နှလုံးကိုထိခိုက်နိုင်တဲ့ လုပ်ငန်း ၈ မျိုး

တချို့သူတွေဟာ ကျန်းမာရေးချို့တဲ့တာနဲ့ပတ်သက်ပြီး  အချိုအဆိမ့်အစားများလို့၊ အထိုင်များလို့ စသဖြင့် အကြောင်းပြတတ်ကြပါတယ်။ အခုလေ့လာချက်တစ်ရပ်အရ မိမိတို့လုပ်ကိုင်နေရတဲ့ အလုပ်အမျိုးအစား ရှစ်မျိုးကြောင့်လည်း ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာ သိရှိရတယ်။ အဲဒီအလုပ်ရှစ်မျိုးထဲက လူတွေဟာအခြားသူတွေထက် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေ နည်းပါးနေကြတာကို တွေ့ရတယ်။ လုပ်ငန်းရှင် ရှစ်မျိုးထဲက အသက် ၄၅ နှစ်ကျော် လူပေါင်း ၅,၅၆၆ ကို လေ့လာခဲ့တယ်။ သူတို့ဟာ နှလုံးရောဂါတို့၊ လေဖြတ်တာတို့ မဖြစ်ဖူးခဲ့ကြသူတွေဖြစ်တယ်။ သွေးတိုး၊ သွေးထဲမှာ သကြားဓာတ်ပါဝင်မှု၊ ကိုလက်စထရော၊ ကျန်းမာကြံ့ခိုင်ရေးအဆင့်၊ စားသောက်လေ့ရှိတဲ့ အစားအစာ၊ ဆေးလိပ်သောက်ခြင်းနဲ့ အဝလွန်ခြင်းဆိုတဲ့အချက် ခုနစ်ချက်ကို အခြေခံပြီး စစ်ဆေးလေ့လာခဲ့ရာမှာ အောက်ပါအတိုင်း တွေ့ခဲ့ရတယ်။

အရောင်းလုပ်ငန်း . . .

အရောင်းဝန်ထမ်းတွေဟာ မိမိတို့ရဲ့ ကျန်းမာရေးကို အပေါစားလို သဘောထားနေကြသလား မသိပါဘူး။ ၆၈ ရာခိုင်နှုန်းဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတဲ့အလေ့အကျင့်မရှိကြဘူး။ ၆၉ ရာခိုင်နှုန်းဟာ ကိုလက်စထရောအဆင့် သိပ်မြင့်နေတယ်။

ရုံးဝန်ထမ်းတွေ . . .

စားပွဲမှာ ထိုင်အလုပ်လုပ်ကြရတဲ့ ဝန်ထမ်းတွေဟာ ကိုယ်လက်လှုပ်ရှားအားကစားကို ရှောင်နေကြဟန် တူပါရဲ့။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ရှိသင့်သလောက်ကို မရှိကြဘူး။ အမေရိကန်က လူတွေအားလုံးရဲ့ ၂၀.၈ ရာခိုင်နှုန်းဟာ သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းတွေကို မလုပ်ကြဘူးဆိုတော့ ဒီဝန်ထမ်းတွေလည်း ဒီလိုပဲနေမှာပေါ့။

မီးသတ်/ရဲဝန်ထမ်း . . .

လူတွေကို အသက်ဘေးအန္တရာယ်ကင်းအောင် လုပ်ကိုင်ပေးနေကြတဲ့ ဒီဝန်ထမ်းတွေဟာ သူတို့ရဲ့ နှလုံးကျန်းမာရေး ဂရုစိုက်ဖို့ အားမထုတ်ကြဘူး။ ဒီလုပ်ငန်းအများစုဟာ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့စံတွေ ထားရှိကြပါတယ်။ ဒါပေမဲ့ စစ်ဆေးတဲ့အထဲမှာပါဝင်ကြသူရဲ့ ဝန်ထမ်းတွေနဲ့ မီးသတ်ဝန်ထမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အဝလွန်နေကြပါတယ်။ ကိုယ်အလေးချိန်တွေ တက်နေကြတယ်။ ၇၇ ရာခိုင်နှုန်းဟာ ကိုလက်စထရော အဆင့်မြင့်နေကြတယ်။ ၃၅ ရာခိုင်နှုန်းကတော့ သွေးတိုးရှိနေကြပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ထမ်း . . .

