ပို့ကုန်သွင်းကုန်လိုင်စင် အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပိုမိုတိုးတက်စေဖို့ ရည်ရွယ်တဲ့ Fully Online Licencing System (ပို့ကုန်သွင်းကုန်လိုင်စင်ကို အွန်လိုင်းတစ်ဆင့် လျှောက်ထားနိုင်ရေး) အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ UMFCCI မှာ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်က မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့ပါတယ်။ ပွဲကို ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ကိုယ်စားလှယ်တွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပွဲကို အွန်လိုင်းစနစ်နဲ့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ မိတ်ဆက်တဲ့အနေနဲ့ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ပွဲမှာမြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းက အွန်လိုင်းကနေ ပို့ကုန်သွင်းလိုင်စင် ဘယ်လိုလျှောက်ထားနိုင်မယ်၊ ဘယ်ကုန်စည်တွေ လျှောက်ထားနိုင်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။

[caption id="attachment_25848" align="alignnone" width="720"]ဦးမျိုးခိုင်ဝင်း
ဒုတိယညွှန်ကြားရေးမှူး
မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန[/caption]

ဒီစနစ်မှာ ပို့ကုန်သွင်းကုန်လိုင်စင်ကို သက်ဆိုင်ရာဌာနကို လူကိုယ်တိုင်သွားရောက်ထုတ်ယူစရာမလိုတော့ဘဲ အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားထုတ်ယူနိုင်တဲ့စနစ်၊ ငွေပေးချေမှုစနစ်၊ လိုင်စင်အချက်အလက် စစ်ဆေးမှုစနစ်၊ ငွေကြေးလုံခြုံမှုစနစ်၊ ထောက်ခံချက်ပေးပို့စစ်ဆေးနိုင်တဲ့စနစ် စတာတွေ ပါပါတယ်။ မြန်မာနိုင်ငံမှာ ဒီစနစ်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်း စတင်အသုံးပြုနိုင်ဖို့ ဆောက်ရွက်နေပါတယ်။ စတင်ချိန်မှာတော့ ထောက်ခံချက်မလိုတဲ့ ပို့ကုန်သွင်းကုန်ကုန် ပစ္စည်းတချို့နဲ့ ထုတ်ပေးသွားပြီး ကျန်ကုန်ပစ္စည်းတွေကိုတော့ နောက်ပိုင်းမှာ အွန်လိုင်းကနေတစ်ဆင့် လိုင်စင်လျှောက်ထားနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လိုင်စင်ကို အွန်လိုင်းကနေ အခက်အခဲတစ်စုံတစ်ရာမရှိရင် ဆယ်မိနစ်ခန့် အချိန်အတွင်းမှာ လျှောက်ထားထုတ်ယူနိုင်မှာဖြစ်တဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းတွေလည်း ပိုမိုလျင်မြန်စွာ ပြုလုပ်လာနိုင်မှာပါ။

ဒါအပြင် လက်ရှိမှာ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းပြီး CMP အထည်ချုပ်လိုင်စင် လျှောက်ထားရာမှာ လိုအပ်တဲ့ ထောက်ခံချက်ပေးမှုနဲ့ Kg ရာခိုင်နှုန်းတွက်ချက်မှုတို့ကို အွန်လိုင်းစနစ်နဲ့ ချိတ်ဆက်ပြီး သက်ဆိုင်ရာစက်ရုံကနေ လျှောက်ထားနိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်။ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ကိုလည်း အကောက်ခွန်ဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး အထောက်အကူပြု လုပ်ငန်းစဉ်တစ်ခုအဖြစ် လုပ်ငန်းစဉ်တွေ သိရှိနိုင်ဖို့အတွက် ကုန်သွယ်မှုဘဏ်တိုက်ကိုလည်း ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်မှာ USAID ရဲ့ အကူအညီနဲ့ တရားဝင်လွှင့်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ National Trade Portal ကို Asean Trade Repositry နဲ့လည်း ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်မှု အချက်အလက်တွေကို လုပ်ငန်းရှင်တွေ သိရှိလေ့လာနိုင်မှာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အွန်လိုင်းစနစ် အသုံးပြုတာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုလျင်မြန် ချောမွေ့စေခြင်းနဲ့ အချိန်ကုန်ငွေကုန်သက်သာစေခြင်း ဆိုတဲ့အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ပြောကြားခဲ့တဲ့မိန့်ခွန်းက ကောက်နုတ်တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးခဲ့တဲ့ ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ အရင်က ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရာမှာ စီးပွားကူးသန်း ဝန်ကြီးဌာနက ရန်ကုန်မှာတင်ရှိတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် အခက်အခဲမရှိခဲ့ပေမဲ့ ဝန်ကြီးဌာနက နေပြည်တော်ကို ပြောင်းရွှေ့သွားတဲ့အခါမှာတော့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေ ရှိလာခဲ့ပါတယ်။

