ကမ္ဘာမှာ တရုတ်နိုင်ငံဟာ အအောင်မြင်ဆုံးအထူးစီးပွားရေးဇုန်ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယနိုင်ငံမှာတော့ အကြီးမားဆုံး အထူးစီးပွားရေးဇုန်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ပထဝီအနေအထားအရ ဒီနိုင်ငံကြီးနှစ်ခုကြားမှာရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် ဆိုတဲ့ အထူးစီးပွားရေးဇုန်တွေ (Special Economic Zone-SEZ) တွေကို အကောင်အထည်ဖော်နေပါတယ်။ SEZ တွေဟာ တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်စေတယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲခေါ်နိုင်စွမ်းရှိတယ်၊ နည်းပညာပိုင်းဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွေ့အကြုံတွေကို ရစေတယ်၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်တယ်၊ လူတစ်ဦးချင်းစီရဲ့ဝင်ငွေတွေ တိုးတက်လာစေသလို စီးပွားရေးလုပ်ငန်းပုံစံတွေ ပြောင်းလဲတိုးပွားလာနိုင်တယ်ဆိုတဲ့ အားသာချက်တွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးအတွက် ကောင်းမွန်တဲ့မြေဆီသြဇာကြွယ်ဝတဲ့ မြေနေရာတွေကို စက်ရုံတွေ တည်ဆောက်ဖို့သုံးလိုက်ရတယ်၊ 'Sexual Harassment' လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှောင့်ယှက်စော်ကားတဲ့အမှုအခင်းတွေ ဖြစ်ပွားလာစေနိုင်တယ်။ အစိုးရအတွက် အခွန်ဘဏ္ဍာဝင်ငွေ ကျဆင်းစေတယ်ဆိုတဲ့ ဟန့်တားချက်တွေလည်း ရှိနေပြန်ပါတယ်။ SEZ အောင်မြင်ဖို့အတွက် အများပြည်သူ၊ ပုဂ္ဂလိကနဲ့ အစိုးရတို့ ဟန်ချက်ညီညီ လက်တွဲ ဆောင်ရွက်ရပါလိမ့်မယ်။ သယံဇာတတွေကို အကျိုးရှိရှိသုံးဖြစ်မှာလား၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မှန်းထားသလောက် ဝင်လာမှာလား၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို မှန်းထားသလို ဖန်တီးပေးနိုင်မှာလား၊ အကျိုးထက်အဆိုးက ပိုများနေမလားဆိုတာတွေကို ထောင့်စေ့အောင် ဆန်းစစ်သုံးသပ်ရပါမယ်။ ချမှတ်ထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အလုပ်သမားဥပဒေ၊ အခွန်ဥပဒေစတာတွေက ခိုင်မာမှု၊ ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ အိန္ဒိယနိုင်ငံရဲ့ SEZ ဆိုင်ရာဖြစ်ရပ်တစ်ခုကိုကြည့်ရင် အိန္ဒိယ IT လုပ်ငန်းအများစုဟာ Non SEZ ကနေ SEZ အဖြစ် အလုံးအရင်းနဲ့ ပြောင်းရွှေ့လိုက်ကြပါတယ်။ SEZ ဆိုရင် အခွန်ရှောင်နိုင်တဲ့အတွက်ကြောင့်ပါ။ အားလုံးသိရှိထားတဲ့အတိုင်း IT Industry ဟာ အိန္ဒိယရဲ့ စီးပွားရေးလုပ်ငန်းကို ကြီးစိုးဦးဆောင်ထားတာ ဖြစ်တော့ အစိုးရအနေနဲ့ အခွန်ဘဏ္ဍာဝင်ငွေမရတော့ဘဲ ဘတ်ဂျက်လိုငွေပြပြီး နောက်ဆုံးမှာ အသုံးစရိတ်တွေ ဖြတ်တောက်ပစ်လိုက်တာနဲ့ အဆုံးသတ်သွားပါတော့တယ်။ အသုံးစရိတ်ဖြတ်တောက်တယ်ဆိုရာမှာလည်း အဓိကလူမှုရေးနဲ့ လူထုဆိုင်ရာကိစ္စတွေအတွက်ဖြစ်လေတော့ ဆင်းရဲသူတွေ ပိုဆင်းရဲတဲ့ကိန်းဆိုက်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာ SEZ တွေအနေနဲ့ စီမံကိန်းတွေကို တစ်ဖက်ကအကောင်အထည်ဖော်ရင်း တစ်ဖက်မှာလည်း ပြင်ဆင်သင့်တာ၊ တားမြစ်သင့်တာတွေ မှန်သမျှ အခိုင်အမာ စနစ်တကျပြင်ဆင်ထားခြင်းဖြင့် သုံးဦးသုံးဖလှယ် အကျိုးရှိစေမယ့်စီးပွားရေးပုံစံသစ်တွေ ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
အယ်ဒီတာ