မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (IP Association)

IPAssociation1

မြန်မာနိုင်ငံဟာ တစ်နေ့တခြား စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကုန်အမှတ်တံဆိပ်တွေကို အတုအပ၊ ဆင်တူယိုးမှားလုပ်တာတွေကို ကာကွယ်နိုင်ဖို့အတွက် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်မှတ်ပုံတင် ထားဖို့လိုလာပါတယ်။ ဒါကြောင့် လက်ရှိမှာ အစိုးရနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ပေါ်ထွက်လာဖို့အတွက် အဓိကထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

[caption id="attachment_26024" align="alignnone" width="370"]ဦးကျော်ကျော်ဝင်း[/caption]

အသင်းဖြစ်ပေါ်လာပုံနဲ့ လက်ရှိဆောင်ရွက်နေတာတွေ . . .

မြန်မာပြည်မှာ IP အသင်းဖြစ်ပေါ်လာဖို့အတွက် ၂၀၁၂ ခုနှစ်လောက်ကနေစတင်ပြီး ဥပဒေပညာရှင်တွေ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲ ပူးပေါင်းလုပ်တဲ့အခါမှာ အသင်းဖြစ်ပေါ်လာဖို့ အခက်အခဲတွေ အများကြီးရှိခဲ့တာကြောင့် နောက်ပိုင်းမှာ သူတို့က ဥပဒေပညာရှင်တွေချည်းပဲ အသင်းဖွဲ့လို့ အဆင်မပြေဘူး၊ လုပ်ငန်းရှင်တွေလည်း ပါမှဖြစ်မယ်ဆိုပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံးလုပ်ငန်းရှင်တွေနဲ့ ဥပဒေပညာရှင်တွေ အချိုးညီစွာပူးပေါင်းပြီး အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အသင်းပေါ်ပေါက်လာဖို့ ဆောင်ရွက်ပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်၊ ဇွန်လလောက်မှာ အသင်းကို ထူထောင်ခွင့်ရခဲ့ပါတယ်။ အသင်းဖြစ်မြောက်လာပြီး အသင်းရဲ့လှုပ်ရှားမှုတွေကို တစ်နှစ်လောက် လုပ်ပြီးတဲ့အခါမှာ ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိဆောင်ရွက်နေတာတွေ . . .

လက်ရှိမြန်မာပြည်မှာ IP ဥပဒေတွေ ထွက်ပေါ်လာဖို့အတွက် လုပ်ဆောင်နေပါတယ်။ IP ဥပဒေတွေဆိုတာက စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ တီထွင်မှုမှတ်ပုံတင်ခြင်းနဲ့ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုတဲ့ အခြေခံဥပဒေလေးခု ဖြစ်ပါတယ်။ ဒီလေးခုကို တရားဝင်ထုတ်ပြန်နိုင်ဖို့အတွက် အသင်းအနေနဲ့ နိုင်ငံတော်က ဒီဥပဒေတွေဖြစ်မြောက်ရေးအတွက် ဦးစီးအဖွဲ့အနေနဲ့ တာဝန်ပေးထားတဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက IP ဥပဒေဖြစ်ပေါ်လာဖို့ တာဝန်ရှိတဲ့သူတွေနဲ့ပူးပေါင်းပြီး ဒီဥပဒေတွေကို ရေးဆွဲခဲ့ကြပါတယ်။ ဒီလိုရေးဆွဲတဲ့အခါမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ တန်းတူဖြစ်ဖို့နဲ့ ကိုယ့်တိုင်းပြည်က လူတွေလည်း ဒီဥပဒေနဲ့ပတ်သက်ပြီး ကောင်းမွန်စွာကျင့်သုံးနိုင်ဖို့အတွက် နှစ်ဦးနှစ်ဖက် မျှမျှတတ စဉ်းစားပြီး ရေးဆွဲခဲ့ပါတယ်။ သိပ္ပံနှင့်နည်းပညာအဖွဲ့အစည်းကို ပြည်ပအဖွဲ့အစည်းတွေက ကူညီပြီးတော့ သင်တန်းပေးတာတွေ၊ နည်းပေးလမ်းပြ လုပ်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဝန်ထမ်းတွေက ဥပဒေရေးဆွဲတဲ့အခါမှာ သီအိုရီဆန်နေတဲ့အတွက် ကျွန်တော်တို့အသင်းမှာပါတဲ့ ဥပဒေပညာရှင်တွေက အကြံဉာဏ်ပေးတာတွေ ပြင်ဆင်တာတွေ ရှိခဲ့ပါတယ်။

ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်ပြခဲ့တာကြောင့် လွှတ်တော်ကနေ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ဥပဒေမူကြမ်းဆိုပြီး သတင်းစာကနေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မူကြမ်းတွေကို ပြန်ဖတ်တဲ့အခါမှာ မူလကသေသေချာချာ ဆွေးနွေးထားခဲ့တဲ့ တချို့အချက်တွေက မပါလာတာတွေကို ပြန်တွေ့ရတဲ့အတွက် ဒါတွေကိုပြန်ထည့်ပြီး လွှတ်တော်ကို ပြန်လည်တင်ပြထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ . . .

