စတုတ္ထအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲ

textile1

မြန်မာနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးဖွံ့ဖြိုးမှုမှာ အရေးပါလှတဲ့ ချည်မျှင်နဲ့အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆန်းသစ်လာတဲ့နည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ အဆက်အပြတ်စေဖို့ ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်ကနေ ၂၉ ရက်ထိ ရန်ကုန်မြို့ရှိ Myanmar Event Park မှာ စတုတ္ထအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ လာရောက်ပြသခဲ့တဲ့ နိုင်ငံတကာက ကုမ္ပဏီလုပ်ငန်းအချို့ကို အခုလိုမေးမြန်းခဲ့ပါတယ်။

textile2

textile4

Mr Simon Lau

Sales Manager

TOBOYO SEWING MACHNE

CO.,LTD

TOBOYO ဟာ အပ်ချုပ်စက်နဲ့ အပိုပစ္စည်းရောင်းတဲ့ ကုမ္ပဏီလီမိတက်ဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ဟောင်ကောင်မှာတည်ရှိပြီး တရုတ်နိုင်ငံမှာ ရုံးခွဲလေးခု၊ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ရုံးခွဲတစ်ခုရှိပါတယ်။ ပြပွဲမှာ လာရောက်ပြသတဲ့ ရည်ရွယ်ချက်ကတော့ ဒေသခံစီးပွားရေးသမားတွေ၊ နိုင်ငံခြားသားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တစုတလုံးတည်း တွေ့ခွင့်ရပြီး စက်ပစ္စည်းတွေ မိတ်ဆက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဓိက ဂျပန်စက်ချုပ်ပစ္စည်းနဲ့ အပိုပစ္စည်းတွေဖြန့်ချိတဲ့ ကိုယ်စားလှယ် ကုမ္ပဏီဖြစ်ပါတယ်။ ဥပမာအားဖြင့် Pegasus ၊ Brother ၊ Mitsubish၊ Namato စတဲ့ Brand တွေ ဖြစ်တဲ့ အပ်ချုပ်စက်တွေ၊ ကြယ်သီးဖောက်စက်တွေ၊ ကွန်ပျူတာစနစ် ပါရှိတဲ့ ပန်းထိုးစက်တွေ၊ ဓားစက်၊ အဝတ်ညှပ်စက်၊ မီးပူတိုက်စက်တွေ ကိုလည်း ဖြန့်ချိပါတယ်။ Organ Needles အပ်က စက်အားလုံးနဲ့ သင့်တော်ပါတယ်။ အပိုပစ္စည်းတွေကတော့ ဂျပန်အစစ်အမှန်တွေလည်း ရနိုင်သလို ထိုင်ဝမ်၊ တရုတ်စတဲ့ အပိုပစ္စည်းအမျိုးအစားပေါင်း တစ်သောင်းကျော်လောက်ရရှိပါတယ်။ မြန်မာနိုင်ငံဟာ ချည်မျှင်နဲ့ အထည်ချုပ်နဲ့ ပတ်သက်လို့ အာရှမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်ဖို့ လိုသေးတယ်လို့ထင်ပါတယ်။

