” သည် “ အခြားပုံစံဖြင့်တင်ပြသည့် အစီအစဉ်များအား ထိန်းချုပ်ရခြင်း” နှင့် နှိုင်းယှဉ်လျင်အလွန်လွယ်ကူသော အလုပ် တစ်ခုဖြစ်သည်။ နိုင်ငံရေးဟောပြောမှုများကို ကိုင်တွယ်ထိန်းသိမ်းရန်ရေးဆွဲထားသည့် Algorithm တစ်ခုတာဝန် မှာ၊ ထေ့ငေါ့ပြောဆိုခြင်းများ၊ အတိုက်အခံဆန့် ကျင်ပြော ဆိုခြင်းများကို ကြီးကြပ်ကွပ်ကဲပေးရန်ဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ခုချင်း၏ဒေသဆိုင်ရာ ခံစားထိရှလွယ်သည့် ကိစ္စရပ်များအား အသေးစိတ်ချိန်ညှိပေးရန်နှင့်၊ ယင်းတို့၏အားနည်းချက်များအပေါ် အသုံးချအမြတ်ထုတ်ရန် ကြိုးစားသည့် အန္တရာယ်များမှ ကာကွယ်ပေးရန်လည်းလိုအပ်သည်။

“နိုင်ငံရေးဟောပြောမှုများကို ကိုင်တွယ်ထိန်းချုပ်ရေးအတွက် လူသားများနီးပါး အသိဉာဏ်ရှိသော AI များကိုလိုအပ်သည်” ဟု Mr Stamos ကပြောကြားခဲ့ သည်။ အမှန်တကယ်ဖြစ်လာမည်ဆိုပါက၊ ဆယ်စုနှစ် များစွာမတိုင်မီပင် ဖြစ်ပေလိမ့်မည်။

လူမှုရေးမီဒီယာကုမ္ပဏီများတွင် လူသားများ၏အာရုံကိုဆွဲဆောင်ရန် AI ကိုအသုံးပြုလျက်ရှိသည်။ ကိန်းဂဏန်းအတိအကျ ဖော်ပြမှုနည်းပါးသော်လည်း၊ ၂၀၁၇ ခုနှစ်အတွင်း နည်းပညာကုမ္ပဏီများသည် ပါဝင်တင် ဆက်မှုများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းအတွက် ကမ္ဘာအဝန်း လူဦးရေတစ်သိန်းခန့် အသုံးပြုလျက်ရှိ သည်ဟု အကြံပေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Accenture မှပြောကြားခဲ့သည်။ ထွက်ပေါ်လာသည့် ဥပဒေသစ်တစ်ခုစီတိုင်းကို အကောင်အထည်ဖော်ရန်အ တွက် လူများစွာလိုအပ်လိမ့်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း Facebook ကုမ္ပဏီသည် စောင့်ကြပ်ကြည့်ရှုသူဦးရေအား ၇,၅၀၀ မှ ၁၅,၀၀၀ အထိ နှစ်ဆတိုးမြှင့်ခဲ့သည်။ ယခုအခါ ယင်း၏ ကုမ္ပဏီတွင်းလမ်းညွှန်မှုပင်လျင် စာလုံးအရေအတွက် သိန်းနှင့်ချီ၍ ရှည်လျားနေပေသည်။

ထိုကဲ့သို့သော ဝန်ထုပ်ဝန်ပိုးများက (အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့် ကုန်ကျစရိတ် အား၊ ကျခံနိုင်သူများဖြစ်သော) လက်ရှိလုပ်ငန်းကြီးလုပ် ကိုင်နေသူများအား ခိုင်မာစွာခြေကုပ်ယူရန် ဖြစ်စေနိုင် သည်ဟု Mr Bennett ကဆိုသည်။ ထို့ပြင် ပြင်းထန် သည့်ပြစ်ဒဏ်များကလည်း ကုမ္ပဏီများအား ကိစ္စရပ်တို့ ကို လွန်ကဲစွာကိုင်တွယ်ခြင်းဖြင့် မှားယွင်းစွာလုပ်ဆောင် ရန် ဆွဲဆောင်လိမ့်မည်ဖြစ်သည်။ အမှားလုပ်မိရန် မထိုက် တန်သောကြောင့် ကုမ္ပဏီများအနေနှင့် မည်သည့် ဒေသတွင် လုပ်ငန်းလည်ပတ်ရမည်ဆိုသည်အား သေချာစွာ စဉ်းစားကြတော့မည်ဖြစ်သည်။

