ကမ္ဘာ့သြဇာအရှိဆုံးနဲ့ အလွှမ်းမိုးဆုံးပုဂ္ဂိုလ်တွေဟာ ကျန်တဲ့ပြည်သူတွေနဲ့ခွဲပြီး သီးခြားကမ္ဘာတစ်ခုမှာ နေထိုင်ကြတာကို အလွယ်တကူ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ အများစုဟာ ငွေရဖို့သမားရိုးကျအလုပ်အကိုင်တွေကို ပထမဦးစွာလုပ်ကိုင်ခဲ့ရသူတွေ ဖြစ်တယ်။ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်မှအစ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်အထိ သိပ်အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့လျောက်ရတဲ့ လမ်းကြောင်းက ပန်းခင်းလမ်းမဟုတ်ကြောင်း သက်သေပြကြပါတယ်။

၁။ Jeff Bezos
Amazon တည်ထောင်သူ စီအီးအို ဘီဇော့စ်ဟာ ဆယ်ကျော်သက်အရွယ်က နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် မက်ဒေါ်နယ်သရေဇာဆိုင်က စားဖိုဆောင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ ''အခက်ခဲဆုံးကိစ္စက ဆိုင်မှာဧည့်သည်ကျတဲ့အ ချိန်ကိစ္စအားလုံး သင့်တော်တဲ့အရှိန်နဲ့ဆက်သွားနေအောင် ထိန်းသိမ်းရတာဖြစ်တယ်။ ဆိုင်မန်နေဂျာကလည်း သိပ်တော်တယ်။ သူ့အမှုထမ်းလူငယ်တွေကို အလုပ်ထဲမှာ ပျော်အောင်လုပ်ပေးတယ်'' လို့ သူကပြောပါတယ်။

၂။ Donald Trump
လက်ရှိ အမေရိကန်သမ္မတထရမ့်ဟာ မွေးကတည်းက ချမ်းသာပေမယ့် ငွေတန်ဖိုးသိအောင်လို့ သူ့ဖခင်ကယင်းအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ခေါ်သွားပြီးဆိုဒါပုလင်းလွတ်တွေ ဆိုင်မှာပြန်သွင်းဖို့ လိုက်ကောက်ခိုင်းတယ်။ ပုလင်းပြန်သွင်းတာ ပိုက်ဆံများများရပေမယ့် မိမိငွေရဖို့ အလုပ်လုပ်တတ်ခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။

၃။ Bernie sanders
၂၀၂၀ သမ္မတသစ် ရွေးကောက်ပွဲဝင်မယ့် ဗားမောင့်ပြည်နယ်၊ ဘာလင်တန်မြို့တော်ဝန်ဟောင်းဆင်းဒါးဟာ ၁၉၆၄ ခုနှစ်က ရှီကာဂိုတက္ကသိုလ်မှ (နိုင်ငံရေးသိပ္ပံ) ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုအဖွဲ့မှာ တက်ကြွစွာပါဝင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာဗားမောင့်အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့တယ်။ သူဟာ ကျဘန်းအလုပ်တွေ အတော်များများလုပ်ရာမှာ လက်သမားအလုပ်နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတာတွေလည်းလုပ်ခဲ့တယ်။

၄။ Michael Bloomberg
နယူးယောက်မြို့တော်ဝန်ဟောင်းနဲ့ ၂၀၂၀ သမ္မတရာထူးမယှဉ်ပြိုင်ဖြစ်တော့သူ ဘလွန်းဘာ့ဟာ ယခုအခါ ဒေါ်လာ ၆၁.၉ billion USD (2020) ချမ်းသာပေမယ့် တစ်ချိန်က လူလတ်တန်းစားမိသားစုဝင် ဖြစ်တယ်။ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှာ ကျောင်းတက်တုန်းက ကျောင်းစရိတ်အကြွေးဆပ်ဖို့ မော်တော်ယာဉ်ရပ်နားစခန်းမှာ အစောင့်လုပ်ခဲ့ရတယ်။

၅။ Ellen de Generes
ရုပ်သံဆွေးနွေးခန်း အစီအစဉ်တင်ဆက်သူ ဂျင်နရက်စ်ဟာ မအောင်မြင်ခင်က စားပွဲထိုး(ဘားတင်ဒါ)၊ ဖုန်စုပ်စက်ရောင်းသူနဲ့ ကမုတ်ကောင်အခွံခွာသူ အလုပ်တွေ လုပ်ခဲ့ရတယ်။ ''နယူးအော်လင်းမှာ နေထိုင်တယ်ဆိုရင် ကမုတ်ကောင်အခွံခွာတဲ့ အလုပ်လုပ်ဖူးရမယ်'' လို့သူကပြောဖူးတယ်။

