ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာဖြန့်ဝေပေးရေး ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်နဲ့ ၂၅ ရက်က ရန်ကုန်မြို့ရှိ၊ Chatrium ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ယှဉ်ပြိုင်မှုဥပဒေသတ်မှတ်ရေးအတွက် တာဝန်ရှိသူတွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရဌာနတွေအသီးသီးက တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ဥပဒေပညာရှင်တွေနဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ဗီယက်နမ်နိုင်ငံတို့က ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ယှဉ်ပြိုင်မှုဥပဒေနဲ့ပတ်သက်ပြီး ပွဲကတာဝန်ရှိသူတွေနဲ့ မေးမြန်းဖြစ်ခဲ့တာတွေကို CEO စာဖတ်ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဦးဟန်လင်းဇော်
ဒုတိယညွှန်ကြားရေးမှူး
ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖြစ်ပုံ . . .
၂၀၀၇ ခုနှစ်က အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြားထဲ လွတ်လပ်စွာယှဉ်ပြိုင်နိုင်ဖို့၊ ကုန်သွယ်မှု လွတ်လပ်ဖို့အတွက် ကတိပြုခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ကို ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ယှဉ်ပြိုင်မှုဥပဒေကို အကောင်အထည် ဖော်ဆောင်ရမယ်ဆိုတဲ့ သဘောတူညီချက်ကို ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ အာဆီယံက ချမှတ်လိုက်တဲ့ ကတိကဝတ်တွေအတိုင်း မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေ ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံမှာ ကမ္ဘောဒီးယားကလွဲရင် ကျန်တဲ့ကိုးနိုင်ငံမှာ ယှဉ်ပြိုင်မှု ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အပြိုင် ယှဉ်ပြိုင်မှုဥပဒေကိုပြဋ္ဌာန်းတဲ့ နိုင်ငံတွေကတော့ လာအို၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို အခုမှယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းလိုက်တဲ့နိုင်ငံတွေကို ယှဉ်ပြိုင်မှုဥပဒေဖွံ့ဖြိုးပြီးဖြစ်တဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေက ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပံ့ပိုးမှုတွေကို ပြုလုပ်ပေးနေပါတယ်။ အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်မှာရှိတဲ့ ယဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Programme - CLIP) အရ နေပြည်တော် မှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂ ရက်နဲ့ ၃ ရက်မှာ ပထမအကြိမ်ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပံ့ပိုးရေး ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နေပြည်တော်အထိလာရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ အခက်အခဲတွေရှိခဲ့တာကြောင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်အနည်းငယ်ပဲ လာရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ၂၀၁၅ ခုနှစ်၊ မေလ ၇ ရက်နဲ့ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာဆီယံ-သြစတြးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသယှဉ်ပြိုင်မှု ကော်မတီအစည်းအဝေးရဲ့ ဆွေးနွေးချက်အရ မြန်မာနိုင်ငံအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပုဂ္ဂလိကကဏ္ဍက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ဖို့ အဆင်ပြေနိုင်မယ့် ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ထပ်မံကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ယှဉ်ပြိုင်မှုဥပဒေဆိုတာဘာလဲ၊ ယှဉ်ပြိုင်မှုရဲ့ သဘောသဘာဝတွေက ဘာလဲ၊ ဘယ်လိုယှဉ်ပြိုင်မှုတွေက တရားမျှတမှုမရှိဘူးလဲအစရှိတဲ့ ယှဉ်ပြိုင်မှုနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းပြပေးခဲ့ပါတယ်။
ယှဉ်ပြိုင်မှုဥပဒေဆိုတာ . . .