ရေရှည်တွင်လည်း၊ ဥပဒေသစ်များ၏ အကြီးမားဆုံး အကျိုးသက်ရောက်မှုက အင်တာနက်လုပ်ငန်းအား ဆက်လက်၍ အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေဖို့ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ မည်သည့်အရပ်ဒေသ၊ မည်သည့်အချိန်တွင် ဝင်ရောက်အသုံးပြုသည်ဖြစ်စေ၊ ကမ္ဘာတစ်ဝန်း တစ်ခုတည်းသော ကွန်ရက်အဖြစ်တွေ့မြင်နေရသော အင်တာနက်လုပ်ငန်း၏ရည်ရွယ်ချက်မှာ၊ ယင်းလုပ်ငန်းအခြေအုတ်မြစ်၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။ ယင်းသည့်တိုင် တဖြည်းဖြည်း ပို၍ခေတ်နောက်ကျပုံပေါ်လာ ခဲ့သည်။ ကောင်းခြင်းဆိုးခြင်းဆိုသည်မှာ ငြင်းခုံယူဆ ချက် များပေါ်တွင်မူတည်ပေသည်။ “နိုင်ငံများအနေနှင့် မိမိတို့၏ ကိုယ်ပိုင်သတင်းဖြန့်ချိမှု ပတ်ဝန်းကျင်အခြေ အနေကို ထိန်းချုပ်နိုင်သည့် မူဝါဒအားရေးဆွဲခြင်းသည် လုံးဝဥဿုံတရားနည်းလမ်းကျကြောင်း” Mr Neilsen က ငြင်းဆိုခဲ့သည်။ “လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံရှိ ဖုန်း ကိုင်ဆောင်နိုင် သူတိုင်းသည် အနောက်နိုင်ငံများရှိ လူတို့ နည်းတူ ရှာဖွေကြည့်ရှုလိုသည့်အကြောင်းအရာ များကို ကျယ်ပြန့်စွာကြည့်ရှုနိုင်နေကြပြီဖြစ်သည်။ “ထိုအခွင့်အ ရေး ရပ်ဆိုင်းသွားခြင်းသည် စိတ်မကောင်း စရာတစ်ခုပင် ဖြစ်ပေလိမ့်မည်”ဟု Mr Stamos ကပြော ဆိုခဲ့သည်။

မည်သို့ဆိုစေ ထိုကိစ္စက အမှန်တကယ်ပင်ဖြစ်ပျက်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကာလကြာရှည်ကျင့်သုံး ခဲ့သည့် ကျယ်ပြန့်သော စိစစ်ဖြတ်တောက်မှုများက ယင်း၏အင်တာနက်အသုံးပြုသော ပြည်သူများအား အခြား ကမ္ဘာအရပ်ရပ်ရှိလူများနှင့် ကွဲပြားစေခဲ့သည်။ အနောက် နိုင်ငံများတွင်လည်း မတူညီမှုအက်ကြောင်းများက ပျံ့နှံ့လျက်ရှိသည်။ အချို့အမေရိကန်ကုမ္ပဏီများက ဥရောပနိုင်ငံများ၏ “ကိုယ်ရေးကိုယ်တာ အကြောင်းအရာထိန်း သိမ်းသည့် ဥပဒေများ”ကို လိုက်နာနေမည့်အစား ဥရောပ နိုင်ငံသားအသုံးပြုသူများအား တားဆီးလိုက်ခြင်းကများ စွာပိုမိုလွယ်ကူကြောင်း တွေ့ရှိကြသည်။ “Right to be Forgotten” ဥပဒေများက Search Engines များအား ဥရောပအင်တာနက်သုံးစွဲသူများ ရှာဖွေလိုသည့် ရလဒ် များအား အတင်းအကြပ်ဖယ်ရှားစေခဲ့သည်။ Censorship ဥပဒေများသည် ကမ္ဘာ့အသိုင်းအဝိုင်းလေး(ကမ္ဘာ့ရွာလေး)အား ခွဲခြားစိတ်ဖြာပစ်မည့် နောက်ထပ်တံတိုင်းသစ်တစ် စုံပင် ဖြစ်ပေတော့သည်။

ဟေဘလု (လေးမိုင်)