ကျွန်တော်တို့က ကမ္ဘာ့အသိဉာဏ်ပစ္စည်းဆိုင်ရာအဖွဲ့ချုပ် (WIPO) မှာ အဖွဲ့ဝင်ဖြစ်နေတဲ့အခါကျတော့ IP လုပ်ငန်းတွေဟာ WIPO နဲ့ Inline ဖြစ်အောင် သူတို့ချမှတ်ထားတဲ့ Activity တွေကို လိုက်ပါလုပ်ဆောင်တယ်။ JICA ဆိုတဲ့ ဂျပန်အဖွဲ့အစည်းကလည်း ဥပဒေပြဋ္ဌာန်းဖို့အတွက် မြန်မာပြည်မှာ ရုံးခန်းလာဖွင့်ထားပြီး လက်ရှိမှာ မြန်မာပြည်မှာ ဒီဥပဒေတွေဖြစ်မြောက်ရေးအတွက် ဦးစီးအဖွဲ့ဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကို အကူအညီပေးနေတာရှိတယ်။ ဒါအပြင် ပြင်သစ်၊ ဆွစ်ဇာလန်၊ အမေရိကန်စတဲ့နိုင်ငံတွေက ပညာရှင်တွေကလည်း ရံဖန်ရံခါလာပြီး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လာလုပ်ပေးနေပါတယ်။ ဒီလိုပွဲတွေ အသင်းကို ဖိတ်ကြားခံရတဲ့အခါမှာ အသင်းက ဥပဒေပညာရှင်တွေက အဲဒီသင်တန်းတွေမှာ သွားရောက်ပါဝင်ပြီး ဆွေးနွေးတာတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါမှာ ပါဝင်တာတွေ ပြုလုပ်နေပါတယ်။

ဘာကြောင့် မြန်မာပြည်မှာ IP ဥပဒေရှိသင့်တာလဲ . . .

IP ဥပဒေဟာ မြန်မာပြည်မှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရှိသင့်တာဖြစ်ပါတယ်။ ဒီဥပဒေဟာ စီးပွားရေး လုပ်တဲ့အခါမှာ စည်းမဲ့ကမ်းမဲ့ မလုပ်ရအောင် ချမှတ်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒါအပြင် လူတွေစဉ်းစား တွေးခေါ်ပြီးတော့ လုပ်လိုက်တဲ့အပေါ်မှာ သူရသင့်ရထိုက်တဲ့ အခွင့်အရေးအပြည့်အဝရဖို့လည်း ဒီဥပဒေက အကာအကွယ်ပေးတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ GDP ကို ကြည့်ရင်လည်း ရိုးရိုးထုတ်ကုန်တွေကရတဲ့ အကျိုးအမြတ်ထက် IP ဥပဒေကနေ အကာအကွယ်ပေးထားတဲ့အတွက် တိုင်းပြည်အနေနဲ့ ရသင့်ရထိုက်တဲ့အပေါ်မှာ ပြန်ရသွားတဲ့ အကျိုးအမြတ်က ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဥပမာ - မြန်မာ့သနပ်ခါးကို မြန်မာကပိုင်ပါတယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာထားလိုက်ရင် သနပ်ခါးနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုတွေ လုပ်တိုင်းလုပ်တိုင်းမှာ မြန်မာနိုင်ငံကို သူတို့အခွန်ပေးဆောင်ရမယ့် အစိတ်အပိုင်းတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်တတ်ကိုင်တတ်တဲ့အပေါ်မှာ အများကြီး မူတည်နေမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ဖက်ရှင်ဒီဇိုင်း၊ ရွာငံကော်ဖီ၊ စိန်တစ်လုံး၊ ပုသိမ်ထီး၊ မော်လမြိုင်ကျွဲကော၊ ပုဂံယွန်းထည် စတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒေသဆိုင်ရာပစ္စည်းတွေ၊ လူတစ်ဦးတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ပရိဘောဂဒီဇိုင်း၊ ဖက်ရှင်ဒီဇိုင်းစတာတွေကို IP ဥပဒေအရ မှတ်ပုံတင်ထားမယ်ဆိုရင် တစ်ကမ္ဘာလုံးကို တင်ပို့တဲ့အခါမှာပဲဖြစ်ဖြစ် ကုန်သွယ်ဖြန့်ချိတဲ့အခါမှာဖြစ်ဖြစ် ရမယ့်အကျိုးအမြတ်တွေ ရှိတဲ့အတွက်ကြောင့် ဒါဟာတော်တော့်ကို အရေးပါပါတယ်။

IPAssociation2

IP နဲ့ ပတ်သက်တဲ့ Case Study တွေ . . .

