ကုမ္ပဏီများရဲ့ အတွင်းရန်သူ

company1

ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ အကြီးမားဆုံး အရေးပါတဲ့ပိုင်ဆိုင်မှုတွေဖြစ်သလို ဝန်ထုပ်ဝန်ပိုးလည်းဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်ပြောင်းလာတဲ့ အခြေအနေမှာ ဝန်ထမ်းတွေဟာ အလုပ်ရဖို့ အခွင့်အရေးများသလို၊ လစာများပြီး တာဝန်ပိုယူရတဲ့ရာထူးတွေများပြားလာပါတယ်။ ကျွမ်းကျင်တဲ့ဝန်ထမ်း (Professional) တစ်ယောက်အနေနဲ့ မိမိရဲ့လုပ်ငန်းတာဝန်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်တတ်တဲ့အပြင် အင်္ဂလိပ်စာပါ ထိုက်သင့်သလောက် ကျွမ်းကျင်ရင် လောလောဆယ်ထုတ်ပြန်ထားတဲ့ job.com.mm မှာ ဖော်ပြထားသလို အာဆီယံဒေသတွင်းမှာ လခအများဆုံးရနိုင်တဲ့ အနေအထားရောက်နေပါပြီ။

ဝန်ထမ်းတစ်ယောက်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာတဲ့အချိန်မှာ မိမိရဲ့ခံယူချက် အတွေးအခေါ်ဟာ အလွန်အရေးပါပါတယ်။ အတွေးအခေါ် အားနည်းပြီး စာရိတ္တဆိုးဝါးတဲ့၊ အကျင့်သီလ အားနည်းတဲ့ဝန်ထမ်းတွေဟာ မိမိတို့ကုမ္ပဏီရဲ့ပြိုင်ဘက်တွေထက် ကြောက်စရာကောင်းတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ သတင်းစာတွေမှာ မကြာခဏတွေ့ရတဲ့ ကြော်ငြာတစ်ခုကတော့ ကို၊ ဒါမှမဟုတ် မ ဘယ်သူဟာ ကုမ္ပဏီမှ အလုပ်မလွှဲ၊ စာရင်းမရှင်း၊ ပစ်စလက်ခတ် ထွက်သွားတဲ့အတွက် ရုံးမှာစာရင်းရှင်းဖို့၊ အလုပ်လွှဲဖို့ ကြော်ငြာနေတာ သတိပြုမိပါတယ်။ အလုပ်ထွက်ခါနီးမှာ မိမိကွန်ပျူတာဆော့ဖ်ဝဲကို ဖျက်ဆီးသွားတဲ့ သတင်းမျိုး၊ မိမိတာဝန်ယူရတဲ့အလုပ်နဲ့ပတ်သက်တဲ့ အချက်အလက် (Data) တွေ ဖျက်ဆီးခဲ့တာမျိုး၊ ပြိုင်ဘက်ကုမ္ပဏီမှာ အလုပ်လျှောက်ရင် လက်ရှိကုမ္ပဏီရဲ့ လျို့ဝှက်ချက်တွေကို အသိပေးမယ်ဆိုတာမျိုး၊ မိမိကုမ္ပဏီနဲ့ အထက်အရာရှိတွေကို ထိခိုက်စော်ကားတဲ့ သွားပုပ်လေလွင့်ပြောတာမျိုး စတဲ့ ဝန်ထမ်းမျိုးတွေ ပြိုင်ဘက်ကုမ္ပဏီမှာ အလုပ်ရတာနဲ့ လက်ရှိကုမ္ပဏီရဲ့ Intellectual Property တွေကို ထုတ်ဖော်ပြီး အလားတူလုပ်ကိုင်တာမျိုး သတင်းတွေကို နားနဲ့မဆံ့အောင် ကြားနေ၊ သိနေ မြင်နေရပါတယ်။

company2

အတွင်းရန်သူဆိုတဲ့ ခုနလိုဝန်ထမ်းမျိုးတွေဟာ မူလဝန်ထမ်းကနေ ရန်သူဖြစ်သွားတဲ့ပုံစံကြောင့် နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှုတွေ ရှိတတ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာ Ashley Madison Website ဖောက်ထွင်း (Hack) ခံရပါတယ်။ ကုမ္ပဏီရဲ့ CEO က အတွင်းလူတစ်ယောက်က လုပ်ဆောင်တယ်လို့ ယုံကြည်ထားပါတယ်။