ဒီတာဝန်ထမ်းဆောင်နေကြသူတွေဟာ အန္တရာယ်လမ်းကို လျှောက်လှမ်းနေကြသူတွေပါပဲ။ အမေရိကန်အများစုဟာ ဆေးလိပ်ဖြတ်ထားကြပေမဲ့ ဒီဝန်ထမ်းတွေကတော့ မပြတ်သေးပါဘူး။ သူတို့ရဲ့ လေးပုံတစ်ပုံဟာ  ဆေးလိပ်သောက်ကြတယ်။ လေ့လာတဲ့လူတွေထဲမှာ ဆေးလိပ်အသောက်ဆုံးဖြစ်ကြတယ်။

စားသောက်ကုန်လုပ်ငန်း . . .

စားစရာသောက်စရာတွေကြားထဲမှာ အလုပ်လုပ်နေကြရတော့ ခက်သားပဲ။ ဒီလူတွေဟာ အစားအသောက်ကို သိပ်ပြီး အလိုလိုက်လွန်းနေကြမှာ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ၇၉ ရာခိုင်နှုန်းဟာ အစားအသောက် မမှန်ကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင် မစားကြဘူး။

မန်နေဂျာ၊ ဆရာဝန်နဲ့ ရှေ့နေများ . . .

မန်နေဂျာတွေဟာ လေ့လာထားတဲ့လူတွေထဲမှာ ကျန်းမာရေးအကောင်းဆုံးအဖြစ် တွေ့ရတယ်။ ဆရာဝန်တွေနဲ့ ရှေ့နေတွေလည်း ကျန်းမာကြပါတယ်။ သူတို့ဟာ အားကစားရုံတွေကို သွားကစားကြတာ အတော်လေးမှန်ကြတယ်။ ၇၅ ရာခိုင်နှုန်း ကိုယ်လက်လှုပ်ရှားမှု အတော်လေးရှိကြတယ်။ သုံးပုံတစ်ပုံဟာ ကိုယ်ခန္ဓာ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကျန်းမာနေကြတယ်။ မန်နေဂျာချင်းတူပေမယ့် ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ မန်နေဂျာတွေကတော့ သိပ်ပြီးကျန်းမာရေးကောင်းနေတာမဟုတ်ဘူး။  အစားအသောက်လည်း နည်းလမ်းမှန်ကန်အောင်မစားကြဘူး။ စီးပွားကျဆင်းမှုရဲ့ ရိုက်ခတ်မှုထင်ပါရဲ့။

ဒီသုတေသနကို ပူးတွဲပြုလုပ်ခဲ့တဲ့ ပညာရှင်တစ်ဦးက ''နှလုံးကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုဆိုတာလုပ်ရင် အပြင်းအထန် လုပ်၊ မလုပ်ရင် ဘာမှကိုမလုပ်နဲ့ဆိုတာမျိုး မဟုတ်ဘူး။ စိတ်ကျဉ်းကျပ်လာတာကို ဖြေဖျောက်ဖို့ ချောကလက်သွားစားလိုက်မယ်။ တစ်နည်းအားဖြင့် ဟိုနားဒီနားလေး လမ်းလျှောက်ပေးလိုက်ရင်လည်း ရတာပါပဲ'' လို့ ပြောတယ်။

ဒီသုတေသနထက် အရင်က ပြုလုပ်ခဲ့တဲ့ သုတေသနတွေရဲ့ တွေ့ရှိချက်အရ အလုပ်တွေကို အလှည့်ကျ နေ့ဆိုင်းညဆိုင်း ခွဲလုပ်ကြရသူတွေဟာ အိပ်ရေးမဝတတ်ကြဘူး။ စိတ်ကျဉ်းကျပ်မှု ပိုများကြတယ်။ ဒီတော့ အစားအသောက်တွေ မမှန်ဖြစ်လာတယ်။ အရက်နဲ့ ဆေးလိပ်ပိုသောက်လာကြလေ့ရှိတာတွေ့ရတယ်။   ''အလုပ်ခွင်မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ကိုယ်လုပ်ချင်သလို လုပ်ခွင့်မရှိဘဲ အချုပ်အချယ် အကန့်အသတ်တွေနဲ့ လုပ်နေရတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်တယ်'' လို့ နှလုံးအထူးကုဆရာဝန်တစ်ဦးက ပြောပါတယ်။

ညွန့်သောင်း