နှိုင်းယှဉ်တန်ဖိုးကိုပုံသေမမှတ်စေလို

mgmglwin

စစ်တုရင်ကစားနည်းမှာ နယ် (Pawn)၊ မြင်း (Knight)၊ ဘုန်းကြီး (Bishop)၊ ရထား (Rook)၊ ဘုရင်မ (Queen)၊ ဘုရင်(King) ဆိုပြီး ကစားကောင် ခြောက်မျိုးရှိပါတယ်။

စစ်တုရင်ပွဲရဲ့အဆုံးအဖြတ်ဟာ ဘုရင်ရဲ့အသက်ပေါ်မှာ တည်ပါတယ်။ ဘုရင်သေရင် ရှုံးပြီ။ ဒီတော့ ဘုရင်ကြီးရဲ့တန်ဖိုးဟာ တုမရ နှိုင်းမရ ဧရာမ။

ကျန်တဲ့ ကစားကောင် ငါးမျိုးမှာ အင်အားအနည်းဆုံးနယ်ကို အခြေခံပြီး တန်ဖိုးသတ်မှတ်ပေးပါတယ်။ နယ် တစ်မှတ်၊ မြင်းနဲ့ ဘုန်းကြီး သုံးမှတ်၊ ရထား ငါးမှတ် နဲ့ ဘုရင်မ ကိုးမှတ် အသီးသီးဖြစ်ကြပါတယ်။

ဒါဟာ နှိုင်းယှဉ်တန်ဖိုးဖြစ်ပါတယ်။ နှိုင်းယှဉ်တန်ဖိုးဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်ခါမှာ ဝိဝါဒ ကွဲစရာလေးတွေ ရှိတတ်စမြဲပါ။

ကလေးတွေကို စစ်တုရင်သင်ကြားပေးတဲ့အခါမှာ ဒီနှိုင်းယှဉ်တန်ဖိုးကို ထည့်သွင်းပြောကြား မှတ်သားစေပါတယ်။ ဒီနှိုင်းယှဉ်တန်ဖိုးကို စိတ်မှာစွဲထားတဲ့ ကလေးတစ်ယောက် ပြိုင်ပွဲမှာ ငါးပါးမှောက်ခဲ့တာ လေး ပြောပြချင်ပါတယ်။

သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲ တစ်ခုက ရှစ်နှစ်အောက်ပြိုင်ပွဲမှာ ဖြစ်ပါတယ်။ ကလေး တစ်ယောက်က သူလေ့လာထားတဲ့ အဖွင့်ပိုင်းထောင်ခြောက်တစ်ခုကစားဖို့ အခွင့်ရခဲ့တယ်။ အဖြူသမားပေါ့။ အဖြူကအုပ်ကွက်မိနေတဲ့မြင်းနဲ့ အနက်ရဲ့ဗဟိုနယ်ကို စားပြီး သူ့ဘုရင်မကိုကျွေးထားခဲ့တယ်။ နှိုင်းယှဉ်တန် ဖိုးတွက်ရင် အနက်ကနယ်တစ်ရုပ်အတွက် တစ်မှတ်ရှုံးပြီး ဘုရင်မစားတော့ ကိုးမှတ်ရတာဖြစ်လို့ ရှစ်မှတ်တောင် မြတ်တယ်ပေါ့။ ဒါနဲ့ကောက်စားလိုက်တာမကြာပါဘူး ဘုရင်ကြီးသေပါရော။

ပွဲအပြီးမှာ အနက်သမားရဲ့ဆရာက ပွဲကို ပြန်ရွှေ့ပြီး စစ်ဆေးဆွေးနွေးမေးမြန်းပါတယ်။

''မင်းကွာ၊ စဉ်းစားပါဦးတော့လား။ ဘာဖြစ်လို့ ချက်ချင်းကောက်စားလိုက်ရတာလဲ။''

''နယ်ကတစ်မှတ်လေ။ ဘုရင်မကြီးက ကိုးမှတ်တောင်။ သားအများကြီးမြတ်တဲ့ဟာကို။''

''မင်းကိုမစားမနေရကျွေးတာမှ မဟုတ်တာ။ စဉ်းစားပါဦးလား။ ဘာဖြစ်လို့ ပွပြီဆိုပြီး ချက်ချင်း စားရတာလဲ။''

ရှုံးခဲ့တဲ့ကလေးအတွက် တစ်သက်တာသင်ခန်းစာ ရသွားခဲ့ပါတယ်။

နှိုင်းယှဉ်တန်ဖိုးဟာ အညွှန်းကိန်းဂဏန်းဖြစ်ပြီး ပစ်ပယ်လို့မရပေမယ့် အချိန်အခါနဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

နှိုင်းယှဉ်တန်ဖိုးဘယ်လောက်ပဲ မြင့်မားနေပါစေ၊ အသုံးချဖို့ အခြေအနေမပေးရင် အခါအခွင့်မရရင် အသုံးမဝင်ပါဘူး။