နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလက်ခံခြင်းနဲ့ Legal Advisory

[caption id="attachment_25929" align="alignnone" width="370"]ဦးမင်းစိန်
တရားလွှတ်တော်ရှေ့နေ[/caption]

Myanmar Investment Law ပြင်နေတာရှိပါတယ်။ အဲဒီမှာ ဘာတွေပါသင့်တယ်လို့ ထင်ပါသလဲ . . .

Foreign Investment Law ရယ်၊ Local Investment Law ရယ် နှစ်ခုပေါင်းပြီး Myanmar Investment Law ဆိုတာ ထုတ်မှာပါ။ ပေါင်းတဲ့ Draft ထုတ်ထားတာကိုလည်း ဖတ်ရပါတယ်။ ဖတ်ရတဲ့အတိုင်းဆိုရင်တော့ သိပ်မဆိုးလှပါဘူး။ ဒီလိုပြင်ဖို့လည်းလိုလာပြီ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း လွယ်လွယ်ကူကူ ရင်းနှီးမြှုပ်နှံခွင့်ပေးသင့်သလို၊ မြန်မာတွေရဲ့ Interest ကိုလည်း ထိန်းထားပေးသင့်ပါတယ်။ ထိန်းထားပေးရမယ်ဆိုတာကလည်း နိုင်ငံခြားကဝင်လာပြီး အကုန်လုံးလုပ်သွားမယ်ဆိုရင် မြန်မာတွေက လုပ်စရာမရှိနိုင်တော့ပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် ကိုယ့်နိုင်ငံသား ဘယ်လောက်ပါမှ လုပ်ခွင့်ပေးမယ်ဆိုတာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် MIC Law အဖြစ် ပေါင်းလိုက်တာကြောင့် ပိုပြီးတိုးတက်လာဖို့ပဲရှိပါတယ်။

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုလာလုပ်ကြရင် အလုပ်ကိုင်အခွင့်အလမ်းတွေများလာမယ်၊ အသိပညာတွေ များလာပါမယ်။ သူတို့ဆီကနေ ကျွန်တော်တို့တွေက အများကြီးလေ့လာလို့ ရနိုင်ပါတယ်။ မြန်မာလူမျိုးတွေက မညံ့ပါဘူး။ တတ်လည်း တတ်လွယ်ပါတယ်။ ဒါပေမဲ့ စာချုပ်စာတမ်းနဲ့ပတ်သက်လာလို့ရှိရင် မြန်မာဥပဒေကို လေးစားဖို့တော့ လိုပါတယ်။

MIC Law အတည်ပြုပြီးနောက် နိုင်ငံတကာကုမ္ပဏီတွေ အလုံးအရင်းဝင်လာတဲ့အခါ သူတို့နဲ့ ပူးပေါင်းလုပ်မယ့် မြန်မာကုမ္ပဏီတွေအနေနဲ့ Legal ပိုင်းအရ သတိထားပြင်ဆင်ရမှာတွေကို အကြံပေးပါဦး . . .

ကိုယ်နဲ့အလုပ်လုပ်မယ့်လူကို Due Deligience တွေ စစ်ရပါမယ်။ အဲဒီမှာ Financial/Legal Due Deligience တွေလည်း ပါပါမယ်။ တစ်ခါတလေကျရင် သူတို့က ပြောတာနဲ့ သူတို့မှာ တကယ်ရှိနေတာနဲ့ မတူတတ်ကြပါဘူး။ နောက်ပြီး လာကြတဲ့ရင်းနှီးမြှုပ်နှံသူတွေက ဒီဘက်က လူတွေမှာ ဒီက မြေကြီးတို့ အဆောက်အအုံတို့ ရှိကြတော့ ဒါကိုပြပြီး ဟိုဘက်မှာ ငွေချေးပြီးတော့မှ လုပ်ငန်းလုပ်ကြမှာမျိုးလည်း ရှိပါတယ်။ များသောအားဖြင့်တော့ သူများဆီကချေးပြီး လုပ်ကြတာပါ။ ဒါပေမဲ့ နဂိုကတည်းက ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့ ဒီကိုလာပြီးတော့ ဒီမှာ အခွင့်အရေးလာယူတဲ့သူတွေ ရှိတဲ့အတွက် မြန်မာပြည်ကိုလာတဲ့အခါမှာ မြန်မာပြည်ရဲ့ ဥပဒေကိုတော့ လေးစားလိုက်နာအောင် လုပ်ရပါမယ်။

