သင်လုပ်ငန်းခွင်မှာဝတ်တဲ့ အဝတ်အစားရဲ့အရောင်တွေမှာ အဓိပ္ပာယ်တွေပါနေပါတယ်။ ဒါက လုပ်ငန်းခွင်နဲ့အတူ သင့်ရဲ့အောင်မြင်မှုအပေါ်မှာပါ သက်ရောက်မှုရှိစေနိုင်တာကြောင့် ဘာတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။
၁။ အပြာရောင်က ငါ့ကို အလုပ်ခန့်ပါလို့ ပြောနေပါတယ်။
နေဗီပြာက အလုပ်အင်တာဗျူးဝင်တဲ့အခါ အကောင်းဆုံးအရောင်တစ်ခု ဖြစ်ပါတယ်။ အလုပ်ခန့်တဲ့မန်နေဂျာ ၂,၀၉၉ ယောက်ကို Career Builder Survey လုပ်တဲ့အခါမှာ အပြာရောင်ဝတ်ထားတဲ့အင်တာဗျူးဖြေဆိုသူဟာ Team Player(အဖွဲ့ထဲမှာပါဝင်နိုင်မယ့်သူ) လို့ သတ်မှတ်ခံရတယ်လို့ ဆိုပါတယ်။ အပြာရောင်က စိတ်အေးချမ်းခြင်း၊ သစ္စာရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းတို့ရဲ့ အမှတ်အသား ဖြစ်ပါတယ်။
၂။ အနီရောင်ကတော့ ချစ်ခြင်းသင်္ကေတပဲဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုတစ်ခုမှာ အစမ်းသပ်ခံဖို့ ပါဝင်တဲ့အမျိုးသားတွေကို အရောင်မျိုးစုံဝတ်ထားတဲ့ အမျိုးသမီးတွေရဲ့ဓာတ်ပုံကိုပြပြီး ဘယ်သူနဲ့ချိန်းတွေ့မယ်ဆိုရင် ပိုက်ဆံဘယ်လောက်အကုန်ခံမလဲဆိုတာကို မေးခဲ့ပါတယ်။ အဲဒီမှာ အမျိုးသားတွေက အနီရောင်ဝတ်ထားတဲ့အမျိုးသမီးနဲ့ဆိုရင် ငွေအကုန်အကျပိုခံပြီး တွေ့ဆုံဖို့ချိန်းမယ်ဆိုတဲ့ အဖြေကိုပေးပါတယ်။ အလုပ်အတွက်ဆိုရင်တော့ အနီတောက်တောက်ထက် ကြက်သွေးရောင် (အနီရင့်ရင့်) က ပိုသင့်တော်ပါတယ်။
၃။ မီးခိုးရောင်က နေ့စဉ်လုပ်ငန်းခွင်နဲ့ လိုက်ဖက်ပါတယ်။
ကျွမ်းကျင်သူတွေပြောတာက မီးခိုးရောင်က တစ်ဖက်စွန်းမရောက်ဘူးဆိုတာကိုပြပြီး သပ်ရပ်ကျော့ရှင်းမှုကိုလည်း ပြတယ်လို့ဆိုပါတယ်။ အနက်ရောင်လိုလည်း အရင့်ဘက်ကို မရောက်ဘဲ ရုံးနဲ့ လိုက်ဖက်စွာနေတယ် (Office-friendly ဖြစ်တယ်) လို့ ပုံဖော်နိုင်ပါတယ်။
၄။ ပန်းခရမ်းရောင်က စိတ်မသက်မသာ ဖြစ်စေပါတယ်။
ခရမ်းရောင်က သဘာဝကျတဲ့အရောင်ထဲမှာ မပါပါဘူး။ ပန်းခရမ်းဆိုရင် အတုနဲ့တူတဲ့ သဘောကို ဆောင်ပါတယ်။ The Color of Success စာအုပ်ကိုရေးတဲ့ စာရေးဆရာမ Mary Ellen ပြောတာက ပန်းခရမ်းက စိတ်ကို သက်သောင့်သက်သာ မဖြစ်စေဘူး၊ အလုပ်အင်တာဗျူးတို့၊ ချိန်းတွေ့တာတို့မှာ ခရမ်းကို ရှောင်သင့်တယ်လို့ ဆိုပါတယ်။ ပန်းခရမ်းထက်စာရင် ဆီးသီးရောင်က ပိုသင့်တော်ပါတယ်။
