ရှုပ်ထွေးခက်ခဲမှုစရိတ် Cost of Complexity

dryeeyeemyint2

ရှင်းလေ ကုန်ကျစရိတ် သက်သာလေ

စားသုံးသူအလိုကျ ထုတ်ကုန်အမျိုးစုံအရောင်စုံ ရွေးချယ်နိုင်အောင် ဆန်းသစ်တီထွင်မှုကို အထူးအားပေးသော အချိန်အခါ ရှိခဲ့သည်။ အမျိုးစုံအောင် ဆန်းသစ်အောင် တီထွင်ခြင်းကြောင့် ထုတ်လုပ်မှုများ ရှုပ်ထွေးခက်ခဲပြီး စရိတ်များလည်းကြီးလာမြဲဖြစ်သည်။ အချိန်ကြာလေ ရှုပ်ထွေးလေဖြစ်လာလေ့ရှိသည်။ အလုပ်အဆင့်မျိုးစုံ၊ စက်မျိုးစုံသုံးရန် လိုလာသည်။

လုပ်ငန်းတစ်ခု ရှုပ်ထွေးလာလေ ကုန်ကျစရိတ်များ တက်လာလေဖြစ်သည်။ ထုတ်လုပ်မှုရှင်းလေ ကုန်ကျစရိတ်နည်းပြီး ဝင်ငွေကောင်းလေဖြစ်မည်။ နည်းပညာနှင့်စွမ်းရည် ပိုမိုသုံးရသော ဈေးကွက် တောင်းဆိုမှုကြောင့် ပို၍ခက်ခဲစွာလုပ်ရပြီး ဝင်ငွေလည်းကောင်းသော အလုပ်များလည်း ရှိနိုင်သည်။ သို့သော် တိုးတက်ကုန်ကျမည့်စရိတ်နှင့် ပို၍ရမည့်ဝင်ငွေကို စေ့စပ်စွာနှိုင်းယှဉ်လေ့လာဆုံးဖြတ်ရန်လိုသည်။

ကုန်ကျစရိတ်တက်ခြင်းတွင် မည်သည့်နေရာ၊  မည်သည့်အလုပ်၊ မည်သည့်ပစ္စည်းက တက်သည်ကို တိတိကျကျ စစ်ရန်လိုသည်။ အထူးသဖြင့် သွယ်ဝိုက်စရိတ်များဖြစ်သော စီမံခန့်ခွဲမှုနှင့် ကုန်ရောင်းစရိတ်များကို သတိထားရန်လိုသည်။ သဘောမှာ အမှန်တကယ်လိုအပ်မှသာ ပိုကုန်ကျမည့်စရိတ်ကို သုံးသင့်သည်။ အလုပ်ချဲ့မှုကိုမလုပ်မီ စဉ်းစားရန်လိုသော မိမိကျခံရမည့် အချက်သုံးချက်မှာ -

- ဝယ်သူက ပေးမည်ဟု မမျှော်မှန်းနိုင်သော တိုးချဲ့မှုကို ဖြုတ်ရန်

- ဝယ်သူများအလိုကျ၍ ကျခံမည့် တိုးချဲ့ခြင်းကို အကျိုးရှိရှိလုပ်ရန် (ဥပမာ- ဒီဇိုင်းအမျိုးမျိုး)

- မိမိချဲ့မည့်အမျိုးစုံ၊ အရောင်စုံလုပ်မည့်အလုပ်ကို စရိတ်အနည်းဆုံးဖြစ်အောင် လုပ်ရန်တို့ဖြစ်သည်။

dryeeyeemyint1

ဥပမာများအနေနှင့်ဆိုရလျှင် လေယာဉ်ခရီးစဉ်ကို လူပြည့်ရန်လိုအပ်ချက်နှင့် ပြေးဆွဲရန်လိုအပ်ပါက ခရီးသွားများကို အထူးဧည့်ခံမှု အစီအစဉ်မပါဘဲ Economy Class ဖြင့်သာ ပြေးဆွဲခြင်း၊ ဝယ်သူတစ်ဦးချင်းကို တွေ့ဆုံရောင်းချရသည့်စနစ်မှ Super Market  စနစ်သို့ ပြောင်းခြင်းတို့ဖြစ်သည်။ သို့ရာတွင် ကားရောင်စုံနှင့် အထူးအသုံးပစ္စည်းပါ ထုတ်လုပ်ရောင်းချသော General Motors သည် အမည်းရောင်တစ်မျိုးတည်းကားကို ရိုးစင်းစွာ ထုတ်လုပ်ရောင်းချခဲ့သော Ford ကားကုမ္ပဏီကိုကျော်၍ ဈေးကွက်ခေါင်းဆောင် ဖြစ်ခဲ့ခြင်းမှာလည်း Complexity နှင့် ပတ်သက်၍စိတ်ဝင်စားဖွယ်ဥပမာဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ဓ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)