သတ်ကောင်ကျန်သေးရင်သတိထား စစ်တုရင်ပြိုင်ပွဲကြီးတစ်ခုမှာပါ။ နိုင်ငံနှစ်နိုင်ငံက လူငယ်လေးနှစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြတယ်။ ဆုကြေးငွေပေးတဲ့ပြိုင်ပွဲမဟုတ်ပေမဲ့ နိုင်ရင်ရမယ့် ချန်ပီယံဘွဲ့က အတော်တန်ဖိုးရှိတယ်။ ပြောရရင် ဂုဏ်သိက္ခာအတွက်ပေါ့ဗျာ။ ပြိုင်ပွဲကစားချိန်က ငါးနာရီကျော်လာပြီ။ နှစ်ယောက်စလုံးလည်း အတော်ပင်ပန်း နေကြပြီ။ တစ်ယောက်ကို ရထားတစ်လုံးစီသာ ကျန်နေတော့တဲ့အချိန်မှာ အနက်ကနယ်သာတယ်၊ အကွက် သာတယ်။ အနိုင်ရဖို့ သေချာနေပြီလို့ ဆိုပါစို့။ သာမန်ပွဲတစ်ပွဲသာဆိုရင် အဖြူသမားက အရှုံးပေးသွားလောက်ပြီ။ ဒါပေမဲ့ ထီးတည်းကျန်ရထားနဲ့ လှည့်ပတ်ပြီးခုခံကစားနေတယ်။ ဒီလိုနဲ့ ရွှေ့ကွက်တစ်ရာပြည့်လုလုမှာ အနက်ကမဟာအမှားကြီး လုပ်လိုက်တယ်။ ပွဲဒဏ်၊ အချိန်ဖိစီးမှု ဒဏ်တွေကြောင့် ပြောရင်ပြောပါ။ သူ့နယ်ကို အမှတ်မထင် ရွှေ့လိုက်တဲ့အကွက်က သူ့ဘုရင်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ကိုပိတ်လိုက်သလို ဖြစ်သွားတယ်။ အဖြူသမားက ရထားနဲ့ခွေ (Check) တဲ့အခါမှာ သေပါရော။ ဒီဖြစ်ရပ်ကိုပြန်ကြည့်တော့ အဖြူမှာ သတ်ကောင် (Mating Material) ကျန်နေသေးတာကို သတိမထားမိတာက ပထမ၊ ခွေ (Check) နိုင်တဲ့အနေအထားရှိနေတာက ဒုတိယ၊ ခွေ (Check) တဲ့အချိန်မှာ သေကွက်ပုံစံ (Mating Pattern) ဝင်နေတာက တတိယအချက်တွေကို တွေ့ရပါတယ်။ ဘယ်လောက်ပဲ ဆန်းဆန်းပြားပြားသေကွက်ပုံစံနဲ့ ကြုံရပါတယ်ပြောပြော၊ သတ်ကောင် (Mating Material) ကျန်နေ သေးတာက အဓိကဖြစ်ပါတယ်။ ဒါကြောင့် ရှေးပညာရှင်တွေက ကျူပင်ခုတ်၊ ကျူငုတ်မကျန်ဆိုတဲ့ စကားပုံထားခဲ့တာပါ။ အမြစ်ပြတ် ချေမှုန်းရေးပေါ့။ အကြောင်းအားလျော်စွာကျန်နေသေးတဲ့ အင်အားစုတွေ ရှိနေသေးတယ်ဆိုရင် သေသေချာချာ ဆန်းစစ်ရပါမယ်။ ချေမှုန်းဖယ်ရှားလို့လည်းမရ၊ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ အင်အားလည်းရှိနေတယ်ဆိုရင် သတိ ကြီးကြီးထားရပါမယ်။ အမှားတစ်ခုဟာ ကာလရှည်တည်ဆောက်ခဲ့တာတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ မောင်မောင်လွင် (စစ်တုရင်)