ယှဉ်ပြိုင်မှုဥပဒေဆိုတာ ဈေးကွက်အတွင်း လွတ်လပ်မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှု ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးပြီး နိုင်ငံနဲ့ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ အသိုက်အဝန်းကိုရောက်ရှိစေရေး၊ စီးပွားရေးလုပ်ငန်းတွေ တစ်ပြေးညီတိုးတက်လာစေရေးနဲ့ သာတူညီမျှခံစားခွင့်ရရှိစေရေး၊ ကုန်စည်တွေရဲ့ဈေးနှုန်းကို ညှိနှိုင်းသတ်မှတ်ပြီး ဈေးကွက်ထိန်းချုပ်ခြင်းကြောင့် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ရေး၊ စီးပွားရေးလုပ်ငန်းတွေကြားမှာ မျှတတဲ့ယှဉ်ပြိုင်မှုပေါ်ထွန်းလာရေး၊ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံအချင်းချင်းဆိုင်ရာ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ၊ ငွေကြေးစီးဝင်မှုများအတွက် လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သော စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရေး၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုမူဝါဒများနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်းဖြင့် တီထွင်ကြံဆမှုစွမ်းရည်ကို အားပေးမြှင့်တင်ရေးတို့ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံမှာ ယှဉ်ပြိုင်မှုဖြစ်ပေါ်လာပုံချင်းမတူကြပါဘူး။ တချို့နိုင်ငံတွေဟာ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာပြီးမှ ယှဉ်ပြိုင်မှုဥပဒေ လိုအပ်မှန်းသိလို့ ရေးဆွဲပြဌာန်းကြတယ်။ တချို့ကျတော့ ထိခိုက်လာနိုင်တာကို ကြိုမြင်လို့ရေးဆွဲပြဋ္ဌာန်းကြတယ်။ ဥပမာအနေနဲ့ အင်ဒိုနီးရှားမှာဆိုရင် စီးပွားရေးလက်ဝါးကြီးအုပ်တဲ့လူတွေ တအားများတဲ့အတွက် စီးပွားရေးကျဆင်းလာတဲ့အတွက်ကြောင့် ယှဉ်ပြိုင်မှုကိုထိန်းချုပ်မယ့် ဥပဒေက မရှိမဖြစ်လိုလာပြီဆိုပြီးတော့ ယှဉ်ပြိုင်မှု ဥပဒေကိုဆွဲတယ်၊ ယှဉ်ပြိုင်မှု ကော်မရှင်ကို ထောင်တယ်။ အဲဒီနောက်မှာမှ မမျှတတဲ့ ယှဉ်ပြိုင်မှုတွေကို ထိထိရောက်ရောက် အရေးယူခဲ့တာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုဥပဒေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲ . . .
ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းတာရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေဟာ လွတ်လွတ်လပ်လပ် မျှမျှတတနဲ့ ယှဉ်ပြိုင်နိုင်စေဖို့ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဈေးကွက်မှာ လက်ဝါးကြီးအုပ်မှုတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအချင်းချင်း ဈေးညှိပြီး တန်ရာတန်ကြေးထက် ဈေးနှုန်းမြှင့်တာတွေ၊ ဈေးကွက်ကို ထိန်းချုပ်တာတွေ၊ တခြားစီးပွားရေးလုပ်ငန်းရှင်တွေကို ဈေးကွက်မှာ ပြိုင်လို့မရအောင် နှောင့်ယှက်တာတွေ၊ ဈေးကွက်ထဲဝင်လာလို့မရအောင် ကန့်ကွက်တားဆီးတာတွေ၊ တခြားလုပ်ငန်းရဲ့ လျို့ဝှက်ချက်ကို မသမာတဲ့နည်းနဲ့ ဖော်ထုတ်ပြီး ယှဉ်ပြိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ယှဉ်ပြိုင်မှုဥပဒေနဲ့ အရေးယူဆောင်ရွက်ထားတာတွေရှိပါသလား . . .
မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့က ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းပြီးပြီဆိုပေမဲ့ ဥပဒေစတင်အသက်ဝင်ဖို့အတွက် နည်းဥပဒေရှိဖို့နဲ့ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့ကို ဖွဲ့နိုင်ဖို့ လိုပါသေးတယ်။ ဒါကြောင့် လောလောဆယ် မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ကုမ္ပဏီအချို့က တိုင်ထားတာတွေရှိပေမဲ့ ဥပဒေအသက်မဝင်သေးတဲ့အတွက် အရေးယူဆောင်ရွက်နိုင်ခြင်းတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိဖို့လိုတယ်ဆိုပေမဲ့ တခြားမူဝါဒတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်သွားဖို့လိုပါတယ်။
