အချိန်နည်းချိန်အတွက် ကြိုပြင်ထားပါ

Chess1

ကမ္ဘာ့စစ်တုရင်လောကမှာ ဒေးဗစ်ဘရွန်းစတိန်း (David Bronstein) ဟာ ထင်ရှားတဲ့ စစ်တုရင်ဂရင်းမာစတာကြီး တစ်ယောက်ပါ။ မော်ဒန်စစ်တုရင်ရဲ့ဖခင်ကြီးလို့ အမည်တွင်ရလောက်အောင် ဒုတိယကမ္ဘာစစ်အပြီးမှာ ထင်ရှားခဲ့တဲ့ ဂရင်းမာစတာတွေအကြားမှာ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ကစားခဲ့သူပေါ့။ ၁၉၄၀ ပြည့်နှစ်တွေကနေ ၁၉၇၀ ပြည့်နှစ် တစ်ဝက်လောက်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ခဲ့သူပါ။ ၁၉၅၁ ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲမှာ ၂၂ ပွဲပြီးချိန်အထိ ဦးဆောင်နေခဲ့ပြီး နောက်ဆုံးနှစ်ပွဲမှာ သရေတစ်ပွဲသာရခဲ့လို့ ၁၂ မှတ်စီ အမှတ်တူဖြစ်ခဲ့တဲ့အတွက် အဲဒီအချိန်က ကမ္ဘာ့စစ်တုရင်ချန်ပီယံ မစ်ခ်ဟေးလ် ဘော့ဗင်းနစ် (Mikhail) က သရဖူ ဆက်လက်ရယူသွားခဲ့ပါတယ်။

ဘရွန်းစတိန်းက သူ့ရဲ့ပြိုင်ပွဲတွေမှာကျင့်သုံးတဲ့ အရေးပါတဲ့ဗျူဟာတစ်ခုကို ပြောပြဖူးပါတယ်။ စစ်တုရင်ပွဲတွေ တော်တော်များများမှာ သတ်မှတ်ရွှေ့ကွက်ပြည့်လုနီးနီး သို့မဟုတ် ခွင့်ပြုချိန်ကုန်လုနီးနီးအချိန်တွေမှာ ဖိစီးမှုကို ကြီးကြီးမားမား ခံကြရပါတယ်။ အချိန်နည်းသွားချိန်မှာ တွက်ချက်တာတိကျဖို့နဲ့ အမှားမလုပ်မိဖို့ အထူးအရေးကြီးပါတယ်။ သူက ဒီလိုအချိန်တွေမှာ ပြိုင်ဘက်ရဲ့အနေအထားကိုကြည့်ပြီး ကြိုတင်ပြင်ဆင်ပါတယ်။ ဒါဟာ သူ့ကို ကမ္ဘာ့စစ်တုရင်လောကမှာ ထိပ်တန်းရောက်အောင် ပို့ပေးခဲ့တဲ့ အဓိကအချက်တစ်ခု ဖြစ်ပါသတဲ့။

ကျောင်းသားတွေအတွက် စာမေးပွဲနီးလာလေလေ၊ စာကြည့်ချိန်နည်းလာလေလေ ဖြစ်သလို နိုင်ငံရေးသမားတွေအတွက်လည်း ရွေးကောက်ပွဲနီးလာလေလေ၊ မဲဆွယ်ချိန်နည်းလာလေလေပါ။ ကျန်တဲ့နေရာတွေမှာလည်း အတူတူပါပဲ။ ခရီးလမ်းဆုံးရောက်လုနီးလေလေ အလုပ်လုပ်ဖို့ အချိန်နည်းလေလေ ကြုံကြရတာ ဓမ္မတာပါ။ ဒါကြောင့် အဲဒီအချိန်တွေအတွက် ကြိုတင်ပြင်ဆင်ကြရမှာပါ။ ပြင်ဆင်မှုအားကောင်းလေလေ အသာစီးရဖို့၊ အနိုင်ရဖို့များလေလေ ဖြစ်ပါတယ်။

သေခါနီး ဝေဒနာဖိစီးမှ တရားမှတ်နည်းသင်လို့ ဘယ်ဖြစ်ပါ့မလဲလေ။

မောင်မောင်လွင် (စစ်တုရင်)