အင်တာဗျူးဖြေရတာ အခက်ခဲဆုံး ကုမ္ပဏီ ၂၀

 

20company1

အလုပ်ဝင်အင်တာဗျူးဖြေဖို့ အခက်ဆုံးကုမ္ပဏီ ၂၀ မှာ ထိပ်ဆုံးအမှတ်စဉ် ငါးကတော့ Mckinsey ၊ Jane Street Capital ၊ Cree ၊ Bain& Co ၊ Boston Consulting တို့ ဖြစ်တယ်။ အင်တာဗျူးမှာ ပါဝင်တဲ့စစ်ဆေးချက်တွေကတော့ ပထမဦးဆုံးဖုန်းနဲ့ စကားပြောဆက်သွယ်ခိုင်းတယ်။ အဲဒီနောက် ဉာဏ်စမ်းမေးခွန်းတွေ၊ အတတ်ပညာဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ခက်ခဲတဲ့မေးခွန်းတွေအပြင် နမူနာဖြစ်ရပ်တစ်ခုကို သုံးသပ်ခိုင်းတာတွေ ပါဝင်တယ်။ ဒီမေးခွန်းတွေကို အဆင့်ဆင့်ပြောဆိုသွားရာမှာ တစ်အဆင့်မှာ အဖြေမှားသွားရင် ပြီးခဲ့တဲ့အဆင့်တွေဖြေတုန်းက ဘယ်လောက်ပဲကောင်းအောင် ဖြေနိုင်ဖြေနိုင် ဆက်မဖြေရတော့ပါဘူး။

''အဆင့်တစ်ဆင့်မှာကျသွားပြီဆိုရင် အလုပ်ရဖို့ အလားအလာမရှိတော့ဘူး'' လို့ eBay Software အင်ဂျင်နီယာအတွက် လာရောက်ဖြေဆိုသူက ပြောတယ်။ နောက်ကုမ္ပဏီတစ်ခုမှာ ဖြေဆိုရသူတစ်ဦးက ''ပထမဦးဆုံး ကျွန်တော့်ရဲ့လုပ်ငန်းအတွေ့အကြုံကိုမေးတယ်။ ပြီးတော့ ဉာဏ်စမ်းတွေမေးတယ်။ ကုန်သည်တစ်ယောက်ကို ဖုန်းနဲ့ဆက်သွယ်စကားပြောရတဲ့အင်တာဗျူးရဲ့ တတိယအချီမှာ ကျွန်တော်ကွဲတာပဲ။ ပြဿနာတစ်ခုက ကျွန်တော်ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး။ အဲဒီ ကုန်သည်လည်း ကျွန်တော့်ကို စိတ်ကုန်သွားတယ်ဗျာ''တဲ့။

ကုမ္ပဏီရဲ့အစည်းအဝေးခန်းထဲ ကျွန်တော့်ကိုသွင်းပြီး လူတွေဝင်လိုက်ထွက်လိုက် လာလာမေးကြတယ်လို့ Amazon မှာ မားကက်တင်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေခဲ့သူက ပြောတယ်။ တခြားတစ်ဦးကတော့ ''မေးတဲ့သူတွေက စေ့စပ်ကြတယ်။ ဘယ်လိုဖြစ်လာရင် ဘယ်လိုမြန်မြန်အရေးယူဆောင်ရွက်မလဲ'' ဆိုတာကို စိတ်ဝင်စားစရာ နမူနာဖြစ်ရပ်တွေပြပြီး မေးကြတာပဲတဲ့။ ဒီလိုလုပ်တာက မဆိုးလှပါဘူးလို့ သူကဆိုတယ်။ ''ကိုယ့်ရဲ့အရည်အချင်းနဲ့ ပြဿနာဖြေရှင်းနည်းစွမ်းရည်ကို မယုံကြည်ရင်တော့ သွားမဖြေတာဘဲ ကောင်းတယ်'' တဲ့။

Cree ကုမ္ပဏီမှာ အင်ဂျင်နီယာရာထူး သွားရောက်ဖြေဆိုသူတစ်ဦးက ''အင်တာဗျူးက သိပ်ကြာတယ်။ မေးတဲ့သူတွေက စိတ်ဝင်စားစရာကောင်းတယ်၊ စကားပြောရတာ ပျော်စရာပါပဲ။ နည်းပညာဆိုင်ရာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်ဆိုရင် အဲဒီ အင်တာဗျူးကို သွားဖြေပါ။ ရသွားရင် လုပ်ရမယ့်အလုပ်က ကိုယ်နဲ့ မကိုက်ဘူးပဲထားဦး၊ နောင်အခါ ဖြေရမယ့်အင်တာဗျူးတွေအတွက် အတွေ့အကြုံရသွားတာပေါ့'' လို့ ဆိုပါတယ်။

