စိတ်အားထက်သန်မှု ၊ အတွေးအခေါ် ၊ ခံယူချက်

ကမ္ဘာ့နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Warren Buffet က လူတစ်ဦးကို အလုပ်ခန့်လိုလျှင် ထိုသူ၏ စိတ်အားထက်သန်မှု၊ လုပ်ချင်ကိုင်ချင်စိတ်၊ ခွန်အား (Energy) ၊ တွေးခေါ်မြော်မြင်တတ်မှု၊ ဉာဏ်ရည်ဉာဏ်သွေး (Intelligence) နှင့် စိတ်နေစိတ်ထားခံယူချက် (Attitude) ပေါ် အခြေခံ၍ အလုပ်ခန့်အပ်သင့်ကြောင်း အကြံပြုထားလေသည်။

လတ်တလော ဂျပန်ကုမ္ပဏီကြီးတစ်ခု၏ ဦးဆောင်သူမန်နေဂျင်း ဒါရိုက်တာတစ်ဦးကို လက်ရှိမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံအလုပ်လုပ်ကိုင်ရာ၌ အခက်အခဲဆုံးအချက်တစ်ချက်အား မေးမြန်းကြည့်ရာ စွမ်းဆောင်ရည်မြင့်သော ဝန်ထမ်းကောင်းများရှာဖွေရန် အခက်အခဲဆုံးဟု ဖြေလေသည်။

မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် HAGL ရုံးခန်း၊ ဟိုတယ်နှင့် ရှော့ပင်းစင်တာလုပ်ငန်းစုတွင် ဗီယက်နမ်မှ အောက်ခြေသိမ်းဝန်ထမ်းမှအစခေါ်ယူပြီး ဆောက်လုပ်ခဲ့ရပါသည်။ လက်ရှိတွင် ဤမျှကြီးမားသော ရင်းနှီးမှု၏ဦးဆောင်အရာရှိချုပ်မှာလည်း လူလတ်ပိုင်း ဗီယက်နမ်လူမျိုးပင်ဖြစ်ပါသည်။ လောလောဆယ်တွင်လည်း Shangri-La အုပ်စု၏ တိုးချဲ့အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ၌ တရုတ်ဝန်ထမ်းများဝင်ရောက်၍ တာဝန်ယူလုပ်ကိုင်နေသည်ကို တွေ့နေရပါသည်။ နိုင်ငံခြားမှ အောက်ခြေဆောက်လုပ်ရေးဝန်ထမ်းများ ငှားရမ်းခြင်းသည် အလုပ်ကိုအချိန်မီပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်းနှင့် အရည်အသွေးမီ စံချိန်မီရလဒ်များရရှိခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ မြန်မာကုမ္ပဏီတိုင်း၏အခက်အခဲမှာ လူရှာရခက်ခြင်းပင်ဖြစ်ပါသည်။ ဦးဆောင်သူများ၏ အခက်အခဲဆုံးပြဿနာမှာ ''စိတ်ချရသည့်၊ ဦးဆောင်နိုင်သည့် မန်နေဂျာများ'' မရှိခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း လုပ်ငန်းချဲ့ရန်နှင့် လုပ်ငန်းပိုမိုကြီးထွားလာရန် ခက်ခဲရခြင်းပင်ဖြစ်ပါသည်။ ထိုမျှသာမက အောက်ခြေအဆင့်တွင်လည်း ဝန်ထမ်းမမြဲခြင်း၊ သပ်သပ်ရပ်ရပ်လုပ်ကိုင်စွမ်းအားနည်းခြင်း၊ နာခံမှုအားနည်းခြင်း စသည့် အခက်အခဲများစွာ တွေ့နေရပါသည်။

Warren Buffet ၏ အကြံပြုချက်အရဆိုသော် မြန်မာလူမျိုးများ၏ စိတ်အားထက်သန်စွာ လုပ်ကိုင်မှုကြိုးစားမှုတို့သည် အခြားနိုင်ငံများထက် လျော့နည်းခြင်းမရှိသကဲ့သို့ ကြံရည်ဖန်ရည်တွေးခေါ်မြော်မြင်တတ်မှု၊ ဉာဏ်ရည်ဉာဏ်စွမ်းမညံ့ကြောင်း အိမ်နီးနားချင်းနိုင်ငံများမှ အလုပ်ရှင်များ၊ ဦးဆောင်သူများက အသိအမှတ်ပြုရသည်အထိ ရှိပါသည်။

ပြဿနာမှာ အတွေးအခေါ်၊ ခံယူချက်ပင်ဖြစ်ပါသည်။ လက်ရှိကျွန်တော်တို့အားလုံး၏ပြဿနာမှာ တာဝန်မယူတတ်ခြင်း၊ မယူနိုင်ခြင်း၊ တာဝန်ယူရန်ပြင်ဆင်ထားမှုမရှိခြင်း၊ ''ရပါတယ်'' ဆိုသည့်အတိုင်း ပေါ့ပေါ့စား ပေါ့ပေါ့နေ စိတ်ဓာတ်မျိုးရှိခြင်းတို့ပင်ဖြစ်ပါသည်။

Warren Buffet အနေဖြင့် Energy ၊ Intelligence နှင့် Attitude တို့အပေါ် အခြေခံ၍ အလုပ်ခန့်ရန် အကြံပြုသော်လည်း Energy နှင့် Intelligence မည်မျှပြည့်စုံကောင်းမွန်နေပါစေ Attitude မကောင်းပါက လုံးဝမခန့်သင့်ကြောင်းဖြင့် အဆုံးသတ်ထားလေသည်။

''ပြောင်းလဲရန် အချိန်တန်ပြီ'' ဆိုသည့်အတိုင်း စီမံခန့်ခွဲမှုအဆင့် အပါအဝင် အဆင့်ဆင့်တိုင်းရှိ ဝန်ထမ်းများအနေဖြင့် ပြင်ရန်ခက်ခဲသည့် စိတ်ဓာတ်အတွေးအခေါ်၊ ခံယူချက် ပြောင်းလဲနိုင်မှသာ လာမည့်နှစ်များအတွင်း ပေမီဒေါက်မီ ဦးဆောင်နိုင်သည့် မြန်မာ့စီးပွားရေးခေါင်းဆောင်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း . . . . . .။

မောင်သာ