လောလောဆယ်လူသုံးများနေတဲ့ Social Media Facebook မှာ ကိုယ်ထမင်းစားနေတဲ့ ကိုယ်လခယူတဲ့ ကုမ္ပဏီရဲ့အတင်းအဖျင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတင်းအဖျင်းတွေ လျှောက်တင်မိတဲ့အတွက် အလုပ်ထုတ်ခံရတာတွေ ရှိလာပြီဆိုတာ သတိပြုစေချင်ပါတယ်။ တချို့ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ Comment တင်တာကြောင့် အလုပ်ထုတ်ခံရတာလည်း ကြားရပါတယ်။ ဒါကြောင့် Fackbook မှာ တစ်ခုခုတင်မယ်ဆိုရင် သတိထားသင့်ပါတယ်။

အဆိုးဆုံးအတွင်းရန်သူကတော့ လိမ်လည်သူတွေဖြစ်ပါတယ်။ The Economist Intelligence Unit (The Economist Magazine နဲ့ ဆက်စပ်မှုရှိတဲ့ညီနောင် ကုမ္ပဏီဖြစ်ပါတယ်) က ကုမ္ပဏီတွေရဲ့ထိပ်တန်းအရာရှိတွေ မိမိကုမ္ပဏီကို ပြန်လည်လိမ်လည်မှုရှိတဲ့ စစ်တမ်းအရ ၂၀၁၃ ခုနှစ်မှာ ကုမ္ပဏီတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အနည်းဆုံးတစ်ခါ လိမ်လည်မှုပြဿနာရှိတာ တွေ့ရှိပါတယ်။ အဲဒီလိမ်လည်မှုတွေဟာ အသေးသုံး ငွေကြေးတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာမျိုး၊ အမှန်တကယ်မသုံးဘဲ စာရင်းလိမ်ထုတ်တာမျိုးကအစ ကိုယ်နဲ့ဆက်နွှယ်တဲ့လုပ်ငန်းရှင်စာရင်းတွေကို ရောင်းစားတဲ့အထိ ပါပါတယ်။

company3

ခုနလို လိမ်လည်မှုထက်ဆိုးတဲ့ အတွင်းရန်သူကတော့ လက်သရမ်းဖျက်ဆီးတတ်တဲ့လူရမ်းကားတွေ  ဖြစ်ပါတယ်။ သူခိုးတွေဟာ ခိုးတဲ့နေရာမှာ စဉ်းစားချင့်ချိန်တတ်သေးပေမယ့် လူရမ်းကားတွေဆိုတာက လက်စားချေဖို့ဆိုတဲ့ ဆန္ဒသက်သက်ကိုအခြေခံတာကြောင့် ဖျက်ဆီးတဲ့နေရာမှာ ကန့်သတ်ချက်မရှိပါဘူး။ စီးပွားရေးအခက်အခဲကြုံတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဟာ ဝန်ထမ်းအချို့ကို လျှော့ချဖို့ စီစဉ်ရပါတယ်။ အဲဒီအစီအစဉ်ထဲမှာ IT ကျွမ်းကျင်သူတစ်ဦးပါသွားပြီး သူကအမှတ်မထင်ဒီစာရင်းကို တွေ့သွားကာ အဲဒီလို လုပ်ရမလားဆိုပြီး လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီကတစ်ဆင့် Software တွေ သုံးပြီး အိမ်ကနေ  File တွေ ဖျက်ချတာမျိုး၊ CEO ရဲ့လျို့ဝှက်ချက် email တွေကို မဆိုင်တဲ့ဝန်ထမ်းတွေမြင်အောင် လုပ်တာမျိုး၊ အဆိုးဆုံးကတော့ ကုမ္ပဏီရဲ့ Website မှာ လိင်ပိုင်းဆိုင်ရာပုံတွေ တင်တာမျိုးထိ လုပ်ဆောင်ခဲ့ပါတယ်။

တချို့တလေ အတွင်းရန်သူက ကုမ္ပဏီက အားကိုးရတဲ့ Star Employee တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာ လူသိထင်ရှားတဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အဆုံးအရှုံးပြဿနာဟာ ခုနကလို အားထားရတဲ့ ဝန်ထမ်းတွေကြောင့်ဖြစ်ပြီး သူတို့ဟာ ကိုယ့်အထက်အရာရှိတွေကိုဖားပြီး သတ်မှတ်ထားတဲ့စည်းကမ်းတွေ၊ ဘောင်တွေကို ကျော်လွန်ပြီး လုပ်ကိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အင်္ဂလန်က နှစ်ရာချီပြီဖြစ်တဲ့ Barings Bank ပျက်သွားတာဟာ Nick Lesson ဆိုတဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ တာဝန်ခံက စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။  အဲဒီဝန်ထမ်းမျိုးကလည်း ကုမ္ပဏီက အားထားရမှန်းသိလေ ကိုယ်မရှိရင် မဖြစ်ဘူးထင်ပြီး ထင်ရာလုပ်တတ်ကြပါသည်။