textile3

Ms Sazia Rahaman

Business Development Executive

American & Efird (Bangladesh) Ltd

ဘင်္ဂလားဒေ့ရှ်မှာ ရုံးဖွင့်ထားတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၈၁ ခုနှစ် စက်ချုပ်ချည်၊ ချည်မျှင်နဲ့ ပန်းထိုးထားတဲ့အဝတ်တွေကို ဘင်္ဂလားဒေ့ရှ်မှာထုတ်လုပ်ပြီး တိုက်ရိုက်ဖြန့်ဖြူးရောင်းချပါတယ်။ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ချည်မျှင်နဲ့ပတ်သက်ပြီး ပြပွဲလာလုပ်တာ ဒီအကြိမ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ နိုင်ငံတကာဈေးကွက်အနေနဲ့ဆိုရင် ကုန်ထုတ်လုပ်တာက နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံပေါင်း ၅၀ ကနေ ဖြန့်ချိပါတယ်။ လက်ရှိမှာ တံဆိပ်အမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်လုပ်ဖြန့်ချိနေပါတယ်။ အရည်အသွေးအနေနဲ့ ကမ္ဘာ့အဆင့်မီတဲ့ ကုန်ပစ္စည်း တွေဖြစ်အောင် အရည်အသွေးကိုလည်း အမြဲထိန်းသိမ်းထားပါတယ်။ နည်းပညာနဲ့ ဝန်ဆောင်မှုပေးတဲ့ ဌာနထားရှိပြီး ဖောက်သည်တွေကိုတွေ့ဆုံပြီး Survey လုပ်ကာ အချက်အလက်တွေ စုဆောင်းပါတယ်။ ဘယ်ထုတ်ကုန်က သုံးသင့်တယ်၊ အလေအလွင့် အနည်းဆုံးဖြစ်အောင် ဘယ်လိုလျှော့ချမလဲဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေကို စားသုံးသူတွေကို အကြံပေးပါတယ်။ ဒါက အင်မတန်မှ အကျိုးရှိတဲ့အရာပဲ ဖြစ်ပါတယ်။ Customer တွေဟာ ကျွန်မတို့ရဲ့ထုတ်ကုန်ကို အသုံးပြုတဲ့အတွက် အမှန်တကယ်ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ Customer အားလုံးရဲ့ အပ်ချုပ်စက်၊ ချည်တို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ ပြဿနာတွေကိုလည်း အဖြေရှာပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီချည်မျှင်နဲ့ အထည်လုပ်ငန်းတွေမှာ ဖွံ့ဖြိုးဖို့ အားယူနေပေမယ့် ဘင်္ဂလားဒေ့ရှ်မှာတော့ ဒီကဏ္ဍတွေက ဖွံ့ဖြိုးတိုးတက်နေသလို မြန်မာနိုင်ငံမှာလည်း တိုးတက်နိုင်တဲ့အလားအလာရှိပါတယ်။

textile7

ဦးပြည်သန်းဌေး

Engineer

BOK Intenational(HONGKONG) CO.,LTD

ကျွန်တော်တို့က အဓိကကတော့ စက်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလာရောက်ပြသတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို ပြသရင်းနဲ့ လာရောက်ရောင်းချခြင်းဖြစ်ပါတယ်။ အဓိကရောင်းတဲ့ စက်ပစ္စည်းကတော့ အထည်ချုပ်လုပ်ငန်းရဲ့ ဒီဇိုင်းလုပ်တဲ့အခါမှာသုံးတဲ့ Pattern Software တွေရယ်၊ Marker ထုတ်တဲ့အချိန်မှာသုံးတဲ့ Printer နဲ့ Card System ၊ Software နဲ့ Printer စက်တွေ ဖြစ်ပါတယ်။ စက်ရုံကတော့ ဟောင်ကောင်မှာရှိပြီး အဲဒီကနေမှယူပြီးတော့ ဖြန့်ချိတာပါ။ BOK International Co Ltd ဟာ ၁၉၈၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်မှာ BOK ကိုယ်စားလှယ်တွေ ရှိပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တာတော့ လေးနှစ်ရှိသွားပါပြီ။ သုံးတဲ့နည်းပညာတွေ၊ စက်ပစ္စည်းတွေ တဖြည်းဖြည်း အဆင့်မြင့်လာပါတယ်။ လက်ရှိကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် အားသာချက်ကတော့ အချိန်ပိုင်းလုပ်အားပိုင်းမှာ သိသိသာသာ တက်လာမှာပါ။ အရင်က Marker ဆွဲရင် လူနှစ်ယောက်ကနေ သုံးယောက်ထိလိုပါတယ်။ အရင်က နှစ်နာရီ သုံးနာရီလောက်လုပ်ရတာကို အခုဆိုရင် နာရီဝက်လောက်ဆို ပြီးသွားပါပြီ။ အခုနောက်ပိုင်းကျတော့ Software တွေ၊ နည်းပညာတွေနဲ့ဆို အချိန်ပိုသက်သာသွားပြီးတော့ ကုန်ထုတ်အား ပိုမိုမြင့်လာပါတယ်။ ကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေကို မှာယူမယ်ဆိုရင် ကျွန်တော်တို့က စက်ရုံအရောက် ပို့ဆောင်ပေးပါတယ်။ အပိုပစ္စည်းတွေလည်း အလွယ်တကူရနိုင်အောင် စီမံထားပါတယ်။ မြန်မာနိုင်ငံမှာကျင်းပတဲ့ ချည်မျှင်နဲ့ အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲမှာလည်း နှစ်တိုင်း ပါဝင်ပြသဖြစ်ပါတယ်။

