လစာနဲ့ချီးမြှင့်ငွေတွေ အများဆုံးရကြတဲ့ CEO များ

highestceo1

သူတို့ဟာ ဟောလီးဝုဒ်က ရုပ်ရှင်ကြယ်ပွင့်တွေမဟုတ်ကြပါဘူး။ ရုပ်မြင်သံကြားဖန်သားပြင်က လူသိများတဲ့ သူတွေလည်း မဟုတ်ကြပါဘူး။ ခေတ်ပေါ်ရော့ခ်တီးဝိုင်းက လူတွေလည်း မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ လစာဝင်ငွေမှာတော့ အဲဒီလူတွေနဲ့ အတူတူပါပဲ။ ဒီလူတွေဟာ CEO တွေဖြစ်ကြပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် သူတို့ထဲက CEO ဆယ်ယောက်ဟာ မီဒီယာလုပ်ငန်းတွေမှာ လစာချီးမြှင့်ငွေအများဆုံးနဲ့ လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်တယ်။

သူတို့ထဲက David Zaslav ဟာ Shark Week လို့ခေါ်တဲ့ ရုပ်သံဇာတ်လမ်းကို ထုတ်လွှင့်ပြသနေတဲ့ Discovery Communications ကုမ္ပဏီရဲ့ CEO ဖြစ်တယ်။ သူဟာ CEO အဖြစ် အဲဒီမှာ ဆက်လက်ဆောင်ရွက်ဖို့ စာချုပ်သက်တမ်းတိုးလိုက်ပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ်ထဲမှာ သူ့ရဲ့လစာချီးမြှင့်ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၅၆.၁ သန်းအထိ လေးဆတိုးမြှင့်ရရှိခဲ့တယ်။

နောက်မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ CBS ရဲ့ CEO Les Moonves ဟာ ပြီးခဲ့တဲ့တစ်နှစ်ကထက် လစာ ချီးမြှင့်ငွေလျော့ကျသွားပေမဲ့ ၅၄.၄ သန်းနဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

Viacom ၊ Walt Disney ၊ Comcast နဲ့ Time Warner ဆိုတဲ့ ဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းတွေမှာ အသီးသီး CEO အဖြစ် လုပ်ကိုင်ကြသူတွေဟာ လေးနှစ်တာကာလအတွင်း ချီးမြှင့်ဝင်ငွေအများဆုံး ရရှိခဲ့ကြသူ တွေဖြစ်တယ်။

ဒီလုပ်ငန်းတွေမှာ ဘာကြောင့် ဒါလောက်လစာ ချီးမြှင့်ငွေတွေများနေရသလဲဆိုတော့ အဲဒီမှာလုပ်ကြတဲ့ CEO တွေ ထိတွေ့ဆက်ဆံနေရတဲ့လူတွေကိုက လစာများများရလေ့ရှိကြတဲ့ ကြေးကြီးသမားတွေဖြစ်နေလို့ပါပဲ။ ရုပ်ရည်ဆွဲဆောင်မှုရှိတဲ့လူတွေ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ ဒါရိုက်တာတွေ၊ စာရေးဆရာတွေကို ငွေတွေအများကြီး ပုံပေးထားကြရတာပါလို့ စီးပွားရေးပညာသင်ကျောင်းက ပါမောက္ခတစ်ဦးက ဆိုပါတယ်။ ''ရုပ်ရည်အရ ဆွဲဆောင်မှုရှိတဲ့သူတွေ လစာတွေအများကြီးရပြီး ဝင်လုပ်နေကြတော့ အဲဒီက CEO တွေလည်း လစာအများကြီးရကြတော့တာပေါ့'' တဲ့။

CEO တွေရဲ့လစာဝင်ငွေဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ငါးနှစ်ဆက်တိုက် တိုးခဲ့ပါတယ်။ စတော့ဈေးကွက် တိုးတက်လာတာနဲ့အတူ CEO တွေ သူတို့ရဲ့ ဆိုင်ရာဌာနက အထူးအခွင့်အရေးအဖြစ် ဝယ်ခွင့်ရတဲ့ စတော့တန်ဖိုးတွေကလည်း တက်လာလို့ဖြစ်တယ်။ Standard & Poor's 500 Companies တန်းဝင်တဲ့ ကုမ္ပဏီတွေရဲ့ ဦးစီးခေါင်းဆောင်တွေဟာ ဒေါ်လာ ၁၀.၆ သန်းထိ စံချိန်တင် တိုးတက်ခဲ့တယ်။ ကုမ္ပဏီတွေဟာ မိမိတို့နဲ့ အလားတူကုမ္ပဏီတွေက တိုးပေးရင် မိမိတို့လည်း လိုက်တိုးပေးရမယ်လို့ ယူဆကြလို့ဆိုတဲ့ အကြောင်းတရားလည်း ပါနေတယ်။ မီဒီယာလုပ်ငန်းက CEO တွေအတွက် တခြားအကြောင်းတစ်ရပ်ကတော့ သူတို့လုပ်ငန်းမှာ ရှယ်ယာအများဆုံး ထည့်ဝင်ထားကြသူတွေဟာ မဲပေးရာမှာ ဝင်ရောက်ထိန်းချုပ် အုပ်စည်းတာမျိုး နည်းပါးကြတာပဲဖြစ်တယ်။ နောက်တစ်ကြောင်းကတော့ အဲဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေဟာ ဘဏ္ဍာငွေကြေးအရနဲ့ စတော့ဈေးကွက်တန်ဖိုးအရ တိုးတက်လာလို့ဖြစ်တယ်။ အခြေခံလစာအပေါ် တိုးပေးလိုက်တာက နည်းတယ်။ လစာချီးမြှင့်ငွေပေးရာမှာ ဒီလိုကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ CEO တွေရဲ့ အကျိုးစီးပွားနှစ်ရပ်ကို ချိတ်ဆက်ထားခြင်းဟာ  ကုမ္ပဏီရဲ့ရေရှည်လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေပါတယ်။ အခုလိုကုမ္ပဏီရဲ့ တိုးတက်မှုနဲ့ CEO တွေရဲ့လစာချီးမြှင့်ငွေ ချိတ်ဆက်ထားသင့်တယ်လို့ ကုမ္ပဏီအုပ်ချုပ်ရေးဆိုင်ရာဌာနရဲ့ အကြီးအကဲဖြစ်သူက ဆိုတယ်။ ''တစ်ဖက်ကလည်း ကုမ္ပဏီလုပ်ငန်း ကျဆင်းသွားတဲ့အခါ CEO  အတွက် လစာချီးမြှင့်ငွေလည်း လျော့ကျသွားမယ်ဆိုတာ ထည့်တွက်ထားသင့်ပါတယ်'' တဲ့။

လေ့လာချက်အရ သိရှိရတဲ့တခြားအချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ လစာအများဆုံး တိုးပေးတဲ့လုပ်ငန်းကုမ္ပဏီတွေတော့ အခြေခံကုန်ကြမ်းဆိုင်ရာကုမ္ပဏီတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဓာတုပစ္စည်းဆိုင်ရာကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီး CEO တွေရဲ့လစာဟာ အမျိုးသား CEO တွေရဲ့လစာထက် များတယ်။ ဒီအရင်နှစ်က လေ့လာမှုထဲမှာ အမျိုးသမီး ၁၂ ယောက်ရှိခဲ့ရာက ဒီနှစ်မှာတော့ ၁၇ ယောက်ထိ တိုးလာတယ်။

ညွှန့်သောင်း