၆။ Elon Musk
Space X နဲ့ Tesla ကုမ္ပဏီပိုင်ရှင်မာ့ခ်ဟာ တောင်အာဖရိက နိုင်ငံမှာကြီးပြင်းစဉ်က သူ့အစ်ကိုဝမ်းကွဲနဲ့စိုက်ပျိုးရေးမွေးမြူရေးခြံမှာအလုပ်လုပ်ရတယ်။ ပြီးတော့ သစ်စက်တစ်စက်မှာဝင်လုပ်တယ်။ မာ့ခ်ဟာဘေးကင်းရေးဝတ်စုံကြီးဝတ်ပြီး တစ်နာရီလုပ်အားခ ၁၈ ဒေါ်လာရတဲ့ ဘွိုင်လာခန်းသန့်ရှင်းတဲ့အလုပ်လုပ်တယ်။ အဲဒီအလုပ်စလုပ်တုန်းက ကျွန်တော်နဲ့အတူအလုပ်သမားအယောက် ၃၀ ရှိပေမယ့် တစ်ပတ်ပြည့်တော့ကျွန်တော်နဲ့နှစ်ယောက်ပဲကျန်တယ်လို့ သူကပြောတယ်။

၇။ Barack Obama
အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ ငယ်ငယ်တုန်းက ဟော်နိုလူလူမြို့က ရေခဲမုန့်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ခဲ့တယ်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲဝင်တော့ သူ့ရဲ့မဲဆွယ်ရေးအဖွဲ့က သူ့ရဲ့ဖေ့စ်ဘွတ်ဝေါလ်ပေါ်က ထူးကဲတဲ့သူ့ဘဝနဲ့ အလုပ်တွေစာရင်းထဲမှာ အဲဒီအလုပ်ကို ထပ်ဖြည့်ခဲ့တယ်။

၈။ Richard Branson
Virgin Group တည်ထောင်တဲ့ ဘီလျံယံနာကြီး ဘရင်ဆန်ဟာ ငယ်ငယ်ကတည်းက စီးပွားရှာသူဖြစ်ပြီး ၁၁ နှစ်အရွယ်က သူငယ်ချင်း 'နှစ်ပေါင်းဝဲလ်'နဲ့အတူ ကျေးကျုတ်မွေးမြူရေးလုပ်ပြီး အတန်းဖော်တွေကို ရောင်းချတယ်။ နောက်တော့ ငှက်တွေက အဆမတန်ပွားပြီး ဝယ်လိုအားထက်ရောင်းလိုအားက ပိုများနေလို့ အခြားအလုပ်ပြောင်းလုပ်တယ်။ ခရစ္စမတ်ပွဲနဲ့နီးတဲ့အခါ ထင်းရှူးပင်လေးတွေ စိုက်ပျိုးပြီးအပင်ထွားလာရင် အမြတ်တင်ရောင်းဖို့ ကြံစည်ပေမယ့် ယုန်တွေဖျက်ဆီးလို့အကြံပျက်သွားတယ်လို့ သူကပြောဖူးတယ်။

၉။ Hillary Clinton
အမေရိကန်သမ္မတကတော်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟောင်းဟီလာရီဟာ သူများကလေးထိန်းတဲ့အလုပ်အပြင် ၁၃ နှစ်အရွယ်မှာ အီလီနွိုက်ပြည်နယ်ရှီကာဂိုမြို့ ပတ်ရစ်ဂျ်ဆင်ခြေဖုံးရပ်ကွက်က နေအိမ်နဲ့အလှမ်းဝေးတဲ့ အပန်းဖြေဥယျာဉ်ကလေးမှာ ကြီးကြပ်ရေးမှူးလုပ်ရတယ်။ ဘောလုံးတွေ၊ ရိုက်တံတွေ၊ ကြိုးခုန်တဲ့ကြိုးတွေအပြည့်ပါတဲ့ လှည်းကိုနွေရာသီမှာ တစ်ပတ်သုံးရက်အသယ်အပို့ လုပ်ပြီးငွေရှာတယ်။ ''ကျွန်မမိဘတွေက အပင်ပန်းခံအလုပ်လုပ်တာ၊ ကိုယ့်အားကိုယ်ကိုးတာကိုယုံကြည်ကြတယ်။ နောက်ပြီး သားသမီးတွေ ငွေတန်ဖိုးသိအောင်နဲ့ ကောင်းကောင်းလုပ်ခဲ့တဲ့ အလုပ်ရဲ့ဂုဏ်ကိုတန်ဖိုးထားတတ်အောင်သင်ပေးကြတယ်'' လို့ ဟီလာရီက ပြောတယ်။

