ပရောဂျက်စီမံခန့်ခွဲခြင်း (Project Management)

Project Management မှာ ကုမ္ပဏီကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်စဉ် Process နှင့်မတူ ကွဲပြားသည်။ Project စီမံခန့်ခွဲခြင်းမှာ ရှုပ်ထွေးသည်။ သီးသန့်လုပ်ငန်းတစ်ခုကို စီမံကိန်းအစီအစဉ် ရေးဆွဲသတ်မှတ်၍ ပြီးရမည့်နေ့တွင် မပြီးပြီးအောင် လုပ်ရခြင်းဖြစ်သည်။ Process မှာ လုပ်ငန်း Function တစ်ခုကို တစ်ဆက်တည်းလုပ်၍ ကုန်ပစ္စည်း၊ သို့မဟုတ် လုပ်ဆောင်မှုပြီးစီးသည်အထိ လုပ်သည်။

Project မှာ သီးသန့်တာဝန်ယူရသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စရမည့်နေ့ရက်၊ အပြီးသတ်ရမည့် နေ့ရက်တို့ကို အတိအကျ သတ်မှတ်ထားသည်။ Project ရည်ရွယ်ချက်မှာ ကုန်အသစ်၊ သို့မဟုတ် စက်ရုံအသစ်လုပ်ရန် ဖြစ်တတ်သည်။ Project တစ်ခုပြီးစီးအောင် လုပ်နိုင်ဖို့ လိုအပ်သောကျွမ်းကျင်မှုမှာ Process တစ်ခုတွင် လုပ်ရသောအလုပ်နှင့် ကွဲပြားသဖြင့် Project အတွက် သီးခြားနည်းလမ်းနှင့် စည်းကမ်းစနစ်ရှိရသည်။ Project လုပ်ငန်းအတွက် လူ၊ ငွေ၊ ကုန်ကြမ်း . . . စသည့် သွင်းအားစုများလိုအပ်ပြီး ယင်းတို့ကို စနစ်တကျစီမံ၍ သတ်မှတ်ကုန်ကျစရိတ်အတွင်း သတ်မှတ်နေ့တွင် အပြီးလုပ်ရသည်။ Project Management ၏ ဖခင်ဟု နာမည်ရသူမှာ Henry Gantt ဖြစ်ပြီး Project ပြီးမည့် ရေးဆွဲသောအစီအစဉ်ကို Gantt Chart ဟု ခေါ်သည်။ Gantt Chart မှာ နေ့ရက်၊ ရက်သတ္တပတ်၊ . . . စသဖြင့် Bar Chart ပုံဆွဲခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်ပိုင်း ရောက်သည့်အခါတွင်မှ အထင်ရှားဆုံး Project လုပ်ငန်းသုံး ပုံချပ် The Critical Path Method (CPM) နှင့် Programme evaluation and review technique  (PERT) များ သုံးလာကြသည်။

Critical Path Method (CPM)

CPM သည် ဦးစွာပထမ Project ကို ပေါ်လွင်ထင်ရှားစွာ အလုပ်အစိတ်အပိုင်းများ ပြီးစီးရန် လိုအပ်မည့်အချိန်ကို ဖော်ပြသည်။ ပုံချပ်ပေါ်တွင် မည်သည့်လုပ်ငန်းများမှာ Project အချိန်မီပြီးရန် အရေးကြီးပြီး မည်သည်တို့မှာ အရေးမကြီးကြောင်း ပေါ်လွင်သည်။ လုပ်ကိုင်သည့်ပုံစံမှာ . . .

၁) အလုပ်တစ်မျိုးစီကို သတ်မှတ်ရမည်။

၂) မည်သည့်အလုပ်များကို ဦးစွာလုပ်ရမည်။ (အချို့ အလုပ်မှာ အခြားအရင်လုပ်ရသည့် လုပ်ငန်းများပြီးမှ စနိုင်သည်)

၃) တစ်ခုပြီးတစ်ခု လုပ်ရမည့်ပုံချပ်ကိုရေးဆွဲ၍ အလုပ်အစီအစဉ်ဇယား ရေးဆွဲရသည်။

၄) အလုပ်တစ်ခုစီအတွက် ကြာမည့်အချိန်ကို ခန့်မှန်းရသည်။

၅) Critical Path အဓိကကျသည့်လမ်းကို ရှာရသည်။ ထိုအဓိကကျသည့်လမ်းမှာ ရေးဆွဲထားပြီးသောပုံချပ်မှ အကြာဆုံးကြာမည့်အချိန်ကို ရှာခြင်းဖြစ်သည်။ အဓိကကျသည့်လမ်းပေါ်ရှိ မည်သည့်အလုပ်ကိုမှ နှောင့်နှေး၍ မရပါ။ နှောင့်နှေးပါက Project တစ်ခုလုံးအတွက် ပို၍အချိန်ကြာမည်။

Critical Path ပေါ်တွင်မပါသောအလုပ်များမှာ အတိုင်းအတာတစ်ခုအထိ နှောင့်နှေးသော်လည်း Project ပြီးရမည့်နေ့ကို ထိခိုက်ခြင်းမရှိပေ။ Critical Path ပေါ်တွင် မရှိ၍ နှောင့်နှေးနိုင်သောလုပ်ငန်းများကို ‘Slack’ ၊ သို့မဟုတ် ‘Float’ ဟုခေါ်သည်။ Critical Path ပေါ်ရှိ လုပ်ငန်းများမှာ နှောင့်နှေး၍မရပါ။ လုပ်ငန်းပုံချပ်ပေါ်တွင် Critical Path တစ်ခုမက တွေ့နိုင်သည်။ CPM ပုံချပ်ရှိလျှင် Project Manager အနေဖြင့် လုပ်ရမည့် အလုပ်အမျိုးမျိုးကို မည်သည့်လုပ်ငန်းများသည် Project  ပြီးရမည့်နေ့အမီပြီးရန် မဖြစ်မနေလုပ်ရမည့် အလုပ်များဖြစ်သည်ကို သိသည်။

PjManagement

ပုံတွင်ကြည့်လျှင် Critical Path မှာ Task 1 မှစပြီး ၎င်းနောက် Task 3 နှင့် Task 5 ဖြစ်သည်။ Slack ရနိုင်သည့်လမ်းမှာ Task 2 ၊ Task 4 နှင့် Task 5 တို့ ဖြစ်သည်။ Critical Path ကို သိရှိပြီးသည့်နောက် Project Manager အနေဖြင့် လုပ်ငန်းတစ်ခုချင်း၏ ကုန်ကျစရိတ်၊ လုပ်ငန်းတစ်ခုချင်း ပိုလျင်မြန်စွာလုပ်လျှင် ကုန်ကျမည့်စရိတ်တို့တွက်၍ Project ကို ပိုမြန်အောင် လုပ်သင့်-မသင့်။ လုပ်သင့်ပါက မည်သည်ကအကောင်းဆုံး ဖြစ်နိုင်မည်ကို သိနိုင်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)