company4

ခုနလိုအားထားရတဲ့ဝန်ထမ်းတချို့ကြောင့် ဖြစ်တဲ့ပြဿနာရှိသလို အောက်ခြေဝန်ထမ်းတချို့ကလည်း အတွင်းရန်သူတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ဟာ အများအားဖြင့် သူတို့တွေရဲ့ လုပ်ရပ်ကြောင့် ကုမ္ပဏီရဲ့ အမည်ကောင်းတွေ ပျက်စီးတတ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ Domino Pizza Company ရဲ့ ဝန်ထမ်းနှစ်ဦးဟာ ပါဆယ်ထုပ်တဲ့ Pizza မုန့်ပေါ်မှာ မဆိုင်တာတွေ လျှောက်ထည့်ထားတာတွေကို Video ရိုက်ကူးပြီး တင်ခဲ့ပါတယ်။ အလားတူ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ Burger King ဝန်ထမ်းတစ်ယောက်က ဆလတ်ရွက်တွေကို ညစ်ပတ်ပေရေနေတဲ့ဖိနပ်နဲ့ထိုးပြီး "Burger King  မှာ စားရတဲ့ဆလတ်ရွက်ပဲ''ဆိုပြီး Online ပေါ်တင်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း Receptionist (ဧည့်ကြို)ရဲ့အဖြေ၊ အပြောမတတ်တာကြောင့်လည်းကောင်း၊ Sales & Marketing လုပ်သူတွေရဲ့ မဖြစ်နိုင်တဲ့ကတိတွေ ပေးတာကြောင့်လည်းကောင်း၊ တာဝန်ရှိတဲ့ မန်နေဂျာတွေက လက်လွတ်စပယ် တာဝန်မယူဘဲ ပြောဆိုလုပ်ကိုင်တာတွေကြောင့်လည်းကောင်း၊ အဖွဲ့အစည်းတွေနဲ့ ဖောက်သည်တွေကြား ဘယ်လောက်ဆုံးရှုံး နစ်နာတယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။

company5

အဖွဲ့အစည်းကို ဒုက္ခပေးမယ့်အပြင် လူတွေအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ အတွင်းလူနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ မထူးခြားတဲ့အတွေ့အကြုံ ဖြစ်ပါတယ်။ စက်ရုံက ဝန်ထမ်းနဲ့ ပူးပေါင်းလုပ်တာမျိုး၊ ဖောက်သည်နဲ့ ကုန်ပစ္စည်းဖြန့်သူတွေ ပူးပေါင်းလုပ်တာမျိုး၊ ဖောက်သည်တွေနဲ့ ငွေစာရင်းဌာန ပူးပေါင်းလုပ်တာမျိုးတွေ မပြောချင်မှအဆုံးပါပဲ။ Target ဆိုတဲ့ အမေရိကလက်လီဆိုင်အုပ်စုမှာရှိတဲ့ သန်း ၄၀ သော ဖောက်သည်တွေရဲ့ Data တွေ ဖောက်ထွင်းခံလိုက်ရတာက အတွင်းလူတွေရဲ့ပူးပေါင်းကြံစည်မှုလို့ ကျွမ်းကျင်သူများက ကောက်ချက်ချထားပါမယ်။ ဒီနေ့ ဒီအချိန်မှာ USB တစ်ခုနဲ့ သိန်းသန်းချီတဲ့ Data တွေ ခိုးယူလို့ရပြီဆိုတာ သတိထားဖို့လိုပါတယ်။ Mobile Phone ကနေတစ်ဆင့် မိမိရဲ့ Data တွေ ပါသွားနိုင်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ အဲဒီလို အတွင်းရန်သူတွေကို ကာကွယ်ဖို့ Schempeter (The Economist Magazine) က အောက်ဖော်ပြပါသုံးနည်းနဲ့ ကာကွယ်လို့ရကြောင်း ပြောထားပါတယ်။

ပထမနည်း

အဖွဲ့အစည်းတွေမှာ ထိခိုက်နစ်နာမှုအများဆုံး ပြုနိုင်သူတွေကို (ဥပမာ- ငွေကြေးကိုင်သူ၊ သတင်းအချက်အလက် တာဝန်ယူတွေကို) သတိပြုရမှာဖြစ်ပါတယ်။ ကုမ္ပဏီကြီးလာလေ ရှုပ်ထွေးခက်ခဲလာလေဖြစ်ပြီး ဘယ်သူ့ကြောင့် ပြဿနာတက်တာလဲဆိုတာ မှန်းရခက်ပါတယ်။ ဒါကြောင့် အဓိကထားကြည့်ရမယ့်ဌာနကတော့ IT Department ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဌာနက တစ်စုံတစ်ယောက်က ပြဿနာဖြစ်ပြီဆိုရင် အမြန်ဆုံး တာဝန်ကရပ်ဆိုင်းရမှာဖြစ်ပါတယ်။