၁၀။ JACK MA
Alibaba Group ပူးတွဲတည်ထောင်သူနဲ့ တရုတ်ပြည်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်မားဟာ တရုတ်ပြည်ဟန်ကျိုးမြို့မှာ အင်္ဂလိပ်စာပြဆရာအဖြစ်စတင်လုပ်ကိုင်ခဲ့တယ်။ ပထမဆုံးအလုပ်ရဲ့အရေးပါပုံနဲ့ ကျောင်းဆရာအတွေ့အကြုံက ''ပင်ကိုစွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်တွေကို သတိထားမိအောင်ကူညီပြီး သူတို့တိုးတက်အောင် ဘယ်လို အားပေးရမလဲနားလည်စေခဲ့တယ်'' လို့ သူကကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဆွေးနွေးရှင်းလင်းခဲ့တယ်။

၁၂။ WARREN Buffett
Bershire Hathaway ကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ စီးအီးအိုဖြစ်သူ ဝါရင်ဘတ်ဖက်(ဘူဖေးလို့အသံမထွက်ရပါ) ဟာ ငယ်ငယ်ကတည်းက ငွေရှာခြင်းဲ၊ ငွေစုဆောင်းခြင်းကို စိတ်ဝင်စားခဲ့ပါတယ်။ ဒေါ်လာ ၆၁.၂ ဘီလီယံချမ်းသာတဲ့ ဝါရင်ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးအုပ်စုဝင်ဖြစ်ပြီး ၁၃ နှစ်အ ရွယ်က သတင်းစာပို့တဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနှစ် မှာ စုငွေဒေါ်လာ ၁၂၀၀ ကို လယ်မြေဧက ၄၀ ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့တယ်။

၁၃။ INDRA NOOYI
အင်ဒရာနူးရီးဟာ ယေးလ်တက္ကသိုလ်တက်ဖို့ အိန္ဒိယနိုင်ငံကနေ အမေရိကန်ကိုရောက်ခါစမှာ ည ၁၂ နာရီမှ မနက် ၅ နာရီအထိ ဧည့်ကြိုဝန်ထမ်းလုပ်ရတယ်။ ယခုသူဟာ Pepsico ရဲ့ စီအီးအိုဖြစ်ပြီး Forbes ရဲ့ ''၂၀၁၇ ခုနှစ် မှာ သြဇာအရှိဆုံး မိန်းမများစာရင်းတုန်းကမှာ နံပါတ် ၁၁ ချိတ်ခဲ့တယ်။

၁၄။ JOHN PAUL DEJORIA
John Paul Mitchell Systems နဲ့ Patron မက္ကဆီကန်အရက်လုပ်ငန်းပူးတွဲတည်ထောင်သူ ဒီဟိုးရီးယားဟာ ငယ်စဉ်က ဆင်းရဲလို့ ၂၅ စင့်တန်ပန်းထည့်တဲ့ ကတ္တူဗူးတွေပြုလုပ်ပြီး စင့်(၅၀) နဲ့ ပြန်ရောင်းခဲ့တယ်။ ''အသက် ၁၁ နှစ်အရွယ်က မနက်ဆိုင်းသတင်းစာပို့တာ တစ်လကို ၃၃ ဒေါ်လာရတယ်။ ကျွန်တော်တို့ ကောင်းကောင်းနေနိုင်ဖို့ အမေ့ကိုငွေအပ်တယ်။ အလုပ်တစ်ခု ရှိတာဟာဂုဏ်ပါပဲ'' လို့ သူကပြောတယ်။

၁၅။ MICHAEL DELL
Dell Inc ကွန်ပျူတာကုမ္ပဏီတည်ထောင်သူက စီအီးအိုမိုက်ကယ်ဒ်လ်ဟာ PC တွေ ခေတ်ကောင်းချိန်မှာ အောင်မြင်လာတယ်။ သူဟာ အခုဒေါ်လာ ၁၈.၇ ဘီလီယံဖိုးချမ်းသာတယ်။ သူမအောင်မြင်ခင် ၁၂ နှစ်သားအရွယ်တုန်းက တရုတ်စားသောက်ဆိုင်မှာ ပန်းကန်းဆေးတဲ့အလုပ်ကို အရင်ဆုံးလုပ်ခဲ့ရတယ်။