Case Study အနေနဲ့ ကိုယ့်တိုင်းပြည်က ပစ္စည်းအခိုးခံရတဲ့ကိစ္စက နည်းပါတယ်။ နည်းတယ်လို့ ပြောတာကလည်း ကိုယ့်တိုင်းပြည်က ပစ္စည်းအခိုးခံနေရတာကို မသိတာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်နိုင်ငံကနေပြီးတော့ မြန်မာပြည်သူလူထု ကြိုက်နှစ်သက်တဲ့ မုန့်ဟင်းခါး၊ လက်ဖက်စတဲ့ မြန်မာ့စားသောက်ကုန်တွေကို နယ်စပ်ကနေ နိုင်ငံတကာကို မြန်မာနာမည်နဲ့ ဖြန့်ချိနေတာတွေရှိပါတယ်။ ကျွန်တော်တို့ကလည်း ဒါတွေနဲ့ပတ်သက်လို့ ဘာသိဘာသာပဲ နေနေတဲ့အခါကျတော့ ဒါတွေအရေးကြီးမှန်း မသိဘူးဖြစ်နေပါတယ်။

သူများတံဆိပ်တွေ ကိုယ့်တိုင်းပြည်ထဲမှာ လာပြီးဖြစ်သွားတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ - Johnnie Walker တံဆိပ်နဲ့ Johnnie Walker လျက်ဆားလိုမျိုးတွေ၊ KFC ၊ Starbuck စတဲ့ဟာမျိုးတွေ ဖြစ်နေတာတွေရှိပါတယ်။ ဒါတွေက ရယ်ဖို့လည်း ကောင်းသလို သိက္ခာလည်း ကျစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးကိစ္စတွေ ဘာလို့ဖြစ်ရတာလည်းဆိုရင် အဓိကအနေနဲ့ ရှေ့နေတချို့က ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ကိုဝင်ပြီးတော့ လုပ်ငန်းရှင်တွေကို ကိုယ်ပိုက်ဆံရရင် ပြီးရောဆိုပြီး လုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တရားဆိုင်တဲ့အခါမှာ ကိုယ့်တိုင်းပြည်က လူတွေပဲ ရှုံးသွားရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာကျင့်သုံးနေတဲ့ IP ဥပဒေကို မသိတဲ့အတွက် ဖြစ်ကြတာ ဖြစ်ပါတယ်။

IP ဥပဒေဟာ မြန်မာပြည်မှာ ဘယ်အချိန်လောက် အတည်ဖြစ်လာနိုင်မလဲ . . .

ဒါဟာ ကျွန်တော်တို့ အဓိကထားလုပ်ဆောင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဥပဒေထွက်လာဖို့အတွက် ကျွန်တော်တို့ လုပ်ငန်းရှင်တွေအားလုံးက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီဥပဒေထွက်ဖို့ထက် မှန်ကန်တဲ့ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် လောလောဆယ် လွှတ်တော်မှာ သွားရောက်ဆွေးနွေးနိုင်ဖို့ကို မျှော်လင့်နေတယ်။ ဒီလိုသွားရောက်ဆွေးနွေးပြီးတော့မှ ပထမဆုံးဥပဒေမူကြမ်းကို ပြည်သူလူထုကို တင်ပြပြီး ဥပဒေဖြစ်ပြီးသွားပြီဆိုရင် နည်းဥပဒေထုတ်ဖို့ တစ်ခါထပ်ကြိုးစားရမှာပါ။ ဒီဥပဒေမထွက်ခင် ဥပဒေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ လုပ်ငန်းရှင်တွေကို ဥပဒေအကြောင်းသိအောင် လုပ်သွားမယ်။ ဥပဒေထွက်လာတဲ့အခါမှာလည်း လုပ်ငန်းရှင်နဲ့ ဥပဒေကြားထဲမှာ ဝန်ဆောင်မှုပေးမယ့် ရှေ့နေတွေ၊ ဥပဒေအကျိုးဆောင်တွေ ရှိဖို့လိုလာတယ်။

ဒါကြောင့် IP ဥပဒေထွက်လာဖို့လိုသလို လုပ်ငန်းရှင်တွေ ဗဟုသုတရှိအောင် ဝန်ဆောင်မှုပေးမယ့်လူတွေ ကျွမ်းကျင်အောင် စတာတွေအကုန်လုံးကို လုပ်ပေးသွားမှာဖြစ်ပါတယ်။