တခြားနိုင်ငံတွေမှာတော့ အရေးယူဆောင်ရွက်မှုတွေ ရှိနေပါပြီ။ ဥပမာ - အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာဆိုရင် ပြည်ပကနေ ကျောင်းတက်ဖို့ဆိုပြီး နိုင်ငံထဲဝင်လာခဲ့ပေမဲ့ ကျောင်းမတက်ဘဲ အလုပ်လုပ်နေကြတာတွေ ရှိတဲ့အတွက် အစိုးရကနေပြီးတော့ ကျောင်းသားတွေရဲ့ Document တွေကို စစ်ဆေးဖို့အတွက် ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီက ကျောင်းတက်ဖို့ ဗီဇာလျှောက်ထားမှုတွေကို စစ်ဆေးပါတယ်။ နောက်ပိုင်းကျတော့ မလေးရှားမှာ ကျောင်းတက်မယ့်ပြည်ပ ကျောင်းသားတိုင်း အာမခံလုပ်ရမယ်လို့ သတ်မှတ်လိုက်တယ်။ အဲဒီလို အာမခံလုပ်ပေးတဲ့အခါမှာ သူတို့နဲ့ချိတ်ဆက်ထားတဲ့ အာမခံကုမ္ပဏီတစ်ခုတည်းမှာပဲ ကျောင်းသားတွေကို အာမခံလုပ်ပေးပြီး ကျန်တဲ့ကုမ္ပဏီတွေက အာမခံလုပ်ပေးလို့မရဘူး။ ဒါကြောင့် သူက စီးပွားရေးကို တစ်ဦးတည်းလက်ဝါးကြီးအုပ်သလို ဖြစ်နေတာကြောင့် ကျန်တဲ့အာမခံလုပ်ငန်းရှင်တွေက ယှဉ်ပြိုင်မှုကော်မရှင်ကို လာတိုင်တဲ့အတွက် အရေးယူခဲ့တာတွေရှိပါတယ်။ အစိုးရက ကျောင်းသားတွေကို အာမခံထားဖို့ အာမခံကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ပေမဲ့ စီးပွားရေးကို တစ်ဦးတည်းလက်ဝါးကြီးအုပ် သလိုဖြစ်တာကြောင့် ယှဉ်ပြိုင်မှုကော်မရှင်က အဲဒီ ကုမ္ပဏီကို ပထမအဆင့်အနေနဲ့ ဆက်မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမလုပ်ဖို့ သတိပေးတာကို ဆက်လုပ်တဲ့အတွက် ကုမ္ပဏီကို ယှဉ်ပြိုင်မှုကော်မရှင်က အရေးယူလိုက်တာတွေရှိပါတယ်။ ဒါဟာ အစိုးရနဲ့ ယှဉ်ပြိုင်မှုကော်မရှင်အကြားဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် စီးပွားရေး လုပ်ငန်းရှင်အချင်းချင်း မတရားညှိပြီး ဆောင်ရွက်တာတွေကို အရေးယူခဲ့တာတွေလည်း ရှိတယ်ဆိုတာ လေ့လာခဲ့ဖူးပါတယ်။ ထင်ရှားတာတွေကတော့ လေလံတွေ၊ တင်ဒါကိုညှိပြီး ရယူတာတွေ၊ ပို့ဆောင်ရေး ကဏ္ဍမှာ လက်မှတ်ခတွေညှိပြီး တင်တာတွေကတော့ အများအပြားကို တွေ့ရပါတယ်။
ဒီဥပဒေဟာ ဘယ်အချိန်လောက်မှာ အသက်ဝင်လာမှာပါလဲ . . .
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ ရက်မှာ အသက်ဝင်လာမှာဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြဋ္ဌာန်းပြီးတာနဲ့ ချက်ချင်းအသက်ဝင်လို့မရပါဘူး။ ဘာလို့လဲဆိုရင် ဥပဒေအကြောင်းကိုသိတာဟာ ဥပဒေကိုရေးဆွဲတဲ့ လူနဲ့ ပညာရှင်နည်းနည်းပဲ ရှိဦးမှာဖြစ်ပါတယ်။ ဒီအချိန်မှာ တချို့စီးပွားရေးလုပ်ငန်းရှင်တွေဟာ လက်ရှိသူတို့ လုပ်နေတဲ့ အပြုအမူတွေက ယှဉ်ပြိုင်မှုဥပဒေကို ချိုးဖောက်နေလား၊ မချိုးဖောက်ဘူးလားဆိုတာတောင် သိကြမှာမဟုတ်ပါဘူး။ ဒါကို မသိသေးတဲ့အချိန်မှာ ဥပဒေကို ချက်ချင်းသာ အသက်ဝင်လိုက်မယ်ဆိုရင် သူတို့က ဥပဒေကိုချိုးဖောက်နေမိလျက်ကြီး ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေအသက်မဝင်ခင်စပ်ကြားမှာ ကျွန်တော်တို့က ယှဉ်ပြိုင်မှုဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာတွေကို နည်းအမျိုးမျိုးနဲ့ ဖြန့်ဝေပေးသွားမှာဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကိုလည်း ပြင်ဆင်ချိန်ပေးသွားရမှာ ဖြစ်ပါတယ်။ အသိပညာဖြန့်ဝေပေးတဲ့နေရာမှာလည်း ရုပ်သံအစီအစဉ်တွေ၊ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ စာအုပ်တွေရိုက်နှိပ်ပြီး ဖြန့်ဝေပေးတာတွေ၊ လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေပေးတာတွေ၊ အင်တာနက်ကို အသုံးပြုပြီးဖြန့်ဝေပေးတာတွေ၊ သတင်းအချက်အလက်ဌာနတွေ ထားရှိပေးတာတွေ အစရှိတာတွေကို ပြုလုပ်သွားမယ့်အပြင် နောက်ပိုင်းမှာ ပညာရေးအပိုင်းမှာပါ ချိတ်ဆက်သင်ကြားပေးသွားဖို့ ရည်ရွယ်ထားပါတယ်။
ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အတွက် ရရှိလာမယ့် အကျိုးကျေးဇူးတွေ . . .
အကျိုးကျေးဇူးအနေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရော၊ လုပ်ငန်းငယ်လေးတွေအတွက်ကိုရော အကုန်လုံးအတွက် ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေ တကယ်လို့ လက်ဝါးကြီးအုပ်ခံရတာ၊ ဖယ်ထားခံရတာ၊ ဖိနှိပ်ခံရတာ၊ ဈေးကွက်ထဲဝင်လို့မရအောင်တို့ ပြုလုပ်ခံရရင် ဒီဥပဒေနဲ့ အရေးယူနိုင်တယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ဈေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးနိုင်တဲ့ အင်အားကိုအသုံးပြုပြီး လုပ်ငန်းငယ်တွေကို ဈေးကွက်ထဲဝင်မလာနိုင်အောင် လုပ်လို့မရဘူး၊ ဈေးကွက်ကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ပြီး ထိန်းချုပ်ထားတာ၊ မတရားသဖြင့်ညှိနှိုင်း သတ်မှတ်ဆောင်ရွက်တာတွေ လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။
ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို ကာကွယ်ပေးတာအပြင် စားသုံးသူတွေကိုလည်း ကာကွယ်ပေးထားပါတယ်။ ယှဉ်ပြိုင်မှုဥပဒေရှိတဲ့အခါမှာ ကုမ္ပဏီတွေတစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်လာကြမှာဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့ အဲဒီအကျိုးကျေးဇူးတွေကို ခံစားလာရမှာ ဖြစ်ပါတယ်။
ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ . . .
ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှု၊ မြင့်မားတဲ့ ဈေးကွက်ဖြစ်ပေါ်ဖို့ဆိုရင် နိုင်ငံတကာ အဆင့်မီတဲ့ ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိရမယ်။ ဥပဒေကို ထိန်းကျောင်းဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းရှိဖို့လိုတယ်။ အစိုးရရဲ့ ထောက်ခံအားပေးမှုနဲ့ ဆက်စပ်ဌာန၊ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုပါတယ်။ ဒါအပြင် နိုင်ငံတကာယှဉ်ပြိုင်မှုအဖွဲ့အစည်း တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လိုသလို ပြည်သူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုတွေ ဆောင်ရွက်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လည်း လိုပါတယ်။
Alan Ducret
Former General Manager Queensland
Australian Competition & Consumer Commision ပြိုင်ဆိုင်မှုဥပဒေကို မြန်မာပြည်မှာ ပြဋ္ဌာန်းလိုက်တဲ့အခါမှာ မြန်မာပြည်သားတွေအနေနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေက
ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် အနည်းဆုံးတော့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ဆောင်ရွက်နေတာတွေ ရပ်သွားမယ်။ ဒီလိုဆိုရင် ပထဆုံးအနေနဲ့ စားသုံးသူတွေ အကျိုးရှိလာနိုင်မယ်။ ဥပမာအနေနဲ့ အရင်က သြစတြေးလျနိုင်ငံမှာ စီးပွားရေးကို တစ်ဦးတစ်ယောက်တည်း လက်ဝါးကြီးအုပ်တဲ့ အဖွဲ့အ စည်းတွေ ရှိပေမဲ့ ဒီဥပဒေကို ပြဋ္ဌာန်း လိုက်တာနဲ့ တစ်ပြိုင်နက် ဒီအဖွဲ့အစည်းတွေက သူ့အလိုလို ပျောက်သွားတယ်။ ဒီအဖွဲ့တွေပျောက်သွားပြီး နှစ်လ၊ သုံးလလောက် အကြာမှာ ကုန်ဈေးနှုန်းတွေ ကျလာတယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာပါတယ်။ ကုန်ဈေးနှုန်းကျတယ် ဆိုတာလည်း တစ်သမတ်တည်း အားလုံးကျတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့စီးပွားရေး လုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီးသူ့ဘာသာသူနေတဲ့ စီးပွားရေးပိုင်းတွေကတော့ ဈေးနှုန်းကျသွားမှာ မဟုတ်ပေမဲ့ စီးပွားရေးကို အုပ်စုတွေဖွဲ့ပြီးတော့ တစ်ဦးနဲ့တစ်ဦး ဈေးညှိနိုင်းပြီး ဈေးကွက်ကို ထိန်းချုပ်နေတဲ့စီးပွားရေး လုပ်ငန်းထဲက ထုတ်ကုန်တွေကတော့ ဈေးကျသွားမှာ ဖြစ်ပါတယ်။ တညီတည်းတော့ အားလုံးကျသွားမှာ မဟုတ်ပါဘူး။