textile6

Mr Lee Sun Cheol

Chief

NAMSUN ENGINEERING

ကျွန်တော်တို့ကုမ္ပဏီဟာ စက်တွေ ကိုယ်ပိုင်တီထွင်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Shirt ၊ Pant ၊ Shoe ၊ Belt ၊ ဘီးကုပ်တို့တွေမှာ Accessories တွေ တပ်ဆင်တာဖြစ်ပါတယ်။ Wedding Dress တွေမှာဆို ပုလဲထိုးတာမျိုးပါ။ အခုမြန်မာနိုင်ငံမှာ တော်တော်များများက အပ်နဲ့ အပ်ချည်နဲ့ထိုးတာပေါ့။ ကျွန်တော်တို့ကျတော့ စက်ပစ္စည်းနဲ့လုပ်တော့ လူရော အချိန်ရောသက်သာပြီး အရည်အသွေးနဲ့ခိုင်မာမှုလည်း ပိုကောင်းတာပေါ့။ Italy၊ Japan ၊ American နဲ့ Brazil တို့မှာလည်း ကျွန်တော်တို့ Agent တွေရှိပါတယ်။ ကိုရီးယားက ဆိုးလ်မြို့နဲ့ သိပ်မဝေးတဲ့ Gyeonggido ဆိုတဲ့ ပြည်နယ်မှာ ကုမ္ပဏီရှိပါတယ်။ တည်ထောင်ခဲ့တာတော့ ၂၁ နှစ်ရှိပါပြီ။ မြန်မာနိုင်ငံမှာ ပထမဆုံးလာရောက်ပြီး ကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေကို လာရောက်မိတ်ဆက်ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး Designer တွေ၊ အထည်လုပ်ငန်းတွေ တော်တော်များများက စိတ်ဝင်စားကြပါတယ်။ စက်ပစ္စည်းဝယ်ဖို့ ကမ်းလှမ်းထားတာလည်းရှိပါတယ်။ ဒီပြပွဲကို Korea Trade နဲ့ ဆက်သွယ်ပြီး ဝင်ရောက်လာတာပါ။ ကျွန်တော့်အမြင် မြန်မာနိုင်ငံမှာ အခုလိုမျိုး နိုင်ငံတကာ ချည်မျှင်နဲ့အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲတွေကို ကျင်းပပေးတာ ကောင်းတယ်လို့ထင်ပါတယ်။

textile5

Ms SUNNY WU

SALES MANAGER

SUMEC GROUP TEXTILE & LIGHT INDUSTRY COMPANY LTD

အမေရိကန်နဲ့ ဥရောပမှာ ကျွန်မတို့ရဲ့အထည်ချုပ်လုပ်ငန်းဆိုင်ရာ ဈေးကွက်တွေရှိပါတယ်။ အရှေ့တောင် အာရှမှာဆိုရင် ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံတို့ကို စိတ်ဝင်စားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို လာရောက်လေ့လာတဲ့အနေနဲ့ မြန်မာနိုင်ငံမှာလုပ်တဲ့ ချည်မျှင်နဲ့ အထည်ချုပ်ပြပွဲကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ပြသဖြစ်တာပါ။ SUMEC GROUP TEX-TILE & LIGHT INDUSTRY ကုမ္ပဏီကို အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီအဖြစ် တရုတ်နိုင်ငံ၊ နမ်ဂျင်းမြို့မှာ ၁၉၉၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ အခုပွဲကို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေလည်း လာရောက်လေ့လာကြတာကြောင့် အင်မတန်မှ အကျိုးရှိပါတယ်။ ကျွန်မတို့အနေနဲ့ ချည်ထည်အမျိုးအစား နှစ်ရာလောက် လာရောက်ပြသမိတ်ဆက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဈေးကွက်အလားအလာနဲ့ အခွင့်အလမ်းတွေ အင်မတန်မှ ကောင်းမွန်တယ်လို့ ခံစားရပါတယ်။

 

အယ်ဒီတာအဖွဲ့