IP ဆိုတဲ့ ကိုယ့်ရဲ့စိတ်ကူးဉာဏ်ထဲက ထွက်လာတဲ့ ပစ္စည်းတစ်ခုကို မှတ်ပုံတင်လိုက်တာနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှု ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် မြန်မာပြည်မှာ IP နဲ့ပတ်သက်ပြီး မှတ်ပုံတင်ဌာနက မရှိသေးတဲ့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာပဲ သွားပြီးမှတ်ပုံတင်ကြရပါတယ်။ ဒီဌာနက IP ဥပဒေနဲ့ ပတ်သက်လို့ လာပြီးမှတ်ပုံတင်တဲ့အခါမှာ ဥပဒေကြောင်းအရ ကိုက်ညီမှုရှိမရှိဆိုတာတွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ စုံစမ်းစစ်ဆေးတာတွေ၊ မှတ်ပုံတင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာမရှိဘူး။ သူတို့ကလာပြီး Declare လုပ်လိုက်တာနဲ့ Declaration ကို မှတ်တမ်းတင်ပေးထားတာပဲ ရှိနေသေးပါတယ်။

IP ဥပဒေထွက်လာတဲ့အခါမှာ စာချုပ်စာတမ်းရုံးမှာ မှတ်တမ်းတင်ထားတဲ့ ကုမ္ပဏီတွေ ပြန်လည်မှတ်ပုံတင်ဖို့ လို မလို . . .

လိုအပ်ပါတယ်။ ဒါမှ IP ဥပဒေရဲ့ အမိုးအကာအောက်ကို အားလုံးပြန်ပြီး ရောက်လာမှာဖြစ်ပါတယ်။ ဒီအတွက်ကို လက်ရှိမှာ အဓိကထားဆွေးနွေးနေပါတယ်။ လူတစ်ယောက်က ကုမ္ပဏီမှတ်ပုံတင်ထားလို့ ကိုယ့်ဟာဆိုပြီး မေ့လျော့နေလိုက်လို့ရှိရင် ဒီဥပဒေအသစ် ပေါ်လာတဲ့အခါမှာ ပြန်လည်မှတ်ပုံမတင်ဘူးဆိုရင် နောက်မှတ်ပုံတင်တဲ့လူက ပိုင်သွားမှာဖြစ်ပါတယ်။ သူများပိုင်သွားတဲ့အခါမှ သူကသိပြီးတော့ တရားဥပဒေကြောင်းအရ နောက်ကလိုက်ပြီးဖြေရှင်းမယ်ဆိုရင် သူကအရင်ကတည်းက သုံးလည်းသုံးနေတယ်။ ကြေလည်းကြေညာထားပြီးသား ဖြစ်နေတဲ့အတွက် ပြန်ရမှာ ဖြစ်ပေမယ့် ကာလတစ်ခုကြာအောင် အမှုရင်ဆိုင်ရနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က ပြည်သူလူထုသိအောင် ချပြသွားမှာဖြစ်ပါတယ်။

လက်ရှိ IP အသင်းကို လူဘယ်နှယောက်နဲ့ ဖွဲ့စည်းထားပါသလဲ . . .

လူအယောက် ၂၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ လက်ရှိအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းကနေ မြန်မာနိုင်ငံအသိပညာပစ္စည်း လုပ်ငန်းရှင်များအသင်းဆိုပြီး မြန်မာနိုင်ငံအဆင့်ကို ဖွဲ့သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ မန္တလေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ ပုသိမ်စတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဆိုပြီး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရန်ကုန်နဲ့မန္တလေးမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ရှိနေပါတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် . . .

ကျွန်တော်တို့ လက်ရှိပြောင်းလဲသွားတဲ့ အစိုးရဟာ နိုင်ငံတကာနဲ့ အံဝင်ခွင်ကျဖြစ်အောင် စနစ်တွေကို ဖန်တီးတော့မှာ ဖြစ်တာကြောင့် ကျွန်တော်တို့အရင်အစိုးရတွေတုန်းက ကိုယ့်မြန်မာနိုင်ငံပဲ ထီးထီးကြီး ရပ်တည်လာတဲ့အခါမှာ ကိုယ့်ပြည်တွင်းမှာပဲ မှန်ကန်တယ်ဆိုတဲ့ Local Rule တွေက ပြည်ပနိုင်ငံနဲ့ယှဉ်လာရင် မှန်မှာမဟုတ်တော့ဘူး။ ဒါကြောင့် အခုအချိန်မှာ လုပ်ငန်းရှင်တော်တော်များများဟာ နိုင်ငံတကာဥပဒေတွေနဲ့ အံဝင်ခွင်ကျအောင် ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေကို ပြန်ပြီးတည့်မတ်ထားဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်အသိပေးချင်ပါတယ်ခင်ဗျာ။

ထက်ထက်