ဒီကုမ္ပဏီတွေမှာ အင်တာဗျူးတွေကို ဦးဆောင်မေးမြန်းခဲ့ကြသူတွေက အကြံပြုထားတာတွေရှိတယ်။ Boston Consulting က အတိုင်ပင်ခံပညာရှင်တစ်ဦးက ''ကြိုတင်ပြင်ဆင်မှုကို မဖြစ်မနေလုပ်ထားရမယ်'' လို့ ဆိုတယ်။ ''လူအများဟာ ကြိုတင်ပြင်ဆင်မှုလုပ်မထားကြပေမဲ့ ကျွန်တော်ကတော့ လုပ်တယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ သူများတွေထက် အများကြီးသာခဲ့တာ ဖြစ်တယ်။ နောက်တစ်ချက် သတိပြုထားဖို့က ဖြစ်ရပ်တစ်ခုခုကို လေ့လာဆန်းစစ်ရတဲ့ အလုပ်ဟာ အိမ်မှာ အေးအေးဆေးဆေးလုပ်ရတဲ့ လေ့လာပုံမျိုးမဟုတ်ဘူး။ အင်တာဗျူးမှာ အဲဒီလို လေ့လာဆန်းစစ်ရတာကတစ်မျိုး ဖြစ်တယ်။ အချိန်မီပြီးအောင် စိတ်ကျဉ်းကျပ်မှုရှိတဲ့အခါ ကျင့်သားရအောင် ကျင့်ထားပါ''တဲ့။

အခက်ခဲဆုံးကုမ္ပဏီ ၂၀ မှာ အောက်ပါတိုင်း ဖြစ်ပါတယ်။

1. McKinsey & Co

ရုံးချုပ် - နယူးယောက်

လုပ်ငန်း          - အတိုင်ပင်ခံလုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၉

နမူနာမေးခွန်း - အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ကြားမှာ Mon and Pop ဆိုတဲ့ တေးဂီတဆိုင်ဟာ ကြီးပွားတိုးတက်ချင်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။ ဖောက်သည်တွေရဲ့ တစ်သက်တာတန်ဖိုး (ဖောက်သည်တွေက ကုမ္ပဏီအတွက် တစ်သက်တာလုံး အကျိုးပြုနေနိုင်တဲ့အလားအလာ) ကို တွက်ချက်ပြပါ။

2. Jane Street Capital

ရုံးချုပ် - နယူးယောက်

လုပ်ငန်း - ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်လုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၇

နမူနာမေးခွန်း - ဖဲထုပ်နှစ်ထုပ်ရှိတယ်။ တစ်ထုပ်စီမှာ အနီရော အမည်းရောင်ပါ ဖဲချပ်တွေပါတယ်။ တစ်ထုပ်ထဲမှာ ဖဲချပ် ၅၂ ချပ်ရှိတယ်။ ကျန်တဲ့တစ်ထုပ်ထဲမှာ ဒါရဲ့ နှစ်ဆ ၁၀၄ ချပ်ရှိတယ်။ အရောင်တွေကတော့ အရေအတွက်အားဖြင့် အတူတူတွေချည်းပဲ။ နှစ်ထုပ်စလုံးမှာ အနီနဲ့အနက် ထက်ဝက်စီပါတာ ဖြစ်တယ်။ ကဲ အခုဖဲကစားကြည့်စမ်းပါ။ ပထမဦးဆုံး ဘယ်ဖဲထုပ်နဲ့ကစားချင်သလဲ ရွေးပါ။ ရွေးပြီးရင် အဲဒီရွေးထားတဲ့ဖဲထုပ်ထဲက ဖဲချပ်နှစ်ချပ်ကို ရွေးမနေဘဲ အလျဉ်းသင့်သလို ဆွဲထုတ်လိုက်ပါ။ နှစ်ချပ်စလုံး အနီရောင်ချည်းဖြစ်နေရင် သင့်ကိုကားတစ်စီးပေးမယ်။ အဲဒီတော့ ဘယ်ဖဲထုပ်ကို ရွေးမလဲ။