ဒုတိယနည်း

အမြဲအလေးထားဆောင်ရွက်ရမယ့် ကောင်းမွန်တဲ့လူမှုဆက်ဆံရေး (Human Touch) ပဲဖြစ်ပါတယ်။ စီမံခန့်ခွဲတဲ့လူတွေသိကြတဲ့အတိုင်း ဝန်ထမ်းအများစု အလုပ်ကထွက်တာ၊ စိတ်ပျက်တာဟာ အဖွဲ့အစည်းကြောင့် မဟုတ်ဘဲ မိမိတို့ရဲ့အဖွဲ့ အထက်အရာရှိ မန်နေဂျာကြောင့်ဆိုတာ သိရပါတယ်။ Social Media ၊ Email ၊ Website ၊ ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်း အဲဒါတွေကို ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ၊ လူကိုဂရုစိုက်ဖို့က ပိုအရေးကြီးပါတယ်။

တတိယနည်း

ရန်သူကို တိုက်ခိုက်တဲ့အကောင်းဆုံးနည်းကတော့ မိမိဝန်ထမ်းတွေကို လေးစားမှုနဲ့ ဆက်ဆံခြင်း ဖြစ်ပါတယ်။ Accenture ဆိုတဲ့ အတိုင်ပင်ခံကုမ္ပဏီရဲ့ စစ်တမ်းအရ ဝန်ထမ်း ၃၁ ရာခိုင်နှုန်းဟာ မိမိရဲ့အထက်အရာရှိကို မကြိုက်ကြဘူး။ ၃၂ ရာခိုင်နှုန်းက အလုပ်သစ်ရှာဖွေပါတယ်။ ၄၃ ရာခိုင်နှုန်းက သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်မပြုဘူးလို့ ခံစားတတ်ကြပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီမှာရှိတဲ့ စီမံခန့်ခွဲသူမန်နေဂျာတွေအားလုံး ကိုယ့်ဝန်ထမ်းတွေကို လေးစားသမှုနဲ့ဆက်ဆံဖို့ လိုပါတယ်။

အလုပ်လုပ်မယ့်သူပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ် တစ်ဆင့်စကား၊ တစ်ဆင့်နားဆိုသလို ယခုလုပ်နေရတဲ့ပတ်ဝန်းကျင်မှာ နာမည်ကောင်းနဲ့လုပ်ကိုင်သွားဖို့ လိုအပ်ပါတယ်။ အကြောင်းကြောင်းကြောင့် အလုပ်ထွက်ရင်လည်း စနစ်တကျ အလုပ်တွေလွှဲတာတို့၊ စာရင်းရှင်းတာတို့၊ ကူညီလုပ်ကိုင်တာတို့ လုပ်သင့်ပါတယ်။ တကယ်လို့များ ဒီနယ်ပယ်မှာပဲ ကျင်လည်ဖို့အစီအစဉ်ရှိရင် တစ်ဆင့်စကား တစ်ဆင့်နားဆိုသလို ထမင်းလုံးတစ္ဆေ ခြောက်ခံရပါလိမ့်မယ်။ အထူးသဖြင့် ရာထူးကြီးလာရင် နောက်ကြောင်းရှင်းမှ စဉ်းစားကြတာမျိုးဆိုတော့ ကိုယ့်သမိုင်း ကိုယ်တည်ဆောက်ထားဖို့ လိုပါတယ်။

ဒီနေ့လူငယ်လူရွယ်တွေအနေနဲ့ အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အရေးကို စနစ်တကျ အသုံးချပြီး လက်ရှိလုပ်ကိုင်နေတဲ့အလုပ်က သမိုင်းကောင်းဖို့ထားခဲ့ခြင်းအားဖြင့် ဒီထက်ကြီးမားတဲ့အလုပ်တာဝန်ကို ပြင်ဆင်ထားနိုင်ဖို့ဖြစ်ပါတယ်။ ကုမ္ပဏီတွေကလည်း ဝန်ထမ်းသစ်တစ်ယောက်ကို ပြုစုပျိုးထောင်ရတဲ့ ကုန်ကျစရိတ်ဟာ လက်ရှိဝန်ထမ်းကောင်းတစ်ယောက်ကို ထိန်းရတဲ့စရိတ်ထက် များတယ်ဆိုတာ နားလည်ထားခြင်းဖြင့် ခိုင်မာတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးများ တည်ဆောက်ထားဖို့ လိုအပ်ပါကြောင်း။

Ref: The Economist

မောင်သာ