မြန်မာနိုင်ငံရဲ့ကျွမ်းကျင်မှုကဏ္ဍတွေမှာ ဗြိတိန်ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းတွေနဲ့စပ်လျဉ်းတဲ့ အစီရင်ခံစာကို ယူကေကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု (UK Trade & Investment) က ဇွန်လ ၁၆ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်တွေကတော့ ယူကေပညာရေးနဲ့ သင်တန်းပို့ချမှုဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်မှုကဏ္ဍတွေအပေါ် နားလည်သဘောပေါက်လာစေဖို့နဲ့ အလားအလာရှိတဲ့ အခွင့်အလမ်းကောင်းတွေအတွက် အသိပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။ UKTI အနေနဲ့ Oil & Gas ကဏ္ဍအတွက် အစီရင်ခံစာကို ၂၀၁၅ ခုနှစ်အတွက် ပထမဆုံးထုတ်ပြန်ခဲ့သလို ယခုအစီရင်ခံစာဟာ ဒုတိယမိတ်ဆက်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ အဆိုပါအစီရင်ခံစာထဲက အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာနဲ့ ပတ်သက်ပြီး . . .
မြန်မာနိုင်ငံဟာ ယခုအခါကျယ်ပြန့်တဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရဲ့ စီးပွားရေးကို လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။ ၂၀၁၁ ခုနှစ် အစိုး ရသစ်လက်ထက်မှာ များစွာသော ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာကြောင့် GDP ဟာ တစ်နှစ်ချင်းစီမှာ ၇.၃ ရာခိုင်နှုန်းထက်ပိုပြီး တိုးတက်လာပါတယ်။ ဒါဟာ US နဲ့ EU ရဲ့ Sanction ရုတ်သိမ်းလိုက်တဲ့ရလဒ်ကြောင့်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ အများအပြားဝင်ရောက်လာတာလည်း ပါဝင်ပါတယ်။ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ ၂၀၁၄ စီးပွားရေးစစ်တမ်းအရ အကျင့်ပျက်ခြစားမှုပြီးရင် ဒုတိယအဆိုးဝါးဆုံး အတားအဆီး ဟာ လုပ်ငန်းကျွမ်းကျင်မှု လစ်ဟာနေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ Skills Sector ဆိုင်ရာ အခွင့်အလမ်းတွေက . . .
မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတစ်ယောက်ရဲ့ပျမ်းမျှ Productivity ဟာ ၇၀ ရာခိုင်နှုန်းပဲရှိတာကြောင့် အာရှ နိုင်ငံတွေရဲ့သတ်မှတ်စံနှုန်းအောက် လျော့ကျနေတာ တွေ့ရပါတယ်။ အစီရင်ခံစာဟာ လက်ရှိကျွမ်းကျင်မှုဆိုင်ရာ မူဘောင်နဲ့ ကျွမ်းကျင်မှုတွေပေးနေတဲ့အခြေအနေတွေနဲ့ ဘယ်ကဏ္ဍတွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ထွန်းနေတယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီလို အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တဲ့ အဓိကကဏ္ဍတွေအဖြစ် ဖော်ပြထားတဲ့အပြင် ယင်းကဏ္ဍတွေမှာ လုပ်ငန်းကျွမ်းကျင်မှုတွေ လိုအပ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အလုပ်ဈေးကွက်နဲ့ လိုအပ်တဲ့အရည်အချင်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို Level သုံးခုအနေနဲ့ ပြောရမယ်ဆိုရင်
၁။ နိုင်ငံတော်အဆင့်အမြင်အရဆိုရင် လိုအပ်တာက လုပ်သားထုရဲ့ လုပ်ကိုင်နိုင်စွမ်းတိုးတက်လာဖို့ဖြစ်ပါတယ်။
၂။ စီးပွားရေးဆိုင်ရာရှုထောင့်ကဆိုရင် ဝန်ထမ်းခေါ်ယူစုဆောင်းတဲ့ဖြစ်စဉ်၊ လုပ်ခလစာနည်းပါးတာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အသေးအမွှားလေးတွေကနေ အစပြုပြီး ရှည်ကြာနေတာကြောင့် နေ့စဉ်နေ့တိုင်းမှာ ကျွမ်းကျင်လုပ်သားပြတ်လပ်မှုအခက်အခဲကို ရင်ဆိုင်နေရတာကို တွေ့မြင်ရမှာပါ။
၃။ တစ်ဦးချင်းအလိုက်အမြင်ကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းပိုင်းဆိုင်ရာ၊ Soft Skills ပိုင်း ဆိုင်ရာတွေမှာ Invest လုပ်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ယူဖို့လိုပါတယ်။ နိုင်ငံတကာဆိုင်ရာ အရည်အသွေးတွေ လိုအပ်သလို ပိုပြီးလက်တွေ့ကျတဲ့ Training တွေ လိုအပ်ပါတယ်။
UKTI ရဲ့လုပ်ဆောင်နေမှုအပိုင်း
ယူကေဟာ ပညာရေးနဲ့ သင်တန်းပို့ချမှုကဏ္ဍမှာ ကမ္ဘာ့ရှေ့တန်းက ဦးဆောင်နေပြီး အဲဒီကဏ္ဍက တင်ပို့ရောင်း ချမှုဟာ ယူကေနိုင်ငံစီးပွားရေးအတွက် လက်ရှိမှာ ပေါင် ၁၄.၅ ဘီလီယံရှာဖွေပေးနေပါတယ်။ ဗြိတိသျှသင်တန်းပို့ချသူအများစုဟာ အာဆီယံဒေသတွင်းမှာ ဝန်ဆောင်မှုတွေပေးနေပြီး အခုအစီရင်ခံစာက မြန်မာနိုင်ငံက ကမ်းလှမ်းနေတဲ့ တကယ့်အခွင့်အလမ်းကောင်းတွေကို သူတို့အနေနဲ့သိရှိနိုင်ဖို့ ပံ့ပိုးကူညီပေးရာ ရောက်ပါတယ်။
ဗြိတိသျှကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ လုပ်သားထုအတွက် ကျွမ်းကျင်မှုတွေကို ကူညီမြှင့်တင်ပေးတဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်မှာ ဗြိတိသျှကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ပိုမိုမြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဒါရိုက်တာ Ms Lisa Weedon ကလည်းပြောကြားခဲ့ပါတယ်။
UKTI Report နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက https://www.gov.uk/government/uploads/system/uploads/attachment_data/file/437096/Education_Burma.pdf ဆိုပြီး Download ဆွဲယူနိုင်ပါတယ်။
မို့မို့လတ်မောင်