3. Cree

ရုံးချုပ် - ဒါးဟမ်

လုပ်ငန်း - Display Components

ခက်ခဲမှုရမှတ် - ၃.၇

နမူနာမေးခွန်း - လူတစ်သန်းရှိတဲ့မြို့မှာ ဆံပင်ညှပ်သမား ဘယ်နှယောက်လိုမလဲ။

4. Bain & Co

ရုံးချုပ် - ဘော့စတွန်မက်ဆာချူးဆက်

လုပ်ငန်း          - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၆

နမူနာမေးခွန်း - အမေရိကန်ပြည်ထောင်စုမှာ ကားအရောင်းကိုယ်စားလှယ် ဘယ်နှယောက်ရှိသလဲဆိုတာ ခန့်မှန်းခြေ ပြောပြပါ။

5. Boston Consulting

ရုံးချုပ် - ဘော့စတွန်မက်ဆာချူးဆက်

လုပ်ငန်း - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၆

နမူနာမေးခွန်း - ဘိုးအင်းလေယာဉ် ၇၄၇ ထဲမှာ ဂေါက်သီးဘယ်နှလုံးဆံ့မလဲ။

6. Palantir Technologies

ရုံးချုပ် - ပါလိုအော်လတို၊ ကယ်လီဖိုးနီးယား

လုပ်ငန်း          - ဆော့ဝဲလ်လုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - ဓာတ်လှေကားစီးရတာ အန္တရာယ်ရှိ မရှိ ဘယ်လိုစမ်းသပ်ကြည့်မလဲ။

7. Teach for America

ရုံးချုပ် - နယူးယောက်

လုပ်ငန်း          - ပညာရေး

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - တတိယတန်းကျောင်းသားလေးတွေကို တိရစ္ဆာန်ရုံလေ့လာရေးခရီး ပို့ချင်တယ်။ ဒီအတွက် သုံးဖို့ ငွေပိုငွေလျှံမရှိဘူး။ ဒီတော့ ကျောင်းအုပ်ကြီးဆီကို ဒီကိစ္စပြန်စဉ်းစားဖို့ ပြောရတော့မယ်။ လက်ခံလာအောင် ဘယ်လိုပြောမလဲ။

8. A.T. Kearney

ရုံးချုပ် - ချီကာဂို၊ အီလီနှိုက်စ်ပြည်နယ်

လုပ်ငန်း - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - သတ်မှတ်ထားတဲ့နေ့တစ်နေ့မှာ O'hare ကနေပြီး အပြင်ကို လေယာဉ်ဘယ်နှစင်း ပျံသန်းထွက်ခွာသလဲဆိုတာ ပြောနိုင်မလား။

9. Red Ventures

ရုံးချုပ် - India Land, S.C.

လုပ်ငန်း          - တိုက်ရိုက်မားကက်တင်းလုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - တိရစ္ဆာန်ဖြစ်ရမယ်ဆိုရင် ဘယ်လို တိရစ္ဆာန်မျိုးဖြစ်ချင်သလဲ။

10.BP

ရုံးချုပ် - လန်ဒန်၊ ယူကေနိုင်ငံ

လုပ်ငန်း          - ရေနံဓာတ်ငွေ့၊ သန့်စင်၊ ရောင်းချ၊ ဖြန့်ဖြူးရေး

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - ကားတာယာလဲရမယ်ဆိုရင် ဘယ်လိုလုပ်လဲမလဲ။

11. ZS Associates

ရုံးချုပ် - အီဗတ်စတန့်၊ အီလီနှိုက်စ်ပြည်နယ်

လုပ်ငန်း          - အတိုင်ပင်ခံလုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၅

နမူနာမေးခွန်း - အလုပ်ဝင်တာ ပထမဦးဆုံးနေ့ပဲ သင်လုပ်ရမယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်ကစပြီး ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ ခက်ခဲတဲ့ပြဿနာကို ရှင်းရတော့မယ်။ အဲဒါဘယ်လိုရှင်းမလဲ။

12. Procter & Gamble

ရုံးချုပ် - ဆင်စီနတီ၊ အိုဟိုင်းအိုပြည်နယ်

လုပ်ငန်း          - တစ်ကိုယ်ရေစောင့်ရှောက်ရေးကုန်ပစ္စည်း

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - သင်ဟာ သင့်ရဲ့ခေါင်းဆောင်မှုအရည်အချင်းကို ပြရတော့မယ့်အချိန်ရောက်နေပြီဆိုရင် အဲဒီအကြောင်းပြောပြပေးပါ။

