မပြည့်စုံနိုင်သေးတာ သတိထားပါ

chess1

ကမ္ဘာ့အဆင့်သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲကြီးတစ်ခုမှာ တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုပါ။ နိုင်ငံနှစ်နိုင်ငံက လူငယ်လေးနှစ်ယောက် နောက်ဆုံးပွဲမတိုင်ခင်မှာ အမှတ်တူနဲ့ဦးဆောင်သူနေရာမှာ ပူးတွဲတည်ရှိနေကြပါတယ်။ နိုင်ရင်ရမယ့် ချန်ပီယံဘွဲ့က ဂုဏ်သိက္ခာအတွက် အင်မတန်တန်ဖိုးရှိတယ်။ သက်တမ်းအလိုက် ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်မှာ။ တိုတိုပြောရရင် သူ့ဆိုင်ရာအတန်းမှာ ကမ္ဘာ့ချန်ပီယံ။ ကမ္ဘာ့စစ်တုရင်ချန်ပီယံ။

နောက်ဆုံးပွဲမှာ သူတို့နှစ်ယောက်တွေ့တယ်။ ပွဲစဉ်က ကြိုထွက်တယ်။ နောက်နေ့ကစားရမယ့်ပွဲစဉ်ကို ဒီနေ့ ကြိုသိရပြီ၊ ဘယ်သူနဲ့တွေ့မယ်။ ဘာအရုပ် ဘာအရောင်ကိုင်ရမယ်ဆိုတာ သိနှင့်နေပြီ။ ဒီတော့ ဘယ်သူဘာအဖွင့်ပိုင်း ဘာခံစစ်ကစားတတ်လဲဆိုတာ ရှာဖွေလေ့လာပြင်ဆင်လို့ရတယ်။ ဒါကလည်း သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ အင်တာနက်မှာ ရှာလို့ရနိုင်တယ်။ Chess Database တွေမှာ ရှာလို့ရနိုင် တယ်။

အဖြူရုပ်ကိုကိုင်ပြီး ကစားမယ့်လူငယ်လေးက သူ့စိတ်ကြိုက်အဖွင့်ပိုင်းကို ရွှေ့ကစားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် အနက်က ဘာနဲ့ခံမှာပါလိမ့်။ ဘာခံစစ်များ ကစားလေမလဲ။ သိပ်ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆီလီကွန်သူငယ်ချင်းကို မေးလိုက်ရင် ရတာပေါ့။ ဆီလီကွန်သူငယ်ချင်း (Silicon Friend) ဆိုတာလား။ ကွန်ပျူတာကို တင်စားခေါ်တာပါ။ ဒါနဲ့ ကွန်ပျူတာဖွင့်တယ်။ အနက်ကစားနေကျခံစစ်လိုင်းတွေ လေ့လာတယ်။ တုံ့ပြန်ဖို့ ပြင်ဆင်တယ်။ အိုကေ။ ကျေနပ်လောက်အောင် ရှာဖွေလေ့လာပြင်ဆင်ပြီးချိန်မှာ အနားယူတယ်။ အင်တာနက်ကနေ၊ ဖေ့ဘုတ်ကနေ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတယ်။ ပြီးတော့ အိပ်တယ်။ အိပ်မက်တွေက လှတယ်။

အနက်ကိုင်ရမယ့်လူငယ်လေးက စဉ်းစားတယ်။ အဖြူသမားရဲ့အဖွင့်ကို ဘာခံစစ်နဲ့ခုခံမလဲ။ သူကစားနေကျ ခံစစ်တွေ၊ လိုင်းခွဲတွေကို အဖြူက လေ့လာပြင်ဆင်ပြီးလောက်ပြီး ဘယ်လောက်ပဲကျေညက်နေပါစေပြောပြော၊ သူ့စိတ်ထဲမှာ မကျေနပ်နိုင်သေးတာအမှန်။ ဒီတော့ ရွှေ့ကွက်အသစ်ရှာရတော့မယ်။ သူစဉ်းစားတယ်။ သေချင်တဲ့ကျား တောပြောင်းတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ ရွှေ့ကွက်အသစ်ကြောင့် သူနိမ့်ဆင်းသွားတာမျိုး အဖြစ်မခံနိုင်ဘူး။ အနည်းဆုံး ညီမျှတဲ့အနေအထား ရှိနေစေချင်တယ်။ ဒါဆိုရင် ရွှေ့ကွက်အသစ်ကြောင့် သူ့ပြိုင်ဘက် စိတ်အနှောင့်အယှက်ဖြစ်သွားတာ အမြတ်။ သူ့ပြိုင်ဘက် သာမန်သုံးစွဲရမယ့်အချိန်ထက် ပိုသုံးစွဲသွားခဲ့ရပြီး အရေးကြီးတဲ့ပွဲလယ်ပိုင်းအတွက် အချိန်နည်းသွားမှာက အမြတ်။ သူကတော့ သူချမှတ်ထားတဲ့ မဟာဗျူဟာအစီအစဉ်ကို ဆက်အကောင်အထည်ဖော်ရုံပဲ။

နောက်နေ့ပြိုင်ပွဲကစားချိန်မှာ အဖြူက သူပြည့်စုံစွာပြင်ဆင်ထားတဲ့ အဖွင့်ပိုင်းရွှေ့ကွက်တွေနဲ့ တိုက်စစ်ဆင်ခဲ့တယ်။ အရေးကြီးတဲ့ အပြောင်းအလဲ အခြေအနေတစ်ခုအရောက်မှာ အနက်က ရွှေ့ကွက် ပြောင်းကစားခဲ့တယ်။ သူပြည့်စုံပြီထင်ထားတဲ့အထဲမှာမပါတဲ့ အကွက်သစ်တစ်ခုနဲ့ ရင်ဆိုင်ရပါရော။ ပုံမှန် သုံးသင့်တဲ့အချိန်ထက် ပိုသုံးလိုက်ရတယ်။ နောက်ပိုင်းအရေးကြီးတဲ့ ပိုရှုပ်ထွေးလာတဲ့ အနေအထားတွေအတွက် အချိန်နည်းသွားတယ်။ ပြိုင်ပွဲဖိအားတွေအောက်မှာ အချိန်တိုတိုလေးသုံးပြီး စဉ်းစားတွက်ချက် ဆုံးဖြတ်ရတာတွေ များလာတဲ့အခါ အမှားပါလာတယ်။ နောက်ဆုံးရှုံးသွားခဲ့တယ်။

သမားရိုးကျပြင်ဆင်မှုတွေ ပြုလုပ်ပြီး လုံလောက်ပြီ၊ ပြည့်စုံပြီအောက်မေ့ စိတ်ချနေတတ်ကြတာတွေ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ နယ်ပယ်တွေမှာ တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် အဆင်ပြေကောင်းပြေနိုင်ပေမယ့် မျှော်လင့်မထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲကြုံရတတ်ပါတယ်။

ရင်ဆိုင်ဖြေရှင်းကျော်လွှားသွားနိုင်သူတွေ တွေ့ရပါတယ်။ ရှုံးနိမ့်သွားသူပိုများကြောင်း စစ်တမ်းတွေက ပြောပါတယ်။ ပြင်ဆင်မှုမပြည့်စုံနိုင်တာကို အခွင့်ကောင်းယူတတ်ရမှာပါ။ ကိုယ်က ပြိုင်ဘက်ကို ဒုက္ခမပေးနိုင်တောင်မှ ပြိုင်ဘက်ကြောင့် ကိုယ်ဒုက္ခမရောက်အောင် ပြင်ဆင်ရမှာပါ။

မောင်မောင်လွင်(စစ်တုရင်)