၁၆။ MADELEINE ALBRIGHT
သမ္မတကလင်တန်လက်ထက်မှာ ပထမဆုံးအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ အောဘရိုက်ဟာ သူ့ဇာတိ 'ချက်ကိုစလိုဗက်နိုင်ငံ'မှ ထွက်ပြေးပြီး အမေရိကန်မှာနိုင်ငံရေးခိုလှုံခွင့်ရခဲ့တယ်။ ပထမဆုံးအလုပ်က ဒင်ဗာမြို့က ကုန်တိုက်မှာ ဘရာစီယာရောင်းခြင်းဖြစ်တယ်။''လစာက မမက်လောက်ပေမယ့် ခက်ခဲတဲ့အခြေအနေတွေမှာ လူတွေနဲ့ဖြေရှင်းနည်းကို တတ်မြောက်ခဲ့တယ်''လို့ သူက ပြောတယ်။

၁၇။ REED HASTINGS
ဟေးစတင်းဟာ အင်တာနက်အခပေးရုပ်ရှင်လုပ်ငန်း Netfix ကို တွဲဖက်တည်ထောင်သူနဲ့ စီအီးအိုမဖြစ်လာခင်က ဖုန်စုပ်စက်တွေရောင်းခဲ့တယ်။ သူဟာ တစ်အိမ်တက်ဆင်းလိုက်ရောင်းတဲ့ အဲဒီနွေရာသီအလုပ်ကို ဆက်လုပ်ချင်တာနဲ့ Bowdoin ကောလိပ်တက်ဖို့ကိစ္စ တစ်နှစ်ရွှေ့ဆိုင်းခဲ့တယ်။

၁၈။ LLOYD BLANKFEIN
Goldman Sachs ကုမ္ပဏီရဲ့ စီအီးအိုဟောင်းဖြစ်တဲ့ ဘလင်းဖိန်းဟာ Wall Street မှာ သြဇာအလွှမ်းမိုးဆုံးလူတစ်ဦးဖြစ်ပေမယ့် သူလည်း အောက်ခြေကတက်ခဲ့တာပါ။ သူဟာဘရွတ်ကလင်မြို့နယ်၊ အိမ်ရာစခန်းမှာကြီးပြင်းပြီး ပထမဆုံးအလုပ်အဖြစ်ယန်ကီးအားကစားကွင်းမှာ သရေစာလိုက်ရောင်းချခဲ့တယ်။

၁၉။ KAT COLE
ကာကိုးလ်ဟာ Cinnabon ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ၊ အဲဒီနောက် Focus Brands အုပ်စုရဲ့ ဥက္ကဋ္ဌမဖြစ်ခင်က Hooters ကလပ်မှာ ၁၇ နှစ်အရွယ်ကစပြီး ၁၅ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပါတယ်။ သူက စစချင်း ဧည့်ကြိုလုပ်ခဲ့တာပါ။ ထက်မြက်ဖြတ်လတ်ပြီး တော်တဲ့အတွက်ခဏတွင်းချင်းပဲ ရာထူးတွေမြန်မြန်တက်ခဲ့ကာ သူ အသက် ၂၆ နှစ်အရွယ်ကျတော့ ဒု-ဥက္ကဋ္ဌ ရာထူး ရခဲ့ပါတယ်။ အလုပ်ရှင်တွေ သဘောကျတဲ့ ကိုးလ်ကို ယင်းတို့က သြစတြေးလျမှာဆိုင်ခွဲသွားဖွင့်ခိုင်းတယ်။ သူက အသက် ၂၀ ကျော်အရွယ်မှာ အမှုထမ်းနဲ့မန်နေဂျာတွေကို စတင်သင်တန်းပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

