နယ်ထပ်တာလက်ခံသင့်ရင် လက်ခံပါ

JuneChess

စစ်တုရင်ကစားရာမှာ ကိုယ့်နယ်တွေကို မထပ်အောင် သတိထားရပါတယ်။ နယ်ထပ်တယ်ဆိုတာက ဒေါင်လိုက်လိုင်း (File) ပေါ်မှာအရောင်တူနယ် တစ်လုံးထက် ပိုပြီးရှိနေတာကိုဆိုလိုတာပါ။ ထပ်နယ် (Doubled Pawns) တွေဟာ အားနည်းပါတယ်။ နယ်နှစ်ရုပ်ထပ်နေပြီဆိုရင် နယ်တစ်ရုပ်သာသာပဲ အားရှိပါတယ်။ နိဂုံးပိုင်း (Ending) တွေရောက်ရင် နယ်အရေအတွက်ချင်း တူစေဦးတော့ နယ်တွေထပ်နေရင် ရှုံးဖို့များပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလလယ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အိုးပင်းစစ်တုရင်ပြိုင်ပွဲကြီး ကျင်းပခဲ့ပါတယ်။ ၁၆ ကြိမ်မြောက်ဖြစ်ပြီး အတန်းနှစ်တန်းခွဲ ကျင်းပခဲ့ရာမှာ ၄၃ နိုင်ငံမှ စစ်တုရင်သမား ၃၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂရင်းမာစတာ ၁၃ ဦးအပါအဝင် မာစတာအဆင့်ရှိသူ ၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံစုံကလူငယ်တွေ တော်တော်များများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ တွေ့ရတယ်။ ၁၃ နှစ်အရွယ် သြစတြေးလျနိုင်ငံသူလေး လီလီယန်လည်း အပါအဝင်ပေါ့။

အရေးကြီးတဲ့ပွဲတစ်ပွဲမှာ ရှုပ်ထွေးတဲ့ ပွဲလယ်ပိုင်းကို ရောက်လာတယ်။ လီလီယန်အနေနဲ့ နယ်အထပ်ခံပြီး ရထားလိုင်းဖွင့်နိုင်တဲ့ အနေအထားပါ။ ရထားလိုင်းဖွင့်ပြီးရင် တိုက်စစ်အားကောင်းလာမှာဖြစ်ပေမဲ့ လီလီယန် မလုပ်ခဲ့ပါဘူး။ အနေအထားပျက်ပြား အားနည်းသွားမှာ စိုးတာကြောင့်ပါ။ သရေကျရမယ့်ပွဲဆုံးပိုင်းမှာ အချိန်ဖိစီးပြီး ရှုံးခဲ့တယ်။ ပွဲအပြီးမှာနည်းပြဆရာနဲ့ ပြန်သုံးသပ်လေ့လာပါတယ်။ ပွဲရဲ့အရေးအကြီးဆုံး အလှည့်အပြောင်းဖြစ်တဲ့ ရထားလိုင်းဖွင့်ခွင့်ရချိန်မှာသာ သေသေချာချာ သုံးသပ်တွက်ချက်ခဲ့ရင် နယ်အထပ်ခံပြီး တိုက်စစ်ဆင်ဖို့ရွေးခဲ့မှာပါ။ အဲဒါဆိုရင် ပွဲကအဖြေ သေချာပေါက်ပြောင်းသွားမှာပါ။ အဆင့်မြင့်စစ်တုရင် ကွန်ပျူတာတွေက လီလီယန်အနိုင်ရမှာကို လိုင်းခွဲပေါင်းစုံနဲ့ တညီတညွတ်တည်း ပြခဲ့ပါတယ်။

ထပ်နယ်ဟာအားနည်းတယ်ဆိုပေမဲ့ အားနည်းတာတစ်ခုကို လက်ခံလိုက်ပြီး ပြန်ရလာမယ့် အားသာချက်ကို သေသေချာချာမတွက်ခဲ့တာ၊ သမားရိုးကျ သီအိုရီနဲ့ လုံခြုံရေးအဓိကကစားခဲ့တာတွေက အဖြေကိုက ပြောင်းပြန်ဖြစ်စေခဲ့တာပါ။

ပြိုင်ဆိုင်ရတဲ့နယ်ပယ်တိုင်းမှာ ပြိုင်ဆိုင်မှုတိုင်းမှာ ယှဉ်ပြိုင်နေရင်းနဲ့ ကြုံလာရတဲ့အခြေအနေတွေအပေါ်မှာ အဆိုးနဲ့အကောင်း၊ အားနည်းမှုနဲ့ အားသာမှု၊ ပေးဆပ်မှုနဲ့ရရှိမှု ဂရုတစိုက်ချိန်ဆရမှာပါ။ စင်းလုံးချော ပြည့်စုံကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုရဖို့ဆိုတာ အင်မတန်ခက်ပါတယ်။

မောင်မောင်လွင် (စစ်တုရင်)