ဥပဒေဆိုတာ ပြဋ္ဌာန်းတဲ့အချိန်ပေါ်လည်း အရေးပါပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်နေတဲ့အတွက် ဒီအချိန်မှာ ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အခါကျတော့ တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးဟာ ဥပဒေဘောင်အတွင်းကပဲ လုပ်ရတယ်။ ဥပဒေဘောင်ပြင်ပကနေ လုပ်လို့မရဘူး။ အဲဒါကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေက ဥပဒေဘောင်အတွင်းကပဲ သူ့ဟာနဲ့သူ မှန်မှန်ကန်ကန် ဖြစ်သွားတယ်။ သြစတြေးလျမှာက နိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၂၀ ကြာတော့မှ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် အရင်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဥပဒေနဲ့အညီ ချက်ချင်းလိုက်ပါမဆောင်ရွက်နိုင်ဘဲ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကလည်း သူတို့တွေက စီးပွားရေးကို သူတို့လုပ်ချင်တဲ့ပုံစံနဲ့ လုပ်နေကြတာဖြစ်တာကြောင့် ခေါက်ရိုးကျိုးနေကြလို့ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ အချိန်ကလည်း စကားပြောတာကြောင့် မြန်မာနိုင်ငံမှာကျတော့ ဒီဥပဒေပြဋ္ဌာန်းတာဟာ အချိန်ကိုက်လေးဖြစ်သွားတာကြောင့် တအားကောင်းတယ်လို့ ပြောချင်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ကမ္ဘာ့ဈေးကွက်စီးပွားရေးနဲ့မကင်းဘူး။ အမြဲတမ်းအဆက်အသွယ် လုပ်နေရတာဖြစ်ပါတယ်။ အဲဒီမှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပက ကုန်စည်တွေကို သွားရောက်ဝယ်ယူရတဲ့အခါမှာ သူတို့တွေက အဖွဲ့တွေဖွဲ့ပြီး ဈေးညှိပြီးရောင်းနေမယ်ဆိုရင် အဲဒီကုန်စည်တွေကို မတန်တဆဈေးတွေပေးပြီး ဝယ်ယူနေရမယ့်ပြဿနာတွေ ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းလိုက်တာကြောင့် မြန်မာပြည်က ယှဉ်ပြိုင်မှုနဲ့ပတ်သက်တဲ့ အာဏာပိုင်တွေက တခြားနိုင်ငံက အာဏာပိုင်တွေနဲ့ အချင်းချင်း အပြန်အလှန် သတင်းအပေးအယူလုပ်လို့ ရလာမယ်။ တခြားဈေးကွက်စီးပွားရေးရှိတဲ့ နိုင်ငံတွေနဲ့ သတင်းအပေးအယူ လုပ်လို့ရလာမှာဖြစ်တဲ့အတွက် ပြည်ပမှာ အုပ်စုဖွဲ့ပြီး မြန်မာပြည်ကို တန်ဖိုးကြီးကြီးနဲ့ ကုန်ပစ္စည်းတွေ တင်ပို့နေတာတွေလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုလိုအရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တာကို ကျွန်တော်တို့အနေနဲ့ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဈေးကွက်ထဲကိုဝင်လာနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဒီယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းတာရဲ့ အကျိုးကျေးဇူးတွေက ရေရှည်ကျမှ သိသာလာမှာဖြစ်ပေမဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကတော့ မြန်မာပြည်ကို ဒီအတွက်ကြောင့် အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။
ကိုဒီ