၂၀။ DOUG MCMILLON
Walmart ကုမ္ပဏီနဲ့ လက်ရှိစီအီးအိုဖြစ်သူမီလွန်ဟာ အသက် ၁၈ နှစ်အရွယ်၊ ၁၉၈၄ ခုနှစ်က ဝေါလ်လ်မတ် ဖြန့်ချိရေးစင်တာမှာ အချိန်ပိုင်းလုပ်အားခရှင်းပေးတဲ့ နွေရာသီတွဲဖက်အမှုထမ်းလုပ်ပြီး အဲဒီကုမ္ပဏီနဲ့လက်တွဲခဲ့ပါတယ်။ အဲဒီနောက် ကောလိပ်ကျောင်းတက်ဖို့ အလုပ်ထွက်ခဲ့တယ်။ ဒါပေမဲ့ အမ်ဘီအေသင်တန်းတက်နေတုန်း ဝေါလ်မတ်စတိုးမှာ လက်ထောက်မန်နေဂျာပြန်လုပ်ပြီး ကုန်စည်ဝယ်ယူရေးသင်တန်းသားအဖြစ် အရောင်းလုပ်ငန်းဘက် ပြောင်းခဲ့ပါတယ်။ သူဟာအကြီးတန်းခေါင်း ဆောင်ရာထူးရဖို့ အဆင့်ဆင့်တက်ခဲ့ရပြီး ၂၀၁၄ မှာ စီအီးအိုဖြစ်လာခဲ့ပါတယ်။

၂၁။ MARK CUBAN
Dallas Mavericks ဘတ်စကက်ဘောအသင်းပိုင်ရှင်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သူ မာ့ခ်ဟာ လူပျိုပေါက်အရွယ်က သူလိုချင်တဲ့ အားကစားဖိနပ်တစ်ရံဝယ်နိုင်ဖို့ အမှိုက်အိတ်တွေကို သုံးဒေါ်လာဈေးတင်ပြီး တစ်အိမ်တက်ဆင်းလိုက်ရောင်းခဲ့ပါတယ်။

၂၂။ POPE FRANCIS
ဟော်လားဘာဂိုဂလီယိုဟာ ဗြူနိုအေရီးစ်မြိုမှ ဂိုဏ်းချုပ် ဆရာတော်၊ ပြီးတော့ ရဟန်းအမတ်မဖြစ်ခင်က 'ဂျေဆု' ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး နောက်ဆုံးတော့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာပါတယ်။ သူဟာ ဘုန်းကြီးမဝတ်ခင်က ဓာတုဗေဒဓာတ်ခွဲခန်းအမှုထမ်း၊ သန့်ရှင်းရေးလုပ်သားနဲ့ ယမကာဆိုင်မှ လုံခြုံရေးဝန်ထမ်း စသဖြင့် အလုပ်မျိုးစုံလုပ်ခဲ့ပါတယ်။

၂၃။ NEiL I VOGEL
ယခင်က About.com ဖြစ်တဲ့ Dotdash ကုမ္ပဏီရဲ့ စီအီးအို ဗိုဂယ်ရဲ့ ပထမဆုံးအလုပ်က မင်္ဂလာဧည့်ခံပွဲမှာတွေနဲ့ ကျောင်းကပွဲသဘင်တက်မယ့်သူတွေကို 'Tuxedo' ခေါ် အမျိုးသားပွဲတက်ဝတ်စုံ ဌားရမ်းတဲ့အလုပ်လုပ်ခဲ့ပါတယ်။ ဗိုဂယ်နဲ့ သူငယ်ချင်းတစ်ဦးတို့ဟာ အဲဒီဝတ်စုံဌားရမ်းတဲ့ အလုပ်ကို လက်တွဲလုပ်ပြီး အရင်ဆုံး ဈေးဦးပေါက်သူကို မပေါက်သူက နေ့လည်စာကျွေးရလေ့ရှိပါတယ်။
''လက်လီလုပ်ငန်းလုပ်ခြင်းကြောင့် လူတွေနဲ့ ဆက်ဆံနည်း၊ ဆိုင်ရာသင်ခန်းစာကောင်းတွေ ရခဲ့တယ်။ အရောင်းကျွမ်းကျင်မှုလည်း တန်ဖိုးမဖြစ်နိုင်ဘူး'' လို့ သူကပြောပါတယ်။