13. Salesforce.com

ရုံးချုပ် - ဆန်ဖရန်စစ္စကို

လုပ်ငန်း  - ဖောက်သည်နဲ့ဆက်ဆံရေးစီမံခန့်ခွဲမှု၊ မားကက်တင်းနဲ့ အရောင်းဆိုင်ရာဆော့ဝဲလ်

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - ကွန်ပျူတာ Hacker တွေသုံးစွဲတဲ့ SQL Injections နည်းတွေကို ဘယ်လိုတွေ့အောင်ရှာမလဲ။

14. Altria

ရုံးချုပ် - Richmond, Va

လုပ်ငန်း          - စီးကရက်၊ ဆေးပြင်းလိပ်နဲ့ မီးခိုးမထွက်တဲ့ ဆေးရွက်ကြီးလုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - အလုပ်တအားများတဲ့နေ့အကြောင်း ပြောပြပါ။ အဲဒီတုန်းက ဘယ်အလုပ်ကို ဦးစားပေးခဲ့ပါသလဲ။

15. Oliver Wyman

ရုံးချုပ် - နယူးယောက်

လုပ်ငန်း          - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - လူတွေဖန်တီးတည်ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတဲ့မြေနေရာတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြေဘယ်နှရာခိုင်နှုန်းရှိသလဲဆိုတာ ခန့်မှန်းပေါ့။

16. Bridgewater Associates

ရုံးချုပ် - ဝက်စပိုင်

လုပ်ငန်း          - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - သင်ဝင်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့လုပ်ငန်းကို မသိနားမလည်တဲ့ သင့်ဦးလေး၊ ဒါမှဟုတ် ဒေါ်လေးကို အဲဒီမှာဘာလုပ်ရသလဲဆိုတာ ဘယ်လိုရှင်းပြမလဲ။

17. Stryker

ရုံးချုပ် - ကာလာမာဇူး

လုပ်ငန်း          - ဆေးဝါးလုပ်ငန်းသုံးပစ္စည်းများ

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - သင်ဟာ ဘာသာရပ်နည်းနည်းပါးပါးကို အများကြီးသိတယ်လို့ ပြောမလား၊ ဒါမှမဟုတ် ဘာသာရပ်အများကြီးကို နည်းနည်းပဲသိတယ်လို့ ပြောမလား။

18. Amazon.com

ရုံးချုပ် - ဘီးတဲလ်၊ ဝါရှင်တန်

လုပ်ငန်း - တေးဂီတ၊ ဗီဒီယို၊ စာအုပ်နဲ့ ဖျော်ဖြေမှုဆိုင်ရာလက်လီအရောင်း

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - နာရီတစ်လုံးရဲ့ နာရီလက်တံနဲ့မိနစ်လက်တံတို့က ဆောင်ထားတဲ့ထောင့်ကို တွက်ချက်ပြနိုင်တဲ့ ပုံသေနည်းဖော်မြူလာတစ်ခု ကြံဆပြောပြပေးပါ။

19. eBay

ရုံးချုပ် - ဆန်းဂျို့စ်

လုပ်ငန်း          - အင်တာနက်မှတစ်ဆင့်လေလံလုပ်ငန်း

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - ကြက်ဥတစ်လုံးကို အဆောက်အအုံတစ်ခုရဲ့အထပ်တစ်ရာကနေ အောက်ကိုချလိုက်တဲ့အခါ ကွဲသွားတာကို သိထားရတယ်။ ကြက်ဥနှစ်လုံးရှိနေတဲ့အခါ တစ်လုံးကိုမကွဲအောင် လွှတ်ချနိုင်တဲ့ အဆောက်အအုံရဲ့အမြင့်ဆုံးအထပ်ကို ပြောပြနိုင်မလား။

20. Gallup

ရုံးချုပ် - ဝါရှင်တန်၊ ဒီစီ

လုပ်ငန်း          - အတိုင်ပင်ခံ

ခက်ခဲမှုရမှတ် - ၃.၄

နမူနာမေးခွန်း - အခုဒီမှာလာပြီး အင်တာဗျူးဖြေဖို့ ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့ရသလဲ။

ညွန့်သောင်း