ကမ္ဘာ့ဘဏ်အုပ်စုမှရေးသားပြုစုတဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ (Myanmar Economic Monitor-MEM) ထုတ်ပြန်တဲ့အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ မြန်မာနိုင်ငံကမ္ဘာ့ဘဏ်ရုံးတို့ပူးပေါင်းပြီး မေလ ၁၇ ရက်က UMFCCI မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာ့စီးပွားရေး တိုးတက်ပြောင်းလဲမှု၊ အစိုးရပိုင်းကို အကြံပြုချက်များနဲ့ပတ်သက်ပြီး Ms Ellen Goldstein နဲ့ Mr Hans Anand Beck တို့ကို မေးမြန်းခဲ့ပါတယ်။
အခမ်းအနားအကြောင်းနဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ မြန်မာနိုင်ငံအတွင်း အခန်းကဏ္ဍ
----------------------------
ဒီပွဲက ကျွန်မတို့ရဲ့ တစ်နှစ်မှာနှစ်ကြိမ်ထုတ်ဝေတဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ (MEM) ထုတ်ပြန်တဲ့အခမ်းအနားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးရစီးပွားရေးအချက်အလက်တွေကို အခြေခံပြီးတော့ ပြည်သူတွေအတွက် အကျိုးဖြစ်စေမယ့် မူဝါဒတွေအပေါ် အကြံပြုချက်တွေပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အစီရင်ခံစာမှာ တွေ့ရှိချက်အရ မြန်မာနိုင်ငံရဲ့စီးပွားရေးပြောင်းလဲမှုက တစ်နှစ်ကို ခုနစ်ရာခိုင်နှုန်းလောက်နဲ့ ကောင်းမွန်စွာ တိုးတက်နေပါတယ်။ ဆင်းရဲမွဲတေမှုသိသိသာသာ လျော့ကျနေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါက သတင်းကောင်းပါ။ တိုးတက်မှုအတွက် အလားအလာတွေက တော်တော်ကောင်းပါတယ်။ လာမယ့်နှစ်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာမှုနဲ့အတူ တိုးတက်မှုတွေမြှင့်တက်လာဖို့ မျှော်မှန်းပါတယ်။
ဒါပေမဲ့ တိုးတက်မှုကို ခြိမ်းခြောက်နိုင်တဲ့ ပြည်တွင်းပြည်ပ စီးပွားရေးစိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အစိုးရနဲ့ ပြည်သူတွေအနေနဲ့ ဒီစိန်ခေါ်မှုတွေကို သိမြင်နိုင်ဖို့အရေးကြီးပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရကို အကြံပြုချင်တာက
----------------------------
သိပ်မကြာခင်က အစိုးရက Myanmar Sustainable Devel-opment Plan (MSDP) မူကြမ်းကို ပြင်ဆင်ခဲ့ပါတယ်။ လက်ရှိမှာ အပြီးသတ်ချောနေပြီဖြစ်ပါတယ်။ ဒါက ရှေ့ဆက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းလို့ထင်ပါတယ်။ အခုဆိုရင် စီးပွားရေးတိုးတက်မှုရဖို့ မြန်မာနိုင်ငံမှာ ခိုင်လုံတဲ့ စီးပွားရေးရည်မှန်းချက်နဲ့ လမ်းညွှန်ချက်တွေရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ ကျွန်မတို့ အလေးပေးချင်တဲ့နယ်ပယ်သုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ စီးပွားရေး လျင်လျင်မြန်မြန်တိုးတက်မှုပါ။ လူတိုင်းအတွက် စီးပွားတိုးတက်မှုရှိစေပြီးတော့ အရေးကြီးဆုံးကတော့ ပုဂ္ဂလိကကဏ္ဍတိုးတက်မှုအတွက် ဝန်းကျင်ကောင်းကို ဖွံ့ဖြိုးစေဖို့ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတယ်ဆိုပေမယ့် နိုင်ငံခြား၊ ဒါမှမဟုတ် ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ပိုမိုလွယ်ကူစေအောင်လုပ်ဖို့လိုပါတယ်။ ဒုတိယအချက်ကတော့ အများပြည်သူအတွက် အသုံးစရိတ်တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ရပါမယ်။ ဒါမှ ဘဏ္ဍာငွေတွေကို အဖိတ်အစင်မရှိစေဘဲ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နဲ့ အခြေခံဝန်ဆောင်မှုတွေအားလုံးမှာ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ တတိယနယ်ပယ်ကတော့ အခုလည်းပဲ အစိုးရအနေနဲ့ တိုက်တိုက်တွန်းတွန်း လုပ်ဆောင်နေတဲ့ နိုင်ငံအတွင်း နယ်ပယ်စုံက ပဋိပက္ခတွေကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်မယ့်နည်းလမ်းတွေရှာဖွေဖို့ပါ။ ဒါမှသာ ပြည်သူတွေအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို ခံစားရပြီး ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံစီးပွားရေး တိုးတက်ပြောင်းလဲမှုအပေါ် သုံးသပ်ချက်
-----------------------
