အမေရိကန်သင်တန်းတစ်ခုဖြစ်တဲ့ Seal Training မှာ ဆိုရင် ဂရုတစိုက်လုပ်တတ်ဖို့၊ ခဏတာနာကျင်မှုတွေကနေ ခံနိုင်ရည်ရှိဖို့ စတာတွေကို သင်ယူရပါတယ်။ ဒါအပြင် သင်တန်းမှာ သူတစ်ပါးကို စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်မယ့်နည်းလမ်းတွေကိုလည်း သင်ယူရပါတယ်။
တကယ်အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတွေဟာ အစည်းအဝေးခန်းမထဲမှာပဲဖြစ်ဖြစ် စစ်မြေပြင်မှာပဲဖြစ်ဖြစ် အောင်မြင်မှုကိုရယူနိုင်ဖို့အတွက် တကယ်ကောင်းမွန်တဲ့နည်းဗျူဟာတွေ၊ မှန်ကန်တဲ့ရွေးချယ်မှုတွေကို ချမှတ်နိုင်ကြပါတယ်။ တစ်ပါးသူတွေကို သူတို့မလုပ်ချင်တဲ့အချိန်မှာ မလုပ်လိုတဲ့ အကြောင်းအရာတွေကို စိတ်ဓာတ်တက်တက်ကြွကြွနဲ့ လုပ်ချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့နည်းလမ်းတွေက တကယ်တော့ အများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲက ခေါင်းဆောင်ကောင်းတွေအနေနဲ့ တစ်ပါးသူကိုလှုံ့ဆော်ပေးနိုင်ဖို့ မဖြစ်မနေ သိထားသင့်တဲ့ အကောင်းဆုံးနည်းလမ်းကိုးခုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
၁။ ရင်းနှီးမှု ခိုင်မြဲပါစေ
ကျွန်တော့်ရဲ့ပထမဆုံးအလုပ်မှာတုန်းက ''သင်ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို သူတို့မသိမချင်း သင် ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး'' ဆိုတဲ့စကားကို မှတ်သားခဲ့မိပါတယ်။ ကျွန်တော့်ရဲ့သက်တမ်းတစ်လျှောက် SEAL သင်တန်းကျောင်းဟာ တခြားအစိုးရအေဂျင်စီတွေ၊ အဖွဲ့အစည်း တွေရဲ့ကူညီပံ့ပိုးမှုမပါဘဲ သီးသန့်လုပ်လေ့မရှိဘူးဆိုတာလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။
၂။ ကိုယ့်ရဲ့အတ္တတွေ၊ မာန်မာနတွေကို ခဝါချထားလိုက်ပါ
သင့်လူတွေကို တကယ်လှုံ့ဆော်နိုင်ချင်တယ်ဆိုရင် လူတိုင်းကို သင့်ရင်ထဲမှာရှိတဲ့အတိုင်းပဲ ရိုးသားပွင့်လင်း စွာနဲ့ဆက်ဆံပါ။ သင်ဘယ်နေရာမှာ ဘယ်လောက်ထိ ကျွမ်းကျင်နေပြီဖြစ်တယ်ဆိုတာကို သူတို့တွေ သိထား ပြီးဖြစ်တယ်ဆိုရင် ဒါကိုပဲကြွားဝါနေသလို အခေါက်ခေါက်အခါခါပြောနေတာက သင့်အပေါ် သူတို့တွေရဲ့ ယုံကြည်နေတဲ့၊ ကြည်ညိုနေတဲ့စိတ်တွေပါ ပျောက်သွားနိုင်ပါတယ်။ ဒါကအရင်ကတည်းက အခုအချိန် အထိမှန်နေတဲ့ ဆိုရိုးစကားတစ်ခုပါ။
၃။ အောင်မြင်မှုကို သရုပ်ခွဲပါ
သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာကို သိပြီဆိုရင် အောင်မြင်မှုရသည် အထိ အခေါက်ခေါက်အခါခါ ကြိုးစားပါ။ မဆုံးရှုံးသင့်တာတွေ၊ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် သင်ချမှတ်ထားတာတွေကို သင့်ရဲ့လူတွေလုပ်နိုင်၊ မလုပ်နိုင်လည်း အမြဲဂရုစိုက်သင့်ပါတယ်။ သူတို့ မလုပ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေကို လုပ်နေရရင်တောင် အောင်မြင်မှုရဖို့ဆို မဖြစ်နိုင်တဲ့အပြင် သူတို့တွေအနေနဲ့ အရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။
၄။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချပါ
အောင်မြင်မှု၊ ဒါမှမဟုတ် ပန်းတိုင်ကို အရယူနိုင်ဖို့အတွက် ကိုယ်နဲ့ကိုယ့်ဝန်ထမ်းတွေအားလုံးရဲ့ စွမ်းဆောင် ရည်တွေကို အပြည့်အဝအသုံးချနိုင်ဖို့လိုပါတယ်။ တကယ်စစ်မှန်တဲ့အောင်မြင်မှုကို ရရှိနိုင်ဖို့အတွက် တကယ် လိုအပ်တဲ့နေရာတွေမှာ တကယ်ကျွမ်းကျင်တဲ့လူတွေကို ရွေးချယ်ခန့်ထားနိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ စစ်မှန်တဲ့အောင်မြင်မှု ရယူနိုင်ဖို့ လိုအပ်တဲ့သင်ယူမှုတွေ၊ လေ့လာမှုတွေ ပြုလုပ်နေဖို့ လိုပါတယ်။
၅။ သူတို့စိတ်ကြိုက်လုပ်ဆောင်ပါစေ