နိုင်ငံခြားကုမ္ပဏီဖြစ်တိုင်းလည်း အထင်ကြီးလို့မရပါဘူး။ ကိုယ့်ဆီမှာ သယံဇာတပေါလို့ သူတို့ဒီကိုလာပြီး သူတို့အတွက်လုပ်ပြီး ထွက်သွားရင်လည်း ကိုယ်ကဆုံးရှုံးပါမယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့ ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့နောက်ကြောင်းကို ပြန်လေ့လာရပါမယ်။ Legal Due Diligence ၊ Financial Due Diligence တွေလိုက်ရပါမယ်။ ဒီကုမ္ပဏီက ဘယ်လို ပိုက်ဆံရလာလဲ။ ဒီကုမ္ပဏီမှာရှိတဲ့လူတွေက ဘယ်လိုလူတွေလဲ အရင်ဘာလုပ်ခဲ့သလဲ၊ ကုမ္ပဏီဆိုရင်လည်း အရင်က ဘယ်လိုအမှုတွေရှိခဲ့ဖူးလဲ။ ဒါတွေကို Back-ground Check လုပ်ရပါမယ်။ Financial Due Diligence တွေအရဆိုရင်လည်း ကုမ္ပဏီမှာ ငွေရှိတယ်ဆိုရင် ဒီငွေတွေ ဘယ်ကရသလဲ ကြည့်ရပါမယ်။ တကယ်တော့ နိုင်ငံခြားမှာ၊ ဥပမာ - London Stock Exchange လိုနေရာမှာ Listing လုပ်မယ်ဆိုရင် သူတို့က အဲဒီကုမ္ပဏီရဲ့ Proposed Director တွေ အရင်က ဘာလုပ်ခဲ့သလဲ၊ သူသာမက သူ့ဇနီးရှိရင် သူ့ဇနီးက ဘာလုပ်သလဲ၊ သားသမီးရှိရင် သားသမီးတွေက ဘာလုပ်သလဲ၊ သူအရင်က ဘာအမှုတွေရှိဖူးလဲ စသဖြင့် လိုက်ပါတယ်။ ဒါကြောင့် အဲဒီလောက်မဟုတ်ပေမယ့် ကိုယ်က ကိုယ်နဲ့အတူတွဲလုပ်မယ့် လူတွေရဲ့အကြောင်းကိုတော့ သိထားအောင် လုပ်ရပါမယ်။

နောက်တစ်ခုက ကိုယ်နဲ့အတူတွဲလုပ်မယ့် နိုင်ငံခြားသားနဲ့ အလုပ်လုပ်တဲ့အခါ ဒီအတိုင်းမယုံလိုက်ဘဲနဲ့ သူတို့ဆီကလာတဲ့ စာချုပ်စာတမ်းတွေကို မြန်မာဘက်က ရပ်မယ့် တတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ဖို့လိုပါတယ်။ ကိုယ်က နိုင်ငံတကာ အတွေ့အကြုံနည်းသေးတော့ သူတို့ပြောတာကို  အဟုတ်ထင်တတ်ပါတယ်။ တကယ် သူတို့နဲ့ အလုပ်လုပ်တော့မှ သူတို့ချည်းပဲ အကျိုးရသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ- ကုမ္ပဏီတစ်ခု လုပ်မယ်ဆိုရင် သူတို့က Management Committee ဖွဲ့လိုက်မယ်လို့ ပြောပါမယ်။ မြန်မာဘက်ကလည်း မပါဘူး၊ သူတို့ဘက်ကလည်း မပါဘဲ Management Committee ထားပြီး သူတို့ကို အကုန်ပေးလုပ်မယ်ဆိုတာမျိုးပါ။ တကယ်တမ်းကျတော့ သူတို့က အဲဒီ Management Committee က သူတို့လူတွေချည်းပါပဲ။ နောက်ပြီး သူတို့က စာရင်းအမျိုးမျိုးပြပါတယ်။ အဲဒီအခါ ကိုယ်က သူတို့ကို လွှဲထားတော့ ဘာမှလုပ်လို့ မရတော့ပါဘူးဆိုတာ ဖြစ်တတ်ကြုံတတ်ပါတယ်။