ကျွန်တော်တို့ရဲ့ အစီရင်ခံစာအရ မြန်မာ့စီးပွားရေးတိုးတက်မှုက ၂၀၁၅-၁၆ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၁၇-၁၈ ခုနှစ်မှာ ပြန်လည်ကောင်းမွန်လာပါတယ်။ မနှစ်က ၅.၉ ရာခိုင်နှုန်းကနေ ဒီနှစ် ၆.၄ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒါက ကောင်းတဲ့ညွှန်းကိန်းဖြစ်ပါတယ်။ တခြားအကြောင်းအရာတွေကတော့ ဘတ်ဂျက်လို ငွေကျဆင်းခဲ့သလို ငွေကြေးဖောင်းပွမှုလည်း လျော့နည်းလာပါတယ်။ ဒါပေမဲ့ ရှေ့စီးပွားရေးအလားအလာမှာတော့ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေက ကြီးထွားလာနေပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်မြှင့်တင်ဖို့နဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့အရေးကြီးပါတယ်။
နိုင်ငံတကာလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်မှု အနေအထားရှိပြီလား
---------------------------
ကုမ္ပဏီတွေတော်တော်များများက မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေကို မြင်တွေ့ပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်တုန်းကလည်း သူတို့တွေက အခွင့်အလမ်းတွေကို ကြုံခဲ့ပြီးဖြစ်ပါတယ်။ မနှစ်ကနဲ့ယှဉ်ရင် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကတိကဝတ်တွေရှိလာပါတယ်။
ဒါက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆုံးဖြတ်ချက်မချခင်မှာ နယ်စပ်ဒေသမှာ မလုံခြုံမှုကနေ ဖြစ်ပေါ်လာတဲ့ မသေချာမှုတွေနဲ့ အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို စောင့်ကြည့်နေတယ်ဆိုတာကို မြင်သာစေပါတယ်။
မြန်မာနိုင်ငံက SME တွေနဲ့ပတ်သက်လို့
----------------------
SME တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်ရရှိမှုအတွက် အရေးပါတဲ့အထောက်အပံ့ ဖြစ်ပါတယ်။ ကျွန်တော်တို့မျှော်လင့်တာကတော့ SME တွေအနေနဲ့ ပိုမိုတိုးတက်ကြီးထွားလာနိုင်ဖို့ပါ။ ဒါမှ ဘယ်ကနေ ရင်းနှီးမြှုပ်နှံမှုတွေရနိုင်မယ်ဆိုတာနဲ့ အလုပ်နေရာတွေများများပေးနိုင်စေမယ့် လုပ်ငန်းတိုးချဲ့ဖို့အတွက် စီးပွားရေးအစီအစဉ်တွေကို ရေးဆွဲနိုင်ဖို့ ဝန်းကျင်ကို ရှာတွေ့မှာဖြစ်ပါတယ်။
အစိုးရပိုင်းနဲ့ ပုဂ္ဂလိကကဏ္ဍတွေကို အကြံပြုချင်တာက
--------------
အစိုးရအနေနဲ့ ပြည်တွင်းနဲ့ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားပေးနေတာတွေရှိပါတယ်။ မနှစ်က စတင်ထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေက ရှေ့ဆက်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက သူတို့အတွက် ဒီဥပဒေက မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုရှိမယ်လို့ ခံစားမိကြပါတယ်။
ဒါကြောင့် ဒီဥပဒေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံရှင်တွေအနေနဲ့ သိနားလည်မှုမြင့်တက်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်သင့်တယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် လုပ်ငန်းတွေက ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီ လုပ်ကိုင်နိုင်စွမ်းရှိလားဆိုတာကိုလည်း သိအောင်လုပ်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရမယ်။ မူဝါဒတွေက တစ်ညီတည်းဖြစ်ရမယ်။
ပုဂ္ဂလိကကဏ္ဍအတွက်ကတော့ စိတ်ကူးကောင်းတွေကို ဆက်လက်တွေးခေါ်နေပါ၊ ကြိုးစားနေပါ။ အစိုးရရဲ့ စည်းမျဉ်းတွေနဲ့အညီလုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ ဘယ်နေရာမှာတော့ တိုးတက်မှုတွေ လိုအပ်နေတယ်ဆိုတာ အစိုးရကို အကြံပြုပြောကြားပါ။ ဒါက လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံအတွက် စီးပွားရေးပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ထွန်းနိုင်မယ့် အခွင့်အလမ်းကောင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေရှိတဲ့ စီးပွားရေးဝန်းကျင်ဖြစ်ပါတယ်။ SME တွေကတော့ ဒီစီးပွားရေး ပြောင်းလဲမှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။
ဆင့်ဆင့်စိုး