အရင်ကလည်း ပို့ကုန်သွင်းကုန်လိုင်စင်ကို အွန်လိုင်းကနေ လျှောက်ထားနိုင်တယ်ဆိုပေမဲ့ လိုင်စင်ကို နေပြည်တော်မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရတာဖြစ်တာကြောင့် အခက်အခဲတွေ ရှိနေခဲ့ပါသေးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့ဖို့ဆိုတာ အဓိကကျတဲ့အတွက် ကုန်သွယ်မှု လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပို့ကုန်သွင်းကုန်လိုင်စင်ကို အွန်လိုင်းကနေ လျှောက်ထားနိုင်ဖို့ ဝန်ကြီးဌာနဘက်က လုပ်ဆောင်ပေးခဲ့တာက လုပ်ငန်းရှင်တွေအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

ဒါအပြင် လုပ်ငန်းရှင်တွေအနေနဲ့ အွန်လိုင်းကနေ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားနိုင်ရုံတင်မကဘဲ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းတွေ၊ Myanmar Automatic Cargo Clearness System (MACCS) စတင်ချိန်မှာလည်း အွန်လိုင်းကနေ တိုက်ရိုက်ဆက်သွယ် အသုံးပြုနိုင်မှာဖြစ်တာကြောင့် ပြည်ပနဲ့ဆက်သွယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်ကောင်းတစ်ခုဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အွန်လိုင်းကနေ လိုင်စင်လျှောက်ထားရာမှာ ကိုယ့်ရဲ့အချက်အလက်တွေ စုံလင်မှန်ကန်အောင် စစ်ဆေးဖို့ လိုပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနဟာ အွန်လိုင်းကနေ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးရုံတင်မကဘဲ တစ်ချို့ကုန်ပစ္စည်းတွေကို လိုင်စင်လျှောက်ထားဖို့ မလိုအောင် ဖြေလျှော့ပေးနေတယ်လို့လည်း သိရပါတယ်။ အရင်က ပြည်ပပို့ဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းတွေထဲက အချို့ကိုလည်း ပြည်ပတင်ပို့နိုင်အောင် ဆောင်ရွက်နေပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ နယ်စပ်က လုပ်ငန်းရှင်တွေကိုလည်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် (IDC) နဲ့ ခွင့်ပြုဆောင်ရွက်ခွင့်ပေးထားတာကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးထားတဲ့အတွက် လုပ်ငန်းတွေ ပိုမိုချဲ့ထွင်လာနိုင်မှာဖြစ်သလို နိုင်ငံတော်ရဲ့ ကုန်သွယ်မှုပမာဏ တိုးတက်လာစေမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားခဲ့ပါတယ်။

Fully Online Licencing System နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိချင်ရင်တော့ www.commerce.gov.mm မှာ ပို့ကုန်သွင်းကုန်လိုင်စင် ဘယ်လိုလျှောက်ထားနိုင်တယ်ဆိုတာကို ဝင်ရောက်လေ့လာနိုင်ပြီး www.myanmartradenet.com မှာ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

ကိုဒီ