နောက်တစ်ခါ ကုမ္ပဏီတောင် Found မလုပ်ရသေးခင် အဲဒီကုမ္ပဏီအတွက် Share Subscritpion Agreement ကို လက်မှတ်ထိုးခိုင်းတာပါ။ မလိုအပ်သေးဘဲ အဲဒီစာချုပ်ချုပ်ခိုင်းတော့ စာချုပ်ဖိုးတွေ ကုန်ပါတယ်။ စာချုပ်ဖိုးက နည်းတာမဟုတ်ပါဘူး။ ကုမ္ပဏီဥပဒေမှာ Memorandum မှာ လက်မှတ်ထိုးတဲ့အခါ သူ့ကုမ္ပဏီမှာ ရှယ်ယာဘယ်လောက်ယူမယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်။ အဲဒါကို ထပ်ပြီး စာမျက်နှာ ၃၀ လောက်ရှိတဲ့ စာချုပ်ကို ထပ်ပြီးလုပ်ခိုင်းတာမျိုးပါ။ ကုမ္ပဏီမှ မတည်ထောင်ရသေးဘဲ ဒါမျိုးနဲ့သက်သက် ပိုက်ဆံရှာတာလည်း ရှိတတ်ပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေကိုလည်း ကြည့်တတ်သိတတ်ရပါမယ်။ ဥပမာ- Call Option တို့၊ Put Option တို့ကို ကြည့်တတ်ရပါမယ်။ Call Option ဆိုတာက ခြောက်လကြာရင် ကိုယ့်ဘက်က ရှယ်ယာတစ်ဝက်ကို အဲဒီအချိန်ပေါက်ဈေးနဲ့ သူ့ကို ရောင်းကိုရောင်းရမယ်။ အဲဒီအချိန်မှာ လုပ်ငန်းက သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ ရှယ်ယာတန်ဖိုးက တစ်ရာရှိပေမဲ့ တကယ်တမ်းတစ်ရာတန်ချင်မှ တန်မယ်။ နောက်ပိုင်းတက်လာမှာကိုး။

နောက်တစ်ခါ Put Option ဆိုတာက သူ့ရှယ်ယာကို ကိုယ့်မှာ ပိုက်ဆံမရှိဘူးဆိုတဲ့အချိန်မှာ ဥပမာ - တစ်ရာတန် ရှယ်ယာကို ၇၀ ဆယ်နဲ့ရောင်းမယ်၊ ၁၅ ရက်အတွင်း ကိုယ်ကဝယ်ရမယ်။ ကိုယ်က တကယ်လို့ မဝယ်နိုင်ဘူးဆိုရင် သူ့ရှယ်ယာကို တခြားတစ်ယောက်ကိုရောင်းမယ်။ အဲဒီအချိန်ကျရင် ကိုယ့်ရှယ်ယာကိုပါ ထုတ်ရောင်းရမယ်။ ဒါကိုကျတော့ Drag Along လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဝယ်မယ့်လူက သူ့ဘက်က လူဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကို တစ်ဖက်လှည့်နဲ့ အမြတ်ထုတ်တာပါ။ ဒါကြောင့် Call Option ၊ Put Option ၊ Drag Along ၊ Tag Along တို့လို နိုင်ငံတကာ ဝေါဟာရတွေနဲ့ ကိုယ့်ကိုလှည့်စားတတ်ပါတယ်။ ဒါက မြန်မာမှာ မရှိပါဘူး။ ဒါတွေက Public Company တွေနဲ့ ဆိုင်ပါတယ်။ ဒါကို သူတို့က Private Company တွေမှာ ထည့်လာတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါမျိုးဆို အလုပ်မလုပ်ရတာက သက်သာပါသေးတယ်။ မဟုတ်ရင် ကိုယ့်ဘက်က ပါသွားပါမယ်။ ဒါကြောင့် မစခင်ကတည်းက မြန်မာဥပဒေကျွမ်းကျင်တဲ့ မြန်မာဥပဒေ ပညာရှင်တွေဆီက Legal Advise အသေအချာ ယူသင့်ပါတယ်။