မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနဲ့ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်မှုကိုအဓိကပံ့ပိုးကူညီမယ့် ချေးငွေသစ် သဘောတူညီမှုနှစ်ခုကို UOB လက်မှတ်ရေးထိုး

uob3 uob2 ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့  United Overseas Bank Group (UOB)ရဲ့ ရန်ကုန်ရုံးခွဲ တရားဝင်ဖွင့်လှစ်တဲ့အခမ်အနားမှာ  မြန်မာနိုင်ငံရဲ့  မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနဲ့ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်မှုကိုအထောက်အပံ့ဖြစ်စေမယ့် ငွေချေးသဘောတူညီမှုနှစ်ခုကို UOB က လက်မှတ်ရေးထိုးခဲ့ပါတယ်။ UOB ရန်ကုန်ရုံးခွဲ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို စင်ကာပူနိုင်ငံဒုတိယဝန်ကြီးချုပ် Mr Teo Chee Hean၊ မြန်မာနိုင်ငံဘဏ္ဍာရေးဌာနဝန်ကြီးဦးဝင်းရှိန် နဲ့ ဗဟိုဘဏ်ဥက္ကဌဦးကျော်ကျော်မောင်တို့ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါတယ်။ Cycle & Carriage Automobile Myanmar ကုမ္ပဏီနဲ့ရေးထိုးတဲ့UOB ရဲ့ ချေးငွေသဘောတူညီချက်ဟာ ရန်ကုန်မြို့မှာ ကားအရောင်းပြခန်း၊ မော်တော်ကားပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံနှစ်ခုဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို ကူညီပံ့ပိုးပေးသွားဖို့ဖြစ်ပါတယ်။  ဒါအပြင့် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်များပြားလာတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက်လည်းတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ UOB ဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်မှုကို ကူညီစိတ်အားထက်သန်မှုကို ပြသသည့်အနေဖြင့် ရန်ကုန်မြို့လယ်မှာရှိတဲ့ Summit Parkview ဟိုတယ်အတွက် အခန်းပေါင်း ၂၀၀ ထပ်မံတိုးချဲ့မယ့် System-Bilt Myanmar ကိုချေးငွေကူညီပေးခဲ့ပါတယ်။ Summit Parkview ဟိုတယ်ဟာ ပြီးခဲ့တဲ့ နှစ်လအတွင်း UOB မှ ငွေကြေးအထောက်အပံ့ရထားတဲ့ ဒုတိယမြောက်ဟိုတယ်လည်းဖြစ်ပါတယ်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မြို့ရှိဟိုတယ်တစ်ခု ပြုပြင်မွမ်းမံရန် ပြင်သစ်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ Rangoon Excelsior Company Limited ကို UOB မှ ကူညီခဲ့တာဖြစ်ပါတယ်။ UOB အုပ်စုရဲ့ဒုတိယဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူMr Wee Ee Cheong က UOB အနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်လုပ်ငန်းလည်ပတ်ရပ်တည်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်းပြောကြားခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့က ရေးထိုးခဲ့တဲ့ ချေးငွေအသစ် သဘောတူညီမှုတွေအပြင် UOB ဟာ စွမ်းအင်ကဏ္ဍမှာ လုပ်ကိုင်ဆောင်ရွက် နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်းလိုအပ်တဲ့ချေးငွေတွေကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ စင်ကာပူနိုင်ငံမှ Asiatech Energy လုပ်ငန်းစုလည်း တစ်ခု အပါအဝင်ဖြစ်ကာ Asiatech Energy ဟာ၂၀၁၄ ခုနှစ် အစောပိုင်းကာလမှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍကိုတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မယ့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံကိုမွန်ပြည်နယ်မှာ တည်ဆောက်ခဲ့တဲ့ ပထမဦးဆုံးစင်ကာပူကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါတယ်။ UOB ဟာ လာမယ့် ၁၂လအတွင်း သူ့ရဲ့ မိတ်ဆွေလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း၃၀၀ တန်ဖိုး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အဲဒီလုပ်ငန်းတွေထဲမှာ  ဥရောပနဲ့ အာရှဒေသတွင်အခြေစိုက် လုပ်ငန်းတွေ ပါဝင်ပြီးရင်းနှီးမြှုပ်နှံမှုတွေကိုစက်ရုံတည်ဆောက်ခြင်း၊ ဟိုတယ်တည်ဆောက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာအဆောက်အဦတည်ဆောက်ခြင်းတွေမှာ အဓိကပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ UOB က ၂၀၁၃ ခုနှစ်မှာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေးဌာနကိုဖွင့်လှစ်နိုင်ခဲ့ပြီး သူ့ရဲ့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေချဲ့ထွင်ရာတဲ့နေရာမှာ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။  uob1