၅။ အနက်ရောင်က အာဏာရှိမှုသဘောကို ဆောင်ပါတယ်။
အပေါ်အောက်အနက်ရောင်ဝတ်စုံပြည့်ဝတ်တာက စွမ်းအားပြည့်မှုနဲ့ အာဏာပိုင်ဆိုင်မှုသဘောကို ဆောင်ပါတယ်။ လူကိုပိန်သွယ်စေတဲ့အပြင် အမျိုးသမီးတစ်ယောက်အနေနဲ့ အနက်ရောင်ကို ချိန်းတွေ့တဲ့ နေရာမှာ ဝတ်မယ်ဆိုရင် ကျော့ရှင်းလှပတဲ့အသွင်ဖြစ်စေပြီး အလုပ်မှာဝတ်မယ်ဆိုရင်တော့ ဘော့စ်အသွင်ဆောင်ပါတယ်။ တစ်ဖက်မှာလည်း အနက်ရောင်ဆိုတာက ဝမ်းနည်းခြင်းကိုဖော်ပြတဲ့ အရောင်လည်းဖြစ်နေပြန်ပါတယ်။ တွေ့ရှိမှုတစ်ခုအရ အနက်ရောင်ဂျာဆီ အင်္ကျီဝတ်တဲ့အဖွဲ့က ပိုပြီးပြစ်ဒဏ်ထိတာကို တွေ့ရပါတယ်။ ဒါကြောင့် အနက်ရောင်ကို အစွန်းနှစ်ဖက်ရှိတဲ့အရောင်လို့ ဆိုနိုင်ပါတယ်။
၆။ အစိမ်းရောင်က တီထွင်ဖန်တီးနိုင်မှုကို ပြပါတယ်။
သဘာဝကျတဲ့အစိမ်းရောင်က တည်ငြိမ်အေးချမ်းမှုကို ဖော်ညွှန်းပြီး စမ်းသပ်မှုတစ်ခုကတော့ အစိမ်းရောင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတာကိုလည်း ဖော်ပြတယ်လို့ ဆိုပါတယ်။ စမ်းသပ်မှုမှာ သံဗူးတွေကို သုံးနိုင်သလောက်သုံးပြီး တစ်ခုခုပုံဖော်ဖို့ နှစ်မိနစ်အချိန်ပေးပြီး အဖွဲ့နှစ်ဖွဲ့ကို အပြိုင်လုပ်ခိုင်းပါတယ်။ ပြိုင်ပွဲမစခင်မှာ တစ်ဖွဲ့ကို အဖြူရောင်ကတ်ပြားထောင်ပြလိုက်ပြီး နောက်တစ်ဖွဲ့ကိုတော့ အစိမ်းရောက်ကတ်ပြား ထောင်ပြလိုက်ပါတယ်။ ဒီအခါမှာ အစိမ်းရောင်ကတ်ပြားထောင်ပြခံရတဲ့အဖွဲ့က ပိုစိတ်ဝင်စားစရာကောင်းတဲ့၊ စိတ်ကူးတီထွင် ဆန်းသစ်ထားတဲ့ရလဒ်ကို ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်အဖွဲ့ကို အားတက်အောင် Inspire လုပ်ဖို့ဆိုရင် အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်သွားသင့်ပါတယ်။
၇။ အဖြူရောင်က အဖွဲ့အစည်းကို ကိုယ်စားပြုပါတယ်။
အဖြူရောင်ကို Creative ဖြစ်ဖို့ လိုတဲ့အလုပ်အင်တာဗျူးသွားတဲ့အခါ ဝတ်သွားသင့်သလို မိဘတွေနဲ့ ညစာစားဖို့သွားရင်လည်း ဝတ်သွားသင့်ပါတယ်။ အဖြူရောင်က အဖွဲ့အစည်းမှာ ပါဝင်ကြောင်း ဖော်ပြရာရောက်ပါတယ်။
အယ်ဒီတာအဖွဲ့