ကိုယ့်ရဲ့ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားသင့်ပါတယ်။ ဒါကြောင့် သူတို့ရဲ့လုပ်ပိုင်ခွင့်ကို တားမြစ်ပိတ်ပင်တာမျိုး မပြုလုပ်သင့်ပါဘူး။ သူတို့တွေရဲ့လုပ်ငန်းတွေကို အကောင်းဆုံးပြုလုပ်နိုင်စေဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လုပ်ပိုင်ခွင့် အပြည့်အဝေပေးထားသင့်ပါတယ်။
၆။ ဂရုတစိုက် နားထောင်ပါ
တစ်ပါးသူရဲ့ပြောစကားကို နားထောင်တယ်ဆိုတာတောင်မှ သူများပြောတာကို သေသေချာချာနားလည်အောင် ကြိုးစားပြီးနားထောင်တဲ့သူနဲ့ နားလည်ချင်ယောင်ဆောင်ပြီး ငါ့စကားနွားရဆိုသလို ကပျက်ယပျက်နဲ့ အတင်းလုပြောတတ်တဲ့လူဆိုပြီး နားထောင်သူမှာတောင် နှစ်မျိုးကွဲပါသေးတယ်။ ပထမအမျိုးအစား နားထောင်သူတွေက တစ်ပါးသူဘာဆိုလိုတယ်ဆိုတာကို နားလည်ဖို့အတွက် သူတို့ပြောချင်တဲ့စကားတွေ ရှိတယ်ဆိုရင်တောင် ရင်ထဲမှာသိမ်းထားပြီး တစ်ပါးသူပြောတာကိုပဲ ဂရုတစိုက်နဲ့ နားထောင်ကြပါတယ်။ နောက်တစ်မျိုးကတော့ သူတို့ပြောချင်တာကို ပြောရဖို့ မအောင့်အည်းနိုင်တဲ့အတွက် တစ်ပါးသူပြောနေတာကို အတင်းရပ်ခိုင်းတာတို့၊ လုပြောတာတို့၊ ဖြတ်ပြောတာတို့ ပြုလုပ်တတ်ကြပါတယ်။
၇။ သင့်ရဲ့စိတ်အားထက်သန်မှုကို ထိန်းချုပ်ပါ
စိတ်တွေ တအားလှုပ်ရှားနေတာက လက်ပစ်ဗုံးတစ်လုံးလို အချိန်မရွေး ပေါက်ကွဲသွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လည်း Emotional Intelligence (EI) က တအားအရေးကြီးတာ ဖြစ်ပါတယ်။ EI ဟာ သူကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ စိတ်ခံစားချက်ကို အဓိပ္ပာယ်ကောက်နိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ EI ကို ကိုယ်တိုင်သတိပြုမိတာ၊ လူမှုရေးအရသတိပြုမိတာ၊ ကိုယ်တိုင်စီမံခန့်ခွဲတာနဲ့ ပုဂ္ဂိုလ်ရေးအရစီမံခန့်ခွဲတာ ဆိုပြီး အပိုင်းလေးပိုင်းခွဲထားပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်တာက ကောင်းပါတယ်။ ဘယ်သူကမှတော့ သင်တအားစိတ်လှုပ်ရှားနေတဲ့အခါမျိုး (စိတ်ဆိုးနေတဲ့အခါမျိုး) မှာဆိုရင် လက်ပစ်ဗုံးအနားမှာ မနေကြသလိုဘဲ နေမှာ မဟုတ်ပါဘူး။
၈။ ခံနိုင်ရည်ရှိအောင်တည်ဆောက်ပါ။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာတွေကို သင်ထိန်းချုပ်နိုင်လေလေ တခြားသူရဲ့ သင့်ကို လေးစားစိတ်တွေကလည်း ပိုလာလေလေပါပဲ။ လူတိုင်းဟာ အဆင်းရဲဆုံးဘဝကနေ အချမ်းသာဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုတဲ့ အကြောင်းတွေ၊ ကလေးတစ်ယောက်ကို ကယ်ဖို့စွန့်စွန့်စားစား ကြိုးစားခဲ့ရတဲ့ မိဘတွေရဲ့အကြောင်းတွေ နားထောင်ရတာကို နှစ်သက်ကြပါတယ်။ ဒီအကြောင်းတွေ သူတို့ကို များများ ပြောပေးတာက သူတို့တွေရဲ့စိတ်ကို လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
၉။ စကားကျယ်ကျယ်ပြောပါ။
လူတွေဟာ သင်ပြောလိုတဲ့အကြောင်းအရာပေါ် ဘယ်လိုရပ်တည်လဲ၊ သင်ပြောတဲ့အကြောင်းအရာကိုကော သူတို့တွေက လက်ခံသလားဆိုတဲ့ အချက်နှစ်ချက်ကိုတော့ သိဖို့လိုအပ်ပါတယ်။ တခြားလူတွေက သင်သူတို့အပေါ် ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လောက်အလေးထားတယ်ဆိုတာ မသိဘူးဆိုရင် မလို မုန်းထားမှုတွေနဲ့ မနာလိုမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ သင့်ကိုယ်သင် အမြဲတမ်း ပေါင်းသင်းဆက်ဆံရေး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် သင်ယူသင့်ပါတယ်။
သင်တခြားသူတွေကို လှုံ့ဆော်ချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ လှုံ့ဆော်တာက အကောင်းဆုံးလဲဆိုတာကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဖော်ပြထားတဲ့ အကြောင်းအရာတွေထဲက တစ်ခုခုကို နေ့စဉ်လေ့ကျင့်မယ်ဆိုရင် တစ်နေ့နေ့မှာ သင်ဟာ အံ့ဖွယ်ကောင်းလောက်အောင် သူတစ်ပါးကို လှုံ့ဆော်ပေးနိုင်လာမှာ ဖြစ်ပါတယ်။
ကိုဒီ