လူတော်လူကောင်းတိုင်း ခေါင်းဆောင်ကောင်း မဖြစ်နိုင်

လူကောင်းတိုင်းလူတော်မဖြစ်နိုင်သလို လူတော်တိုင်းလည်း လူကောင်းဖြစ်ချင်မှဖြစ်မည်။ ထို့အတူ လူတော် လူကောင်းတိုင်းသည်လည်း ခေါင်းဆောင်ကောင်းမဖြစ်နိုင်။ ခေါင်းဆောင်ကောင်း ဂုဏ်အင်္ဂါဖြစ်သော ဆုံးဖြတ်ရဲမှု၊ တာဝန်ယူတတ်မှုနှင့် တာဝန်ခံတတ်မှု၊ တွန်းတွန်းတိုက်တိုက်ရှိမှု၊ ပြဿနာကြိုမြင်တတ်မှု၊ ရိုးသားဟန်မဆောင်တတ်မှု၊ အနစ်နာခံတတ်မှု၊ မိမိအသင်းအဖွဲ့နှင့်အတူတကွ တိုးတက်အောင်မြင်လိုမှု စသည်တို့က မွေးရာပါအရည်အချင်းမဟုတ်။ ကျင့်ယူမှ၊ စွန့်စားမှ၊ ကိုယ်ပိုင်အချိန်နှင့် လွတ်လပ်မှုကို များစွာစတေးပြီးမှ ရနိုင်ပါမည်။ လူတိုင်းတွင် ချို့ယွင်းချက်ရှိသည်။ သာမန်နေရာတွင်နေလျှင် သာမန်လူအချင်းချင်း နားလည်ခွင့်လွှတ် ပေးနိုင်သဖြင့် ကိစ္စမရှိ။ သို့သော် မိမိကိုယ်ကိုယ် ခေါင်းဆောင်ဟုခံယူထားလျှင်သော်လည်းကောင်း၊ သူတစ်ပါးက တင်မြှောက်ထားသောကြောင့် ခေါင်းဆောင်နေရာ အလိုလိုရောက်လာလျှင်လည်းကောင်း သူတို့တွေငါ့အမှားကို နားလည်ခွင့်လွှတ်မှာပဲဟု ကြိုတင် Excuse ယူထား၍မရ။ မှားနေသည့်အတိုင်း မသိချင်ယောင်ဆောင်နေ၍မရ။ ခပ်ထန်ထန်ပြောရလျှင် ရူးချင်ယောင်ဆောင်နေ၍မရ။ ဘဝ၏မရေရာသောကိစ္စများထဲတွင် ငါနားလည်သလိုသူတို့လည်းနားလည်မှာပဲဟု တစ်ယောက်တည်းတွေးပြီး တစ်ယောက်တည်းမှန်နေတတ်ခြင်းက အဆိုးဆုံးဖြစ်မည်ထင်ပါသည်။ ပွင့်လင်းမြင်သာခြင်းဟူသည် အပြော၊ အတွေးနှင့်တင် မပြီး၊ လုပ်ဆောင်မှုနှင့်ပြရမည်၊ ရိုးသားမှုနှင့် တည်ဆောက်ရမည်။ လှည့်စားမှုကင်းရမည်။ ခေါင်းဆောင်၏အထက်တွင် အမှန်တရားသာရှိနေရမည်။ လူတစ်စုတစ်ဖွဲ့က ထောက်ခံရုံဖြင့် ခေါင်းဆောင်ကောင်းဟု မခံယူထိုက်ပါ။ တာဝန်ယူတတ်ခြင်းနှင့် ရာထူးအဆင့်အတန်းအချိုးအဆညီမျှခြင်း မညီမျှခြင်းက ခေါင်းဆောင်၏ဂုဏ်ဒြပ်ကို မြင့်တက်စေ၊ လျော့ကျစေနိုင်ပါသည်။ မိမိအကောင်းဆုံးလုပ်နေဆောင်သည်ဆိုသော ကိစ္စရပ်ကို သူတစ်ပါးကသတ်မှတ်ပါလိမ့်မည်။ ကိုယ်တိုင်သတ်မှတ်ပြီး အမှန်ထင်နေသမျှ မည်သူ့အတွက်မျှ အကျိုးမရှိနိုင်ပါကြောင်း . . .