၂၄။ ROBERT Herjavec
Shark Tank ရုပ်သံအစီအစဉ်မှာ ကျော်ကြားတဲ့ ရင်းနှီးမြှုပ်နှံသူမဖြစ်ခင် ၁၉၈၄ ခုနှစ်က ဟာဂျဗက်ဟာ တိုရွှန်တိုတက္ကသိုလ်မှ ဘွဲ့ရတဲ့အခါအကြွေးဆပ်ရမယ့် လူတွေကိုဖုန်းဆက်ပြီး အကြွေးတောင်းတဲ့အလုပ်လုပ်ခဲ့ပါတယ်။''အကြွေးတောင်းတဲ့အလုပ်လုပ်ရင်း သင်ခန်းစာတွေအများကြီးရခဲ့တယ်။ သိပ်တော်တဲ့အရောင်းသမားတွေဟာ လေးနက်တဲ့ရှေ့အလားအလာကိုပဲ အာရုံစိုက်ကြတယ်။ ပစ္စည်းရောင်းတဲ့အခါ ရန်လိုစိတ်ထက် စာနာစိတ်ကပိုထိရောက်တယ်ဗျ'' လို့ သူကပြောပါတယ်။

၂၅။ JACKI ZEHNER
Women Moving Millions ဆိုတဲ့ ပရဟိတအဖွဲ့ တည်ထောင်သူ ဂျက်ကီဟာ ၁၉၉၆ ခုနှစ်က Goldman Sechs ကုမ္ပဏီရဲ့ ပထမဆုံးအမျိုးသမီး စီးပွားဖက်ဖြစ်လာပါတယ်။ သူဆယ်ကျော်သက်အရွယ်တုန်းက အားကစားကွင်းထဲရှိ သရေစာဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီအလုပ်လုပ်ခြင်းဟာ Wall Street က စတော့ရှယ်ယာဈေးကွက်မှာ လုပ်ကိုင်ဖို့ သင်တန်းတက်သလိုဖြစ်တယ်လို့ သူကပြောပါတယ်။

၂၆။ DAVID MURDOCK
အသက် ၉၁ နှစ်ရှိတဲ့ Dole Foods ကုမ္ပဏီရဲ့ စီအီးအိုရဲ့ ဥက္ကဋ္ဌဖြစ်သူ မားဒေါက်ဟာ ကမ္ဘာ့အကြီးမားဆုံး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ် ဖြန့်ချိရေးကုမ္ပဏီဖြစ်အောင် လုပ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကဆင်းရဲပြီး နဝမတန်းမအောင်ဘဲ ကျောင်းထွက်ပြီး ၁၉၄၃ မှာ စစ်မှုမထမ်းခင်အထိ ဓာတ်ဆီဆိုင်မှာ လုပ်ခဲ့ပါတယ်။

၂၇။ T.BOONE PICKENS
BP Capital Management ဥက္ကဋ္ဌကြီးပစ်ကင်စ်ဟာ အသက် ၁၂ နှစ်အရွယ်က သတင်းစာပို့တဲ့အလုပ်လုပ်ရင်းသူ့ပြိုင်ဘက်ရဲ့ လမ်းကြောင်းတွေကို သိမ်းပိုက်ပြီးအိမ် ၁၅၆ လုံးအထိ တိုးချဲ့ပေးပို့ခဲ့တယ်။ ဝယ်ယူသိမ်းပိုက်ခြင်းအားဖြင့် လုပ်ငန်းတိုးချဲ့ခြင်းရဲ့ တန်ဖိုးကို အဲဒီမှာသင်ခန်းစာရခဲ့တယ်လို့ သူကပြောပါတယ်။

၂၈။ CHARLES SCHWAB
ချားလ်ရှဝက်ဘ်ဟာ ဘဏ်လုပ်ငန်းနဲ့ပွဲစားလုပ်ငန်းဖြစ်တဲ့ Charles Schwab ကော်ပိုရေးရှင်းကို တည်ထောင်ခဲ့ပြီး ယခု ဒေါ်လာ ၆ ဘီလီယံ ချမ်းသာပါတယ်။ သူဟာ ငယ်ငယ်ကတည်းက စွန့်ဦးတီထွင်စိတ်ရှိခဲ့တယ်။ ကယ်လီဖိုးနီးယားပြည်က လူလတ်တန်းစားမိဘတွေရဲ့ သားဖြစ်သူ ချားလ်ဟာ ကိုယ်တိုင်ငွေရှာချင်လို့ ငယ်ငယ်ကတည်းက သူ့အိမ်နောကဘေးခြံထဲမှာ သစ်ကြားသီး ထုပ်ကလေးတွေလုပ်ရောင်းပြီး ကြက်မွေးခဲ့တယ်။ ကြက်တချို့ကို ရောင်းစားပြီး တချို့ကို ကြက်ဥဖောက်ဖို